Monkeypox Virus Infection

🐒 မျောက်ကျောက်ရောဂါ (Monkeypox Virus Infection) 🐒

၂၀၂၂ ခုနှစ်၊ မေလ (၂၄) ရက်

မျောက်ကျောက်ရောဂါ (Monkeypox Virus Infection) သည် တိရစ္ဆာန်များမှတစ်ဆင့် သယ်ဆောင်လာသည့် ဗိုင်းရပ်စ်ပိုး Orthopoxvirus က လူသို့ ကူးစက်ရာမှ ဖြစ်ပွားသော ကျောက်ရောဂါတစ်မျိုး ဖြစ်ပါသည်။ ကျောက်ကြီးရောဂါ (Smallpox) လောက် မပြင်းထန်သော်လည်း ရောဂါလက္ခဏာများမှာ ကျောက်ကြီးရောဂါနှင့် ဆင်တူပါသည်။

မျောက်ကျောက်ရောဂါသည် အာဖရိကတိုက် အလယ်ပိုင်းနှင့် အနောက်ပိုင်းနိုင်ငံများတွင် ဖြစ်ပွားမှုများပြားသော ရောဂါဖြစ်ပါသည်။

(၂၀၂၂) ခုနှစ်၊ မေလမတိုင်မီတွင် အာဖရိကတိုက်အပြင်ဘက် နိုင်ငံများ၌ နိုင်ဂျီးရီးယားနိုင်ငံသို့ ခရီးသွားခဲ့သော သူများ (သို့မဟုတ်) မျောက်ကျောက်ရောဂါ အတည်ပြုလူနာများနှင့် ထိတွေ့ထားမိသူများတွင် ကူးစက်ဖြစ်ပွားလာသည်ကို တွေ့ရှိရပါသည်။

(၂၀၂၂) ခုနှစ်၊ မေလတွင်မူ မျောက်ကျောက်ရောဂါ ကူးစက်ခံထားရသောလူနာများကို အင်္ဂလန်နိုင်ငံတွင် (၉) ဦးတွေ့ရှိပြီး ၎င်းတို့အနက် (၆) ဦးမှာ အာဖရိကတိုက်သို့ ခရီးသွားခြင်း မရှိသူများဖြစ်နေပြီး မည်သို့ ကူးစက်ခံရသည်ကိုတော့ မသိရှိရသေးပါ။

မျောက်ကျောက်ဗိုင်းရပ်စ်ပိုးသည် ကြွက်၊ ရှဉ့်၊ မျောက်နှင့် အခြားသော လူမဟုတ်သည့် နို့တိုက်သတ္တဝါများမှတစ်ဆင့် ကူးစက်ဖြစ်ပွားစေနိုင်ပါသည်။

🙈 ရောဂါကူးစက်နိုင်သောနည်းလမ်းများ

(က) တိရစ္ဆာန်မှတစ်ဆင့် လူကို ကူးစက်ခြင်း

  • ရောဂါကူးစက်ခံထားရသော တိရစ္ဆာန်များ၏ သွေး၊ ခန္ဓာကိုယ်မှထွက်သော အရည်များ၊ (သို့မဟုတ်) အနာများအား ထိတွေ့ကိုင်တွယ်မိခြင်း
  • ရောဂါကူးစက်ခံထားရသည့် တိရစ္ဆာန်၏ အသားနှင့် အခြားတိရစ္ဆာန်ထွက်ပစ္စည်းများကို သေချာစွာ ကျက်အောင် မချက်ဘဲ စားသုံးမိခြင်း
  • တောအုပ်ထဲ သို့မဟုတ် တောအုပ်အနီး နေထိုင်သူများတွင် ရောဂါကူးစက်ခံထားရသည့် တိရစ္ဆာန်များနှင့် သွယ်ဝိုက်သောအားဖြင့် ထိတွေ့နိုင်ခြေ အနည်းငယ်ရှိခြင်း

(ခ) လူတစ်ဦးမှ တစ်ဦးသို့ ကူးစက်ခြင်း

  • ရောဂါကူးစက်ခြင်းခံထားရသူ၏ အသက်ရှူလမ်းကြောင်းမှ ထွက်လာသော အရည်များ၊ အနာများ (သို့မဟုတ်) ရောဂါပိုး လတ်တလော ကပ်တင်ကျန်နေသော အရာဝတ္ထုများကို ထိတွေ့ကိုင်တွယ်မိခြင်း
  • အသက်ရှူလမ်းကြောင်းမှတစ်ဆင့်ကူးစက်ရာတွင် လူတစ်ဦးနှင့် တစ်ဦး အချိန်ကြာမြင့်စွာ မျက်နှာချင်းဆိုင် စကားပြောခြင်းကြောင့် ကူးစက်နိုင်ပါသည်။
  • ရောဂါကူးစက်ခံထားရသူ လူနာနှင့် အနီးကပ်ထိတွေ့လေ့ရှိသော ကျန်းမာရေးဝန်ထမ်းများ၊ မိသားစုဝင်များနှင့် အခြားသူများတွင် ကူးစက်နိုင်ခြေ ပိုမိုများပြားပါသည်။
  • ကိုယ်ဝန်ဆောင်မိခင်များ ကိုယ်ဝန်ဆောင်စဉ်တွင် အချင်းမှတစ်ဆင့် ကလေးကို ကူးစက်နိုင်သကဲ့သို့ ကလေးမွေးဖွားချိန်နှင့် မွေးဖွားပြီးချိန်များတွင် မိခင်မှ ကလေးသို့ ကူးစက်နိုင်ပါသည်။
  • လိင်ဆက်ဆံရာမှတစ်ဆင့် ကူးစက်နိုင်ခြေကို သေချာရှင်းလင်းစွာ အတည်ပြုနိုင်ခြင်း မရှိသေးပါ။

🙈 ရောဂါလက္ခဏာများ

ရောဂါလက္ခဏာများသည် ရောဂါစတင်ကူးစက်ခံရပြီး (၆) ရက်မှ (၁၃) ရက် (သို့မဟုတ်) (၅) ရက်မှ (၂၁) ရက် အတွင်း စတင်ပေါ်ပေါက်လာနိုင်ပါသည်။

(က) ရောဂါကူးစက်ခံရပြီး ပထမ (၅) ရက်အတွင်း

  • ဖျားခြင်း
  • အလွန်အမင်းခေါင်းကိုက်ခြင်း
  • ပြန်ရည်ကျိတ်များ ရောင်ရမ်းခြင်း
  • ကျောအောင့်ခြင်း
  • ကြွက်သားများ နာကျင်ကိုက်ခဲခြင်း
  • အလွန်အမင်း အားအင်ကုန်ခမ်းခြင်း
  • အခြားလက္ခဏာတူသော ရောဂါများ (ရေကျောက် Chickenpox၊ ဝက်သက် Measles၊ ကျောက်ကြီး Smallpox) နှင့် ယှဉ်လျှင် ပြန်ရည်ကျိတ်ရောင်ရမ်းခြင်းသည် မျောက်ကျောက်ရောဂါ၏ သိသာထင်ရှားသော လက္ခဏာတစ်ခုဖြစ်ပါသည်။

(ခ) အဖျားလက္ခဏာပေါ်ပေါက်ပြီး (၁) ရက်မှ (၃) ရက်အတွင်း

  • အနာများ၊ အဖုအပိမ့်၊ အနီကွက် (Rash) များ ပေါ်ပေါက်လာခြင်း။
  • အဖုအပိမ့်၊ အနီကွက်များသည် ခန္ဓာကိုယ်ထက်စာလျှင် မျက်နှာနှင့် ခြေလက်များတွင် ပိုမိုဖြစ်ပွားနိုင်ပါသည်။ ခံတွင်း၊ လိင်အင်္ဂါတစ်ဝိုက်နှင့် မျက်စိတို့တွင်လည်း ဖြစ်ပွားတတ်ပါသည်။
  • အဖုအပိမ့်များသည် အနည်းငယ်မှ ထောင်ဂဏန်းထိ ဖြစ်ပွားနိုင်ပါသည်။
  • ပြင်းထန်လူနာများတွင် အဖုအပိမ့်များ ပေါင်းသွားပြီး အရေပြားကွာကျသည်အထိ ဖြစ်ပွားနိုင်ပါသည်။

မျောက်ကျောက်ရောဂါ လက္ခဏာများသည် (၂) ပတ်မှ (၄) ပတ်အထိကြာအောင် ရှိနေတတ်ပါသည်။

ကလေးငယ်များတွင် ရောဂါပိုမိုပြင်းထန်နိုင်ပြီး ရောဂါပြင်းထန်မှုသည် ဗိုင်းရပ်စ်ပိုးနှင့် ထိတွေ့မိသည့် အတိုင်းအတာ၊ လူနာ၏ ကျန်းမာရေးအခြေအနေနှင့် နောက်ဆက်တွဲရောဂါလက္ခဏာများအပေါ် မူတည်ပါသည်။ ခုခံအားကျဆင်းနေသူများတွင် ကူးစက်ဖြစ်ပွားပါက ရောဂါပိုမိုဆိုးရွားနိုင်ပါသည်။

🙈 မျောက်ကျောက်ရောဂါ၏ နောက်ဆက်တွဲကျန်းမာရေးပြဿနာများ

  • အခြားကူးစက်ရောဂါများ ဝင်ရောက်လာခြင်း
  • အဆုတ်ရောင်ရောဂါ
  • သွေးဆိပ်တက်ခြင်း
  • ဦးနှောက်ရောင်ရောဂါ
  • မျက်ကြည်လွှာပိုးဝင်၍ အမြင်အာရုံဆုံးရှုံးခြင်း

🙈 ရောဂါကူးစက်ဖြစ်ပွားမှုမှ ကာကွယ်ခြင်း

(က) တိရစ္ဆာန်များတစ်ဆင့် လူသို့ ကူးစက်ခြင်းကို ကာကွယ်နိုင်ရန်

  • တောရိုင်းတိရစ္ဆာန်များကို အကာအကွယ်မပါဘဲ ထိတွေ့ကိုင်တွယ်ခြင်း မပြုရပါ။
  • အထူးသဖြင့် နာမကျန်းတိရစ္ဆာန်များ (သို့မဟုတ်) သေဆုံးတိရစ္ဆာန်များ၏ အသားများ၊ သွေးများနှင့် အခြားအစိတ်အပိုင်းများကို အကာအကွယ်မပါဘဲ ထိတွေ့ကိုင်တွယ်ခြင်းမှ ရှောင်ကြဉ်ပါ။
  • အသားနှင့် အခြားတိရစ္ဆာန်ထွက်ပစ္စည်းများကို သေချာစွာ ကျက်အောင် ချက်ပြုတ်ပြီးမှ စားသုံးပါ။

(ခ) လူတစ်ဦးမှ တစ်ဦးသို့ ကူးစက်ခြင်းကို ကာကွယ်ရန်

  • ရောဂါကူးစက်ခံထားရသည်ဟု သံသယရှိသူလူနာများနှင့် ရောဂါအတည်ပြုခံထားရသူ လူနာများနှင့် အနီးကပ် ထိတွေ့ဆက်ဆံခြင်းမှ ရှောင်ကြဉ်ပါ။
  • လူနာကို အနီးကပ်စောင့်ရှောက်မှုပေးနေရသည့် ကျန်းမာရေးဝန်ထမ်းများနှင့် မိသားစုဝင်များသည် ကူးစက်ရောဂါကာကွယ်ရေးနည်းလမ်းများကို အထူးဂရုပြုလိုက်နာရပါမည်။
  • ဖြစ်နိုင်ပါက ကျောက်ကြီး (Smallpox) ရောဂါ ကာကွယ်ဆေးထိုးထားဖူးသူများကသာ လူနာကို ပြုစုစောင့်ရှောက်သင့်ပါသည်။

Reference:
https://www.who.int/news-room/fact-sheets/detail/monkeypox
https://emergency.cdc.gov/han/2022/han00466.asp

ဝန်ကြီးဌာနသို့ လှူဒါန်းရန်-
https://moh.nugmyanmar.org/donate/

Ministry of Health,

National Unity Government.

  Published on: 24 May 2022
Last Updated: 24 May 2022