မြန်မာ့အရေးနှင့်စပ်လျဉ်း၍ ယူကေပါလီမန်၌ ပြုလုပ်သည့် အစည်းအဝေးသို့ ပြည်ထောင်စုဝန်ကြီး ဒေါက်တာဇော်ဝေစိုး တက်ရောက်ဆွေးနွေး

မြန်မာ့အရေးနှင့်စပ်လျဉ်း၍ ယူကေပါလီမန်၌ ပြုလုပ်သည့် အစည်းအဝေးသို့ ပြည်ထောင်စုဝန်ကြီး ဒေါက်တာဇော်ဝေစိုး တက်ရောက်ဆွေးနွေး

၂၀၂၃ ခုနှစ်၊ ဖေဖော်ဝါရီလ ၂ ရက်၊ လန်ဒန်

အမျိုးသားညီညွတ်ရေးအစိုးရ၊ ကျန်းမာရေးဝန်ကြီးဌာနနှင့် ပညာရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ပါမောက္ခ ဒေါက်တာဇော်ဝေစိုးသည် ဖေဖော်ဝါရီ (၁) ရက်နေ့က ယူကေနိုင်ငံ၊ လန်ဒန်မြို့တော်ရှိ ယူကေပါလီမန်တွင် All Parties Parliamentary Group (APPG) က ဦးစီးကျင်းပသည့် အစည်းအဝေး၌ အကြမ်းဖက်စစ်အုပ်စုက လက်ရှိမြန်မာနိုင်ငံ၏ ကျန်းမာရေး၊ ပညာရေးနှင့် လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ ကဏ္ဍများအပေါ် အကြမ်းဖက်လုပ်ရပ်များအား အရှိန်အဟုန်ဖြင့် စဉ်ဆက်မပြတ် ကျူးလွန်လျက်ရှိကြောင်း၊ အကြမ်းဖက်စစ်အုပ်စုကြောင့် အတိဒုက္ခရောက်နေကြရရှာသော မြန်မာပြည်သူတို့၏ ကျန်းမာရေး၊ ပညာရေးနှင့် လူမှုဖူလုံရေးတို့အတွက် လိုအပ်သော အကူအညီအထောက်အပံ့များကို အင်္ဂလန်နိုင်ငံနှင့် အင်္ဂလန်နိုင်ငံက ကြီးမှူးချိတ်ဆက်ပြီး နိုင်ငံတကာက အချိတ်အဆက်မိမိ ဆောင်ရွက်သွားစေလိုကြောင်း တိုက်တွန်းဆွေးနွေးပြောကြားခဲ့ပါသည်။

ထိုအစည်းအဝေးကို All-Party Parliamentary Group (APPG) on Global Health ၏ Co-chair ဖြစ်သူ Lord Nigel Crisp က ဥက္ကဌအဖြစ် ဆောင်ရွက်ပြီး ပါလီမန်အမတ်များ၊ လူ့အခွင့်အရေးစောင့်ရှောက်မှုနှင့် တစ်ကမ္ဘာလုံးဆိုင်ရာ ကျန်းမာရေးဆောင်ရွက်မှုအဖွဲ့များမှ တာဝန်ရှိပုဂ္ဂိုလ်များက တက်ကြွစွာ ပါဝင်ဆွေးနွေး၍ စစ်ဘေးသင့် မြန်မာပြည်သူများ၏ လတ်တလောကြုံတွေ့နေရသော ဒုက္ခများကို ကယ်ဆယ်နိုင်ရေး၊ တော်လှန်ရေးအလွန်ကာလတွင် လိုအပ်မည့် ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းများ၊ လူ့အခွင့်အရေးချိုးဖောက်မှုခံရသူများကို ပြန်လည်ကုစားပေးရေးလုပ်ငန်းများ အစရှိသည်တို့ကို ရင်းနှီးနွေးထွေးစွာ ဆွေးနွေးတိုင်ပင်ညှိနှိုင်းခဲ့ကြပါသည်။

ကျန်းမာရေးဝန်ကြီးဌာန၊

အမျိုးသားညီညွတ်ရေးအစိုးရ

Published on: 2 February 2023
Last Updated: 2 February 2023