နာတာရှည်ကျောက်ကပ်ရောဂါ ( Chronic Kidney Disease )

နာတာရှည်ကျောက်ကပ်ရောဂါ ( Chronic Kidney Disease )

🚩 နာတာရှည်ကျောက်ကပ်ရောဂါဟာ အချိန်ကာလ ကြာမြင့်စွာ ကျောက်ကပ်ယိုယွင်းပျက်စီးပြီး ကျောက်ကပ်ရဲ့လုပ်ငန်းဆောင်တာများ မဆောင်ရွက်နိုင်တော့ခြင်းဖြစ်ပါတယ် ။

..

🚩နာတာရှည်ကျောက်ကပ်ရောဂါ ဘာကြောင့်ဖြစ်ရသလဲ ?

အကြောင်းအမျိုးမျိုးကြောင့် ဖြစ်တတ်ပါတယ် ။

အများဆုံးကတော့ ဆီးချို နဲ့ သွေးတိုးရဲ့နောက်ဆက်ဆက်တွဲဆိုးကျိုးကြောင့် ဖြစ်ပါတယ် ။ ကျောက်တည်တာ ၊ ဆီးလမ်းကြောင်းပိတ်တာ ၊ အကိုက်အခဲပျောက်ဆေးတွေ ရေရှည်သုံးစွဲတာ ၊ ကျောက်ကပ်ရောင်တာ ၊ ဆီးပိုးရောဂါ မကြာခဏဖြစ်တာ ၊ ဆီးကျိတ်ကြီးတာတွေကြောင့်လည်း နာတာရှည်ကျောက်ကပ်ရောဂါ ဖြစ်တတ်ပါတယ်။

..

🚩 ကျောက်ကပ်ရောဂါမဖြစ်အောင် ဘယ်လိုကာကွယ်ကြမလဲ ?

အထက်မှာ ဖော်ပြထားတဲ့ နာတာရှည်ကျောက်ကပ် ရောဂါ ဖြစ်ပွားစေနိုင်တဲ့အရာတွေ ကိုရှောင်ကြဉ်ပါ ။

ဆီးချိုနဲ့ သွေးတိုးရှိရင် ဆရာဝန်နဲ့ စနစ်တကျကုသမှု ခံယူပြီး ထိန်းထားပါ။ ကျောက်ကပ်ရောဂါ ရှိမရှိကို ပုံမှန် စစ်ဆေးမှုများပြုလုပ်ပေးပါ။

..

🚩 နာတာရှည်ကျောက်ကပ်ရောဂါဖြစ်ရင် ဘာ လက္ခဏာတွေ ပြမလဲ ?

ကျောက်ကပ်ဟာ ခန္ဓာကိုယ်အတွင်းက အညစ် အကြေးတွေ ၊ ပိုလျှံနေတဲ့ဓာတ်ပစ္စည်းတွေနဲ့ အရည်တို့ကို စွန့်ထုတ်ပေးပါတယ်။ ဒါကြောင့် ကျောက်ကပ် ရောဂါဖြစ်ရင် ပျို့အန်ခြင်း ၊ နုံးခြင်း ၊ ဖောရောင်ခြင်း ၊ မောခြင်း ၊ ခံတွင်းပျက်ခြ​င်း ၊ သွေးတိုးခြင်းတို့ ဖြစ်နိုင်သလို တစ်ခါတလေ အသက်အန္တရာယ်စိုးရိမ်ရတဲ့အထိလည်း ဖြစ်နိုင်ပါတယ်။ ဒါပေမယ့် အစပိုင်းမှာ ဘာလက္ခဏာမှ မပြတာလည်း ဖြစ်နိုင်ပါတယ် ။

..

🚩 နာတာရှည်ကျောက်ကပ်ရောဂါဖြစ်နေရင် ဘာလုပ်သင့်သလဲ ?

ကျောက်ကပ်အထူးကုဆရာဝန်နဲ့ ပြသပြီး စနစ်တကျကုသမှုခံယူသင့်ပါတယ်။ စနစ်တကျကုသမှုခံယူခြင်းဟာ နှစ်စဉ်ကျောက်ကပ်ပျက်စီးမှုနှုန်းကိုလည်း လျော့နည်းစေပါတယ် ။

ကုသမှုနည်းလမ်းတွေကတော့ ကျောက်ကပ်ပျက်စီးရတဲ့ အကြောင်းအရင်းတွေပေါ် မူတည်ပါတယ်။ ဆီးချို သွေးတိုးကို စနစ်တကျ ထိန်းသိမ်းခြင်း ၊ အကိုက်အခဲပျောက်ဆေး အလွန်အမင်းသုံးစွဲခြင်းကို ရှောင်ခြင်း ၊ ပုံမှန်လေ့ကျင့်ခန်း ပြုလုပ်ပေးခြင်း ၊ ဆေးလိပ်ဖြတ်ခြင်း စတာတွေဟာ နာတာရှည်ကျောက်ကပ်ရောဂါကုသမှုကို အထောက်အကူဖြစ်စေပါတယ်။

နာတာရှည်ကျောက်ကပ်ရောဂါကြောင့်ဖြစ်တဲ့ နောက်ဆက်တွဲဆိုးကျိုးတွေကိုလည်း ဆေးဝါးနဲ့ အစား အသောက်ဆင်ခြင်ခြင်းတို့ဖြင့် ကာကွယ်ကုသနိုင်ပါတယ် ။

..

🚩 ကျောက်ကပ်ရောဂါ ပိုပိုပြီး ဆိုးလာရင် ဘာလုပ်သင့်သလဲ ?

နာတာရှည်ကျောက်ကပ်ရောဂါကို အရှင်းပျောက်အောင် ကုသမှု မပြုလုပ်နိုင်ပါ။ အခြေအနေကို ပိုပြီး ဆိုးမသွားအောင်သာ ထိန်းသိမ်းကုသရပါတယ် ။ ကျောက်ကပ် အလွန်ပျက်စီးနေပြီဆိုရင်တော့ ( အသက်ကိုပါ ထိခိုက်စေနိုင်တာမို့ ) ကျောက်ကပ် အထူးကုဆရာဝန်နဲ့တိုင်ပင်ပြီး ကျောက်ကပ်ဆေးတာ ၊ ကျောက်ကပ်အစားထိုးကုသတာတွေ ပြုလုပ်ရပါလိမ့်မယ်။

..

🚩အချုပ်အားဖြင့်

ကျောက်ကပ်ရောဂါဟာ ​အဖြစ်များတဲ့ရောဂါတစ်ခုဖြစ်ပါတယ်။ ကျောက်ကပ်ရောဂါ ဖြစ်စေနိုင်တာတွေကို ရှောင်ကြဉ်ပြီး အချိန်မှီကုသမှုခံယူခြင်းဖြင့် ကျန်းမာသောဘဝကိုပိုင်ဆိုင်နိုင်ပါစေကြောင်း ဆုမွန်ကောင်းတောင်းအပ်ပါတယ် ။

Reference 📚

– Murtagh,J , 2016. Murtagh’s patient education. 6th Ed. Australia:Mcgraw-Hill Australia,pp. ( page 298 )

❤️ NUG, MOH တယ်လီကျန်းမာ ၊ လူတိုင်းအတွက်ပါ ❤️

👉 တယ်လီကျန်းမာတွင် ဆရာဝန်များနှင့် အွန်လိုင်းမှ အခမဲ့တိုင်ပင်ဆွေးနွေးနိုင်ပါသည်

*** ပိတ်ရက်မရှိပါ ***

ကြိုတင်ဘိုကင်ယူရန်အတွက်( https://m.me/telehealthmm )ကို နှိပ်ပါ

( နေ့စဥ် မနက် ၈နာရီမှ ည၁၀နာရီအထိ )

#nugmoh#telehealth#telemedicine

#teleconsultation#တယ်လီကျန်းမာ

#CKD#နာတာရှည်ကျောက်ကပ်ရောဂါ

ကျန်းမာရေးဝန်ကြီးဌာန၊

အမျိုးသားညီညွတ်ရေးအစိုးရ

Published on: 27 December 2022
Last Updated: 27 December 2022