𝗠𝗲𝗻𝗼𝗽𝗮𝘂𝘀𝗲 (June,2022)

ဒီတစ်ခေါက်မျှဝေလိုတဲ့အကြောင်းအရာကတော့ အမျိုးသမီးတိုင်း သိထားသင့်တဲ့ Menopause “သွေးဆုံးကိုင်ခြင်း” ပဲဖြစ်ပါတယ်။ အမျိုးသားများလည်း မိမိရဲ့မိခင်၊ ချစ်သူ၊ ဇနီး၊ မိသားစုဝင်အမျိုးသမီးများကို စောင့်ရှောက်နိုင်ဖို့ သိထားသင့်ပါတယ်နော်။

🩸အမျိုးသမီးတွေ အပျိုဖော်ဝင်ချိန်မှစပြီး လစဉ်ကြုံတွေ့နေကျ ဓမ္မတာလာခြင်း (ရာသီလာခြင်း) ရပ်တန့်သွားချိန်ကို Menopause လို့ခေါ်ပါတယ်။ မြန်မာလိုတော့ သွေးဆုံးတယ်၊ သွေးဆုံးကိုင်ချိန် ရောက်ပြီလို့ ပြောကြပါတယ်။
🩸သွေးဆုံးကိုင်ချိန်ဆိုတာ နောက်ဆုံးဓမ္မတာလာခြင်းမတိုင်မီ ( နောက်ဆုံးရဲ့ရှေ့က ပုံမှန်ဓမ္မတာလာပြီးနောက် ) ကာလကိုဆိုလိုပြီး အကြမ်းအားဖြင့် လမှ နှစ်ချီပြီး ကြာတတ်ပါတယ်။
🩸ပျမ်းမျှအားဖြင့် အမျိုးသမီးများ အသက် ၄၅-၅၅ နှစ်ကြားမှာ သွေးဆုံးတတ်ကြပါတယ်။

ဘာကြောင့် သွေးဆုံးချိန် ရောက်လာလဲ❓

သားဥအိမ်မှာ မ မျိုးဥများ (ova) ထပ်မရှိတော့ဘဲ oestrogen နဲ့ progestogen လို့ခေါ်တဲ့ မ ဟော်မုန်းများ ထပ်မထွက်တော့တာကြောင့် သွေးဆုံးချိန် ရောက်လာပါတယ်။

သွေးဆုံးကိုင်တယ်ဆိုတာ ဘယ်လိုအခြေအနေ၊ လက္ခဏာတွေကို ဆိုလိုတာလဲ❓

အချို့အမျိုးသမီးတွေမှာ ပြင်းပြင်းထန်ထန် ဝေဒနာမခံစားရပေမယ့် အချို့မှာ ခံစားကြရပါတယ်။

1️⃣𝐏𝐞𝐫𝐢𝐨𝐝 𝐂𝐡𝐚𝐧𝐠𝐞𝐬
ရုတ်တရက်ကြီး ဓမ္မတာမလာတော့ခြင်း၊ ဓမ္မတာလာပေမယ့် ရာသီသွေးနည်းလိုက်၊ များလိုက် ပြောင်းလဲနေတဲ့အပြင် အကြာကြီး ရပ်သွားလိုက်၊ ပြန်လာလိုက် ဖြစ်နေတတ်ပါတယ်။ ဒါကြောင့် မျိုးဆက်ပွားခြင်းဟာလည်း လျော့နည်းလာရာကနေ နောက်ဆုံး လုံးဝမရှိတော့ပါဘူး ။

2️⃣ 𝐇𝐨𝐭 𝐅𝐥𝐮𝐬𝐡𝐞𝐬
အများအားဖြင့် မျက်နှာနဲ့လည်ပင်းမှာ အပူဒဏ်ကို ဆတ်ဆတ်ထိမခံနိုင်ဖြစ်ပြီး အချို့လည်း ခေါင်းအစခြေအဆုံး ဖြစ်တတ်ပါတယ်။ တစ်ခါဖြစ်ရင် စက္ကန့်ပိုင်းမှ မိနစ်ပိုင်းအထိ ကြာတတ်ပါတယ်။
အိပ်ရေးပျက်ခြင်း၊ ခေါင်းမူးခြင်း၊ ရင်တုန်ပန်းတုန်ဖြစ်ခြင်း၊ ချွေးထွက်ခြင်း၊ သတိလစ်ခြင်းတို့ကိုပါ ထပ်မံခံစားရနိုင်ပြီး အဲအချိန်မှာ အရက်သောက်မယ်၊ အပူအစပ်‌တွေစားမယ်၊ စိတ်ဖိစီးမှုများနေမယ်ဆို ပိုမိုဆိုးဝါးနိုင်ပါတယ်။

အချိန်ကာလနည်းနည်းလေးမှာပဲ ပျောက်သွားနိုင်သလို အိပ်ချိန်မမှန်ခြင်း၊ ရှက်ကြောက်ခြင်း၊ ပင်ပန်းခြင်း၊ စိုးရိမ်ကြောင့်ကြများခြင်းတို့ကိုပါ ရက်လနှစ်ချီပြီး ခံစားရနိုင်ပါတယ်။

3️⃣𝐕𝐚𝐠𝐢𝐧𝐚 𝐚𝐧𝐝 𝐁𝐥𝐚𝐝𝐝𝐞𝐫 𝐒𝐲𝐦𝐩𝐭𝐨𝐦𝐬
ဆီးအိမ်နဲ့ သားအိမ်လမ်းကြောင်းတစ်ဝိုက် စိုစွတ်နေကျ အသားစ( tissue )တစ်သျူး‌လေးတွေ ခြောက်သွေ့ပြီး ခပ်ဆတ်ဆတ်ဖြစ်နေတတ်လို့ လိင်ဆက်ဆံချိန်မှာ သက်တောင့်သက်သာမရှိခြင်း၊ ဆီးလမ်းကြောင်းနဲ့ သားအိမ်လမ်းကြောင်းပိုးဝင်ခြင်းများ ဖြစ်နိုင်ပါတယ်။

4️⃣ 𝐄𝐦𝐨𝐭𝐢𝐨𝐧𝐚𝐥 𝐏𝐫𝐨𝐛𝐥𝐞𝐦𝐬
စိတ်အတက်အကျ မြန်နေတတ်ပြီး အားအင်ကုန်ခန်းနေတတ်ပါတယ်။ ကိုယ့်ကိုကိုယ် ယုံကြည်မှုလျော့နည်းခြင်း၊ စိတ်အလိုမကျဖြစ်ခြင်း၊ စိတ်သွားတိုင်း ကိုယ်မပါခြင်း၊ လိင်ဆက်ဆံမှုတွင် စိတ်ဆန္ဒလျော့နည်းနေခြင်းတို့ ခံစားရနိုင်ပါတယ်။ စိတ်ကျတဲ့အထိ ဖြစ်နိုင်တာကြောင့် ဒီအချိန်မှာ မိမိကိုယ်ကို အားတင်းထားဖို့ အရေးကြီးပါတယ်နော်။

သွေးဆုံးခြင်းနဲ့ ဆက်စပ်နေတဲ့ 𝐎𝐬𝐭𝐞𝐨𝐩𝐨𝐫𝐨𝐬𝐢𝐬 (အရိုးပါးခြင်း) 🦴

မ ဟော်မုန်း Oestrogen လျော့နည်းမှုက အရိုးတစ်သျူးတွေမှာ Calcium တဖြည်းဖြည်းနည်းလာစေပြီး အရိုးပါးလာတတ်ပါတယ်။ ဆေးလိပ်သောက်ခြင်း၊ မိမိသောက်သုံးရသော ဆေးဝါးများနှင့် မျိုးရိုးဗီဇကြောင့်လည်း အရိုးပါးခြင်းကို အားပေးတာကြောင့် ဆရာဝန်ရဲ့ညွှန်ကြားမှုကို ခံယူသင့်ပါတယ်။

ဒါဆို သွေးဆုံးကိုင် ဝေဒနာတွေ ပျောက်ကင်းအောင် ဘယ်လိုလုပ်သင့်လဲ❓

ပထမဆုံးအနေနဲ့ သွေးဆုံးကိုင်တာဟာ အမျိုးသမီးတိုင်း ရင်ဆိုင်ရမယ့် သဘာဝတရားဆိုတာကို လက်ခံရမယ်နော်။ သွေးဆုံးကိုင်လို့ ပင်ပန်းနေတာ၊ စိတ်ဓာတ်ကျတာကို ရှက်စရာလို့မတွေးသင့်ပါဘူး။ မိမိရဲ့အမျိုးသား၊ သူငယ်ချင်းမိတ်ဆွေကိုပဲဖြစ်ဖြစ်၊ ဆရာဝန်ကိုပဲ ဖြစ်ဖြစ် ပွင့်ပွင့်လင်းလင်း ပြောပြလို့ရတယ်၊ ဆွေးနွေးလို့ ရပါတယ်။

ဒီအချိန်မှာ ကိုယ့်ကိုကိုယ်ပိုချစ်၊ ပိုဂရုစိုက်ရပါမယ်။ ကောင်းတာလေးတွေ စားမယ်၊ သောက်မယ်။ ကော်ဖီကြိုက်တဲ့ မမတို့က ခဏလေးသည်းခံပြီး လျှော့သောက်မယ်။ အရက်နဲ့ဆေးလိပ်ကို ခဏဘေးဖယ်ထားမယ်။ အချိန်ပေးပြီး အနားယူမယ်၊ လေ့ကျင့်ခန်းလုပ်မယ်။ သွေးအလွန်အမင်းဆင်းခြင်းဖြစ်ရင် ဆရာဝန်ဆီအမြန်ပြသမယ်။ လိင်ဆက်ဆံဖို့ စိတ်မပါခဲ့ရင် မိမိ Partnerကို ပွင့်လင်းစွာ ပြောပြသင့်ပြီး ဆက်ဆံချိန်မှာ နာကျင်ခြင်းလျော့ဖို့ Vaginal Lubricant နဲ့ Gel တွေ သုံးဖို့ တိုင်ပင်သင့်ပါတယ်။

𝐇𝐨𝐫𝐦𝐨𝐧𝐞 𝐑𝐞𝐩𝐥𝐚𝐜𝐞𝐦𝐞𝐧𝐭 𝐓𝐡𝐞𝐫𝐚𝐩𝐲 (HRT)

သွေးဆုံးကိုင်ဝေဒနာ ပြင်းထန်စွာ ခံစားရရင် HRTပေးခြင်း – progestogen နဲ့ oestrogen ဟော်မုန်းဆေးပေးခြင်း ပြုလုပ်နိုင်ပါတယ်။ ဒါပေမယ့် ရင်သားကင်ဆာ ခံစားနေရသူ အမျိုးသမီးများနဲ့ မျိူးရိုးမှာ ရင်သားကင်ဆာဖြစ်ဖူးသူများက HRT ကို ရေရှည်ခံယူဖို့မသင့်ပါဘူး။ ၁နှစ်- ၂နှစ်ဝန်းကျင်လောက်ပဲ သုံးသင့်ပြီး ဒီထက်ကြာကြာ သုံးမယ်ဆို မှန်ကန်တဲ့စစ်ဆေးမှုတွေ ခံယူသင့်ပါတယ်။

🌱သဘာဝနည်းလမ်းအဖြစ် black cohash နဲ့ chase tree လို့ခေါ်တဲ့ အပင်တွေက သွေးဆုံးကိုင်ဝေဒနာတွေကို လျော့နည်းဖို့ အထောက်အကူပြုပါတယ်။ အခြားဆေးမြီးတိုနဲ့ ‌ထုတ်ကုန်တွေက သိသာတဲ့ရလာဒ်ကိုမပေးနိုင်တာကြောင့် သက်သာချင်ဇောနဲ့ ကောင်းနိုးရာရာ မမှီဝဲကြဖို့ အမျိုးသမီးများကို သတိပြုစေချင်ပါတယ်။

သားအိမ်ခေါင်းကင်ဆာနဲ့ ရင်သားကင်ဆာ ကာကွယ်နိုင်ဖို့အတွက် သွေးဆုံးချိန်အပြီးမှာ လိုအပ်တဲ့ Medical Check-up များ ဆက်လက်လုပ်ဆောင်ကြဖို့လည်း အသိပေးလိုက်ရပါတယ်။

🌸အမျိုးသမီးတိုင်း ပန်းလို အလှပဆုံး ပွင့်လန်း‌မွှေးကြိုင်နိုင်ကြပါစေ🌸

Reference 📚
Murtagh,J , 2016. Murtagh’s patient education. 6th Ed. Australia:Mcgraw-Hill Australia,pp.83.

❤️ NUG, MOH တယ်လီကျန်းမာ ၊ လူတိုင်းအတွက်ပါ ❤️

👉 တယ်လီကျန်းမာတွင် ဆရာဝန်များနှင့် အွန်လိုင်းမှ အခမဲ့တိုင်ပင်ဆွေးနွေးနိုင်ပါသည်
*** ပိတ်ရက်မရှိပါ ***
( နေ့စဥ် မနက် ၈နာရီမှ ညနေ၆နာရီအထိ )

ကြိုတင်ဘိုကင်ယူရန်အတွက်( https://m.me/telehealthmm )ကို နှိပ်ပါ

ချက်ချင်း တန်းစီ၍ ဆေးခန်းပြရန်အတွက် ( https://t.me/TelehealthMM )ကို နှိပ်ပါ

ကျန်းမာရေးဝန်ကြီးဌာန၊

အမျိုးသားညီညွတ်ရေးအစိုးရ

Published on: 30 June 2022
Last Updated: 30 June 2022