ဝက်သက်ရောဂါ (Measles)

မြန်မာနိုင်ငံတွင် စစ်အာဏာသိမ်းမှု နောက်ဆက်တွဲပြဿနာအနေဖြင့် အသက် (၅) နှစ်အောက် ကလေးငယ်များတွင် ကာကွယ်ဆေးထိုးနှံခွင့် မရရှိခြင်းကြောင်း ကူးစက်ဖြစ်ပွားမှုနှုန်း ပြန်လည်မြင့်တက်လာနိုင်သည့် ကာကွယ်ဆေးဖြင့် ကာကွယ်နိုင်သော ကူးစက်ရောဂါများ (Vaccine-Preventable Diseases – VPDs)

၄။ ဝက်သက်ရောဂါ (Measles)

ဝက်သက်ရောဂါသည် ဝက်သက်ဗိုင်းရပ်စ်ပိုးကြောင့် ဖြစ်ပွားပြီး အလွန်ကူးစက်မြန်သော ရောဂါတစ်မျိုးဖြစ်ပါသည်။ အန္တရာယ်ကင်းသည့် ထိရောက်သော ကာကွယ်ဆေးရှိသော်လည်း တစ်ကမ္ဘာလုံးတွင် ကလေးငယ်သေဆုံးမှု၏ အရေးကြီးသော အကြောင်းအရင်းတစ်ခု ဖြစ်ပါသည်။ ဝက်သက်ရောဂါကြောင့် ကလေးငယ်သေဆုံးမှု၏ (၉၅)% သည် ဝင်ငွေနည်းပြီး ကျန်းမာရေးစောင့်ရှောက်မှုအားနည်းသော နိုင်ငံများတွင် ဖြစ်ပွားလျက်ရှိသည်။ ဝက်သက်ရောဂါသည် အလွန်ကူးစက်တတ်သောကြောင့် #ဒုက္ခသည်စခန်း များကဲ့သို့ လူထူထပ်သော နေရာများတွင် ကပ်ရောဂါအသွင်ဖြစ်ပွားတတ်ပြီး သေဆုံးမှုနှုန်းများ မြင့်မားနိုင်ပါသည်။

🤒 ရောဂါကူးစက်ပြန့်ပွားပုံ

ရောဂါပိုးရှိသူ နှာချေခြင်း၊ ချောင်းဆိုးခြင်းများမှတစ်ဆင့် နှာခေါင်းနှင့် လည်ချောင်းမှ ထွက်လာသော အမှုန်အစက်များနှင့် တိုက်ရိုက်ထိတွေ့မိခြင်းနှင့် လေမှတစ်ဆင့် ပျံ့လွင့်လာသော အမှုန်အစက်များ (Airborne droplets) ရှူသွင်းမိခြင်းများမှ တစ်ဆင့် ကူးစက်ဖြစ်ပွားတတ်ပါသည်။ ရောဂါလက္ခဏာမပေါ်မီနှင့် ပေါ်ပြီး ရက်ပေါင်းများစွာအတွင်း ဝက်သက်ရောဂါသည် အခြားသူများထံသို့ ရောဂါကူးစက်စေနိုင်သည်။ ဝက်သက်ရောဂါသည် တစ်နှစ်အောက် ကလေးငယ်များနှင့် ကလေးအများ စုဝေးသော နေရာများဖြစ်ကြသည့် ကျန်းမာရေးဌာနများနှင့် စာသင်ကျောင်းများတွင် ပိုမိုလွယ်ကူစွာ ကူးစက်ပြန့်ပွားနိုင်ပါသည်။

🤒 ရောဂါလက္ခဏာများ

ပထမဆုံးလက္ခဏာမှာ အပြင်းဖျားခြင်းဖြစ်ပြီး ရောဂါပိုးဝင်ရောက်ပြီး နောက် (၁၀) ရက်မှ (၁၂) ရက်အကြာတွင် ဖြစ်ပေါ်လေ့ရှိကာ ရက်အတန်ကြာမြင့်တတ်သည်။ ယင်းကာလတွင် နှာရည်ယိုခြင်း၊ ချောင်းဆိုးခြင်း၊ မျက်စိနာခြင်း၊ ပါးစောင်တွင် သေးငယ်သော အဖြူစက်ပေါ်ခြင်း (Koplik spot)၊ ရောဂါပိုးနှင့် ထိတွေ့ပြီး (၇) ရက်မှ (၁၈) ရက်အတွင်းတွင် အနီအဖုအပိန့်များသည် မျက်နှာနှင့် လည်ပင်းမှ စတင်ပေါ်လာပြီး ကိုယ်ခန္ဓာအောက်ပိုင်းသို့ ပြန့်ပွားသွားပါသည်။ (၅) ရက်မှ (၆) ရက်ကြာတတ်ပြီးနောက် အရောင်ဖျော့ပြီး ပျောက်သွားပါသည်။

🤒 ဝက်သက်ရောဂါ၏ နောက်ဆက်တွဲ ကျန်းမာရေးပြဿနာများ

ကာကွယ်ဆေးထိုးမထားသော ငါးနှစ်အောက်ကလေးများ အထူးသဖြင့် တစ်နှစ်အောက်ကလေးများသည် ဝက်သက်ရောဂါဖြစ်ပွားရန်နှင့် နောက်ဆက်တွဲပြဿနာဖြစ်ရန် အန္တရာယ်အရှိဆုံးဖြစ်ပါသည်။ အသက်သေဆုံးနိုင်ပါသည်။ တစ်နှစ်အောက်ကလေးများတွင် ပြင်းထန်စွာဝမ်းလျှောခြင်းကြောင့် ရေဓာတ်ဆုံးရှုံးခြင်းတို့ ဖြစ်တတ်ပါသည်။ ကလေးများတွင် အာဟာရချို့တဲ့ခြင်း၊ နားအလယ်ခန်းရောင်ခြင်း၊ အဆုတ်ရောင်ခြင်း၊ ဦးနှောက်ရောင်ခြင်းများ ဖြစ်တတ်သည်။ ဝက်သက်ရောဂါဖြစ်ပွားမှု အမြစ်တွယ်နေသော နိုင်ငံများတွင် ဝက်သက်ရောဂါသည် မျက်စိကွယ်ခြင်း၏ အဓိက အကြောင်းအရင်းတစ်ခုဖြစ်ပါသည်။ အဆုတ်ရောင်ခြင်းသည် ဝက်သက်ရောဂါနှင့်ဆက်နွယ်သော သေဆုံးမှု၏ အဖြစ်များသော အကြောင်းအရင်းဖြစ်ပါသည်။ အဆုတ်ရောင်ခြင်းသည် ဝက်သက်ရောဂါဗိုင်းရပ်စ်ပိုးကြောင့် ဖြစ်ပွားတတ်ပြီး အခြားဘက်တီးရီးယားပိုးဝင်ခြင်းကြောင့်လည်း ဖြစ်ပွားနိုင်ပါသည်။

🤒 ဝက်သက်ရောဂါကာကွယ်ရေးနည်းလမ်းများ

ဝက်သက်ရောဂါဖြစ်ပွားမှုကို ဝက်သက်ကာကွယ်ဆေးပါဝင်သော ကာကွယ်ဆေးများ (Measles-containing vaccine – MCV) များ ထိုးနှံပေးခြင်းဖြင့် ကာကွယ်နိုင်ပါသည်။ ဝက်သက်ရောဂါ ကပ်အသွင်ဖြစ်ပွားခြင်းမှ ကာကွယ်တားဆီးရန် MCV ကာကွယ်ဆေးနှစ်ကြိမ်ထိုးနှံခြင်း အစီအစဉ်ဖြင့် နှစ်ကြိမ်လုံးတွင် လွှမ်းခြုံမှုမြင့်မားစွာရရှိအောင် ဆောင်ရွက်ရန် လိုအပ်ပါသည်။ ဝက်သက်ရောဂါဖြစ်ပွားပြီးနောက် ပြန်လည်ကျန်းမာလာသော ကလေးများသည် ယင်းတို့၏ တစ်သက်တာအတွက် ကာကွယ်မှုရရှိပြီး ဖြစ်ပါသည်။

🤒 အဓိကအချက်များ

👉 ဝက်သက်ရောဂါသည် အလွန်ကူးစက်မြန်သော ရောဂါဖြစ်ရာ နှာချေခြင်း၊ ချောင်းဆိုးခြင်း၊ တစ်ဦးနှင့်တစ်ဦး နီးကပ်စွာ ထိတွေ့ခြင်းဖြင့် ကူးစက်နိုင်ပါသည်။
👉 ပထမဆုံးသော ရောဂါလက္ခဏာမှာ အပြင်းဖျားခြင်းဖြစ်ပြီး တစ်ရက်မှ (၇) ရက်ထိ ကြာမြင့်သည်။
👉 ရောဂါပိုး ကူးစက်ဝင်ရောက်ပြီးနောက် (၇) ရက်မှ (၁၈) ရက်အကြာတွင် တစ်ကိုယ်လုံးအနှံ့ အဖုအပိန့်များထွက်ခြင်း ဖြစ်သည်။
👉 အဆုတ်ရောင်ခြင်းသည် ဝက်သက်ရောဂါ ဖြစ်ပွားပြီး သေဆုံးရခြင်း၏ အဖြစ်များဆုံး အကြောင်းရင်းတစ်ခု ဖြစ်သည်။
👉 ဗီတာမင်အေ ဖြည့်စွက်တိုက်ကျွေးခြင်း ပါဝင်သော ထိရောက်စွာ ပြုစုကုသခြင်းဖြင့် ပြင်းထန်သော နောက်ဆက်တွဲပြဿနာများကို လျှော့ချနိုင်ပါသည်။
👉 ဝက်သက်ရောဂါကို ကာကွယ်ဆေးထိုးခြင်းဖြင့် ကာကွယ်နိုင်ပါသည်။ ကလေးများအားလုံးသည် ဝတ်သက်ကာကွယ်ဆေး နှစ်ကြိမ် ရရှိရမည်။ နှစ်ကြိမ်စလုံးအတွက် လွမ်းခြုံမှု ၉၀% မှ ၉၅% ရရှိရန် လိုအပ်သည်။

Source:
ကျန်းမာရေးဝန်ထမ်းများအတွက် ကာကွယ်ဆေးထိုးလုပ်ငန်းလမ်းညွှန် ၂၀၂၂ (NUG, MOH)
https://www.facebook.com/MoHNUGMyanmar/posts/pfbid02V8izYCZD69Y5qsE69vnCz7YeGQCSkKJZaLv42LdfxvGLX9sC1djczrEgXeSTPShtl

၁။ ဆုံဆို့နာရောဂါ (Diphtheria) အကြောင်း ဖတ်ရှုရန်
https://www.facebook.com/MoHNUGMyanmar/posts/pfbid0oCNuFcdNNYotmjCVuUYiCe9qHf8akU8DJ1BQUtPxcb1kPCmedFoHUd6F5HczPHQdl

၂။ ကြက်ညှာချောင်းဆိုးရောဂါ (Whooping cough or pertussis) အကြောင်း ဖတ်ရှုရန်
https://www.facebook.com/MoHNUGMyanmar/posts/pfbid02NHRFL8UDX7WMi8tWPTosygRdbaNbLxW2p5ogrZRFYD48gp6CrXvSkj28PJz9yqyzl

၃။ ပိုလီယိုအကြောသေရောဂါ (Poliomyelitis)
https://web.facebook.com/MoHNUGMyanmar/posts/pfbid02NgboWKcPGL83euMob1uTSfg1vmL4JMeGLeGsRpZqH18K9TaAVgingrK4sg6JSH4Jl

#nugmoh #VPD #Measles

ကျန်းမာရေးဝန်ကြီးဌာန၊

အမျိုးသားညီညွတ်ရေးအစိုးရ

Published on: 11 November 2022
Last Updated: 11 November 2022