“Monday Blues and Heart Attack” (August 2023)

“လူအများစုကြောက်ကြတဲ့ တနင်္လာနေ့တွေမှာ နှလုံးရုတ်တရက်ထဖောက်နိုင်ခြေ များသလား”

လူအများစုဟာ တနင်္လာနေ့ရောက်ရင် မပျော်ကြပါဘူး…

ဒီလိုမျိုး တနင်္လာနေ့ရောက်တဲ့အခါ စိတ်မပျော်မရွှင်ဖြစ်ခြင်း (Monday blues) ဟာ နှလုံး ရုတ်တရက်ထဖောက်နိုင်ခြေကို များစေတယ်လို့ လေ့လာချက်တစ်ခုက ဆိုပါတယ်။

နှလုံး ရုတ်တရက်ထဖောက်ခြင်း (heart attack) ဟာ သေဆုံးမှုကိုဖြစ်စေတဲ့ အဖြစ်များဆုံး ရောဂါများထဲမှ တစ်ခုလည်း ဖြစ်ပါတယ်။

လူအချို့က တနင်္လာနေ့မှာ သီတင်းပတ်အသစ် စတင်ခြင်းကဲ့သို့ တက်ကြွစွာနိုးထလာတတ်ပေမယ့်၊ တချို့တလေကတော့ ရှည်လျားတဲ့ တစ်ပတ်တာကာလကို ဖြတ်သန်းရတော့မယ်ဆိုပြီး စိုးရိမ်ကြောင့်ကြတတ်ကြပါတယ်။

မန်ချက်စတာမြို့ရှိ British Cardiovascular Society (BCS) ကွန်ဖရင့်မှာ တင်ပြခဲ့တဲ့ လေ့လာမှုအသစ်အရ တနင်္လာနေ့တွေမှာ ပြင်းထန်တဲ့ heart attack ရနိုင်ခြေ ပိုများတယ်လို့ ဆိုပါတယ်။

ဒါကြောင့် တနင်္လာနေ့တွေမှာ နှလုံးရောဂါပိုဖြစ်ပွားရတဲ့ အကြောင်းရင်း အတိအကျရှိသလား၊ တနင်္လာနေ့တွေနဲ့ heart attack ကြား ဘယ်လိုဆက်စပ်နေလဲဆိုတာ ဆက်ဖတ်ကြည့်ရအောင်ပါ။

..

..

🫀တနင်္လာနေ့တွေမှာ ပြင်းထန်တဲ့ heart attack ရနိုင်ခြေက ပိုများသလား၊ ဘယ်လိုဆက်စပ်နေလဲ

အပြင်းထန်ဆုံး heart attack အမျိုးအစားကို ST-segment elevation myocardial infarction (STEMI) လို့ ခေါ်ကြပါတယ်။ နှလုံးကို သွေးထောက်ပံ့တဲ့ သွေးကြောတစ်ခု (သို့မဟုတ်) တစ်ခုထက်ပိုတဲ့သွေးကြောတွေ ပိတ်ဆို့သွားတဲ့အခါမှာ ဖြစ်ပေါ်တတ်ပြီး မကုသဘဲထားလိုက်ရင် ပိုဆိုးရွားတဲ့အကျိုးဆက်တွေ ရှိလာနိုင်ပါတယ်။

လေ့လာမှုတွေအရ တနင်္လာနေ့တွေမှာ STEMI heart attack ရတဲ့ လူနာအရေအတွက်ဟာ အခြားရက်တွေနဲ့ နှိုင်းယှဉ်လိုက်ရင် သိသိသာသာများနေတာတွေ့ရပါတယ်။

အလုပ်လုပ်ရတဲ့ ရက်သတ္တပတ်ရဲ့အစ တနင်္လာနေ့တွေမှာ STEMI ဖြစ်ပွားနှုန်းဟာ ၁၃ ရာခိုင်နှုန်းတိုးလာပါတယ်။ တနင်္လာနေ့တွေမှာ heart attack ရနိုင်ခြေ ပိုများကြောင်း တွေ့ရှိရတာဟာ အခြားရက်တွေမှာ heart attack ရနိုင်ခြေမရှိဘူးလို့ ဆိုလိုတာတော့ မဟုတ်ပါဘူး။

..

..

🫀တနင်္လာနေ့တွေမှာ ဘာကြောင့် heart attack ဖြစ်နိုင်ခြေ ပိုတိုးလာရတာလဲ

Heart attack ရနိုင်ခြေပိုများတဲ့ တိကျတဲ့အကြောင်းရင်းကိုတော့ မသိကြပါဘူး။ လေ့လာမှုအချို့ကတော့ ခန္ဓာကိုယ်ရဲ့ circadian စည်းချက်နဲ့ heart attack ရနိုင်ခြေ ဆက်စပ်မှုကို တွေ့ရှိခဲ့ပါတယ်။

ဖြစ်နိုင်ဖွယ် အကြောင်းရင်းတွေကို ရှာကြည့်ကြတဲ့အခါမှာတော့… တနင်္လာနေ့ (သို့) ရက်သတ္တပတ်ရဲ့အခြားသောနေ့တွေကြောင့်မဟုတ်ဘဲ လူတစ်ဦးချင်းစီရဲ့ စိတ်ဖိစီးမှုတွေ ရုတ်တရက် မြင့်တက်လာခြင်းကြောင့် ဖြစ်တယ်လို့ တွေ့ရပါတယ်။

ပိတ်ရက်တွေပြီးဆုံးပြီးနောက် စိတ်ဖိစီးမှုတွေနဲ့ ထိုင်နေရတဲ့ အလုပ်တွေဆီကို ပြန်သွားရတဲ့အခါ heart attack ရနိုင်ခြေ ပိုများလာတာပါ။ စိတ်ဖိစီးမှုက cortisol နဲ့ အခြားဟော်မုန်းတွေကို တိုးလာစေပြီး နှလုံးရောဂါဖြစ်ပွားနိုင်တဲ့ အကြောင်းရင်းတစ်ခုဖြစ်တဲ့ သွေးတိုးခြင်းနဲ့ သွေးတွင်းသကြားဓာတ် မြင့်တက်ခြင်းကိုလည်း ဖြစ်စေတယ်လို့ ဆိုပါတယ်။

ဆေးလိပ်သောက်သူတွေမှာလည်း နှလုံးခုန်နှုန်း မြန်လာတတ်ပါတယ်။ ကြာရှည်စိတ်ဖိစီးနေတာနဲ့ ရုတ်တရက် မြင့်မားတဲ့စိတ်ဖိစီးမှုဒဏ်ခံလိုက်ရတာ နှစ်ခုစလုံးဟာ ကျွန်ုပ်တို့ရဲ့နှလုံးအတွက် တူညီစွာအန္တရာယ်ရှိပါတယ်။

ပိတ်ရက်အကြာကြီး ပိတ်ပြီးနောက် အလုပ်ပြန်စလုပ်ရတဲ့ ရက်တွေမှာလည်း ရုတ်တရက်စိတ်ဖိစီးမှုကို ခံစားရနိုင်ပါတယ်။ ဆေးလိပ်သောက်ခြင်း၊ ကိုယ်လက်လှုပ်ရှားမှုမရှိခြင်းနဲ့ အခြားလူနေမှုပုံစံတွေဟာလည်း နှလုံးကို ဖိအားပိုဖြစ်စေနိုင်ပြီး heart attack ကို ဖြစ်စေနိုင်ပါတယ်။

..

..

🫀 ဒီလိုအချက်တွေကြောင့် အလုပ်နဲ့ ဘဝဟာ ဟန်ချက်ညီနေဖို့ အရေးကြီးပါတယ်

အဆက်မပြတ် စိတ်ဖိစီးတာနဲ့ လုပ်ငန်းခွင်ဘဝ ဟန်ချက်ညီမှုမရှိခြင်းက နှလုံးရောဂါအပြင် အခြားရောဂါများစွာကိုလည်း ဖြစ်စေနိုင်ပါတယ်။ ပရော်ဖက်ရှင်နယ်အလုပ်နဲ့ ကိုယ်ရေးကိုယ်တာဘဝအကြား ဟန်ချက်ညီညီလုပ်ဆောင်မှုက အရေးပါပါတယ်။

အလုပ်အလွန်အကျွံလုပ်ခြင်း (သို့) ရုပ်ပိုင်းဆိုင်ရာနဲ့ စိတ်ပိုင်းဆိုင်ရာကျန်းမာရေးကို လျစ်လျူရှုခြင်းက သင့်ရဲ့လုပ်ဆောင်နိုင်စွမ်းကို ထိခိုက်စေရုံသာမက နှလုံးရောဂါဖြစ်နိုင်ခြေကိုလည်း များစေပါတယ်။

အလုပ်နဲ့ဘဝ ဟန်ချက်ညီဖို့နဲ့ စိတ်ဖိစီးမှုကို စီမံခန့်ခွဲဖို့ဟာ အလွန်အရေးကြီးတယ်လို့ ကျွမ်းကျင်သူတွေက ပြောကြပါတယ်။ သင့်ကျန်းမာရေးကို ကောင်းမွန်အောင် ထိန်းသိမ်းထားနိုင်စေမယ့် အချို့အလေ့အကျင့်တွေကတော့…

* ကျန်းမာရေးအတွက်သင့်လျော်တဲ့ အစားအစာကိုစားပါ။

* လေ့ကျင့်ခန်း ပုံမှန်လုပ်ပါ။

* စိတ်ဖိစီးမှုကို စီမံခန့်ခွဲပါ။

* ရုတ်တရက် ပြောင်းလဲမှုတွေကို ရှောင်ရှားဖို့ သင့်လျော်တဲ့ လုပ်ရိုးလုပ်စဉ်အတိုင်း လုပ်ဆောင်ပါ။

* အစပျိုးခဲ့မှုတွေကို လျစ်လျူမရှုဘဲ ပြီးဆုံးအောင် လုပ်ဆောင်ပါ။

ဒီအလေ့အကျင့်တွေဟာ လူအများစုကို အထောက်အကူပြုနိုင်ပေမယ့်၊ ကိုယ့်မှာ heart attack ရနိုင်ခြေ ရှိ/မရှိ သိရှိဖို့ရာအတွက်ကတော့ ဆရာဝန်နဲ့ တိုင်ပင်ဆွေးနွေးဖို့တော့ လိုအပ်ပါတယ်။

..

..

🫀 တနင်္လာနေ့တွေမှာ ဖြစ်တတ်တဲ့ စိတ်မပျော်ရွှင်မှုနဲ့ စိတ်ဖိစီးမှုတွေကို ဘယ်လိုကျော်လွှားကြမလဲ

.

(၁) ကြိုတင်စီစဉ်ထားပါ

ကြိုတင်စီစဉ်ထားခြင်းက တစ်ပတ်တာအတွက် အစီအစဉ်တစ်ခုရှိဖို့ ကူညီပေးပါတယ်။ လာမယ့်အပတ်မှာ ဘာတွေလုပ်မယ်ဆိုတာကို အကြိုအချိန်ဇယားတစ်ခုကို ရေးဆွဲထားသင့်ပါတယ်။ တစ်ပတ်တာကို ကြိုတင်စီစဉ်ခြင်းဟာ သင့်အတွက် တစ်ပတ်လုံးအဆင်သင့်ဖြစ်နေဖို့ ကူညီပေးပါတယ်။

လုပ်ရမယ့်စာရင်းကို ကြိုတင်စီစဉ်ထားတဲ့အခါ ကြိုမမြင်နိုင်တဲ့အခြေအနေတွေ ကြုံလာရတဲ့အခါမှာလည်း ပိုမိုကောင်းမွန်စွာ ရင်ဆိုင်ဖြေရှင်းနိုင်ပြီး ယုံကြည်မှုပိုရှိလာစေပါတယ်။

.

(၂) နှစ်သက်တဲ့ လုပ်ဆောင်မှုများကို ဦးစားပေးပါ

နေ့တစ်နေ့ရဲ့အစ (ဒါမှမဟုတ်) အဆုံးမှာ ကိုယ်နှစ်သက်တဲ့ လှုပ်ရှားမှုတွေကို လုပ်ဆောင်ပါ။ ဒီလိုလုပ်ဆောင်ခြင်းဟာ နေ့တစ်နေ့အတွက် ကောင်းမွန်တဲ့ အပြုသဘောဆောင်တဲ့ အရာတွေအတွက် ကူညီပေးနိုင်ပါတယ်။

သင့်တစ်နေ့တာမှာ ပျော်ရွှင်စရာလုပ်ဆောင်ချက်အချို့ကို ထည့်သွင်းခြင်းဖြင့် သင့်တစ်နေ့တာကို ပိုပျော်အောင်လုပ်ပါ။ ဒီလိုလုပ်ခြင်းဟာ စိတ်ဖိစီးမှုကို သက်သာစေပြီး အားလပ်ချိန်မှာလည်း ကိုယ်ဝါသနာပါရာကို လုပ်ဆောင်နိုင်ဖို့ ကူညီပေးပါလိမ့်မယ်။

သူငယ်ချင်းတွေနဲ့ ပဟေဠိကစားခြင်းကနေ စာဖတ်တာ၊ gym ကစားတာအထိ လုပ်နိုင်ပါတယ်။ နေ့စဉ် (သို့မဟုတ်) အပတ်စဉ် ကော်ဖီတစ်ခွက် (သို့မဟုတ်) ပန်းတစ်ပွင့်နဲ့ ကိုယ့်ကိုယ်ကို စိတ်ပျော်ရွှင်အောင် လုပ်ဆောင်နိုင်ပါသေးတယ်။

.

(၃) တစ်ကြိမ်လျှင် အလုပ်တစ်ခုသာလုပ်ပါ

လူအများစု ကျူးလွန်မိတဲ့ အဓိကအမှားတစ်ခုက တစ်နေ့တာကို အလုပ်တွေအများကြီးနဲ့ ဖြတ်သန်းခြင်းဖြစ်ပါတယ်။ တစ်ခါလုပ်ရင် အလုပ်တစ်ခုသာလုပ်သင့်ပြီး အလုပ်များစွာကို တပြိုင်တည်းလုပ်တာမျိုး ရှောင်ကြဉ်သင့်ပါတယ်။ နောက်အလုပ်တစ်ခု မလုပ်ခင် ရှေ့အလုပ်ကို ပြီးပြတ်အောင် လုပ်ထားသင့်ပါတယ်။

.

(၄) မနက်ခင်းမှာ စိတ်တည်ငြိမ်စေတဲ့ ကိုယ်လက်လှုပ်ရှားမှုတွေ လုပ်ပါ

လူအများစုက နှိုးစက်မြည်တာနဲ့မထဘဲ snooze ခလုတ်ကို နှိပ်လေ့ရှိပြီး အလုပ်နောက်ကျတတ်ကြပါတယ်။ အသက်ရှူလေ့ကျင့်ခန်းလုပ်ခြင်း၊ တရားထိုင်ခြင်း၊ ယောဂကျင့်ခြင်းနဲ့ အိပ်ရာမှထပြီးပြီးချင်း အနည်းဆုံး (၁) နာရီလောက် ဖုန်းမသုံးဘဲနေခြင်းတို့ဟာ စိတ်တည်ငြိမ်စေနိုင်ပါတယ်။ မနက်ခင်းမှာ စိတ်ဖိစီးမှုလျော့စေတဲ့ လှုပ်ရှားမှုတွေနဲ့ သင့်တစ်နေ့တာကို စတင်တာဟာ အလောတကြီးလုပ်ဆောင်တာတွေထက် ပိုပြီးစိတ်တည်ငြိမ်စေနိုင်ပါတယ်။

Reference: 📚

https://www.healthshots.com /health-news/monday-blues-may-lead-to-a-heart-attack-know-the-risk/amp

https://www.healthshots.com/mind/happiness-hacks/4-tips-to-stay-calm-on-monday-morning-and-improve-productivity/

❤️ NUG, MOH တယ်လီကျန်းမာ၊ လူတိုင်းအတွက်ပါ ❤️

👉 တယ်လီကျန်းမာတွင် ဆရာဝန်များနှင့် အွန်လိုင်းမှ အခမဲ့တိုင်ပင်ဆွေးနွေးနိုင်ပါသည်

*** ပိတ်ရက်မရှိပါ ***

ကြိုတင်ဘိုကင်ယူရန်အတွက် တယ်လီကျန်းမာ messenger ကို ဆက်သွယ်ပါ

(နေ့စဥ် မနက် ၈ နာရီမှ ည ၁၀ နာရီအထိ)

#nugmoh#telehealth#telemedicine

#teleconsultation#တယ်လီကျန်းမာ#Telekyanmar

#heart_attack_risk

Ministry of Health,

National Unity Government.

Published on: 7 August 2023

Last updated: 7 August 2023