5 Ways Some People May Enable Their Own Gaslighting

ကိုယ့်စိတ်ကို လွှမ်းမိုးအနိုင်ကျင့်ချင်သူတွေကို ကိုယ်တိုင်က လမ်းဖွင့်ပေးထားနေမိပြီလား ဆင်ခြင်ကြည့်ကြရပါမယ်

ဒီကာလမှာ ကိုယ့်ရဲ့ ဖြစ်တည်မှု၊ ရပ်တည်မှု၊ ယုံကြည်မှုနဲ့ လုပ်နိုင်မှုတို့အ​ပေါ် ကိုယ်တိုင်​မေးခွန်းထုတ်မိလာ ပြီး စိတ်ဓာတ်ကျသွား​အောင် နည်းအမျိုးမျိုးနဲ့ လုပ်မဲ့သူ​တွေ ဝိုင်းလို့​နေပါတယ်။ သူတို့တွေရဲ့ ရည်ရွယ်ချက်ရှိ ရှိ စနစ်တကျ လွှမ်းမိုးပြောဆိုလုပ်ဆောင်မှုအောက်မှာ ကျနော်တို့တတွေ ကိုယ့်ရဲ့ဖြစ်တည်မှုက နိမ့်ကျ​နေသယောင်၊ ကိုယ့်ရဲ့ရပ်တည်မှုက မှားယွင်း​နေသ​ယောင်၊ ကိုယ့်ရဲ့ယုံကြည်မှုက တန်ဖိုးမဲ့​နေသ​ယောင်၊ ကိုယ့်ရဲ့ လုပ်နိုင်စွမ်းက အားနည်းနေသ​ယောင် သံသယအတွေးတွေဖြစ်လာပြီး ကိုယ့်ကိုယ်ကို ယုံကြည်​လေးစားစိတ်တွေ ကျဆင်းပျက်ပြားသွား​​နိုင်ပါတယ်။

ဒါကြောင့် သူတို့တွေ ဘယ်ပုံဘယ်နည်းသုံးပြီး လွှမ်းမိုးဖို့ကြိုးစား​တတ်ကြသလဲဆိုတာနဲ့ ဘယ်လို တုံ့ပြန်လုပ်ဆောင်ကြရမလဲ ဆိုတာကို နားလည်နေအောင် ​​လေ့လာထားရပါမယ်။

၁။ တရားသေအတွေးများ ရှိနေခြင်း။

လောကကြီးမှာ ကိစ္စမှန်သမျှဟာ အဖြူမဟုတ်ရင် အမည်း၊ အ​​ကောင်းမဟုတ်ရင် အဆိုး​ပဲလို့ ပုံ​သေ​ပြောတတ်မြင်တတ်ပြီး ဘယ်အရာကိုမဆို အစွန်းရောက်စိတ်နဲ့ပဲ တုံ့ပြန်တတ်တဲ့သူတွေရှိတယ်။ ဒီလိုလူ မျိုး​တွေဟာ လောကရဲ့ ရှုပ်ထွေးပွေလီတတ်တဲ့ အကောင်းအဆိုးသဘောကို နားလည်ဖို့ခက်ခဲတတ်တာမို့ စိတ်ကို လွှမ်းမိုးချုပ်ကိုင်ပြီးအနိုင်ကျင့်ချင်သူတွေရဲ့ ပစ်မှတ်ထားခြယ်လှယ်လွှမ်းမိုးမှုကို ခံရလေ့ရှိပါတယ်။

စိတ်ကို လွှမ်းမိုးချုပ်ကိုင်ပြီးအနိုင်ကျင့်ချင်သူတွေက သူတို့ဟာ မှန်ကန်မွန်မြတ်တဲ့သူဆိုတဲ့အမြင်ကို ရစေပြီး သူတို့နဲ့ ဆန့်ကျင်ဘက်ပြုတဲ့သူအားလုံးကို လူဆိုးတွေအဖြစ်ပုံဖော်ကာ ကျနော်တို့ကို သူတို့သဘောကျ အသုံး တော်ခံရတဲ့ ဘဝကို ရောက်စေတတ်ပါတယ်။ သူတို့ရဲ့လွှမ်းမိုးချယ်လှယ်မှုကြောင့် ကျနော်တို့ဟာ မူလအဝန်းအဝိုင်းနဲ့ ကင်းကွာသွားပြီး အထီးကျန်ဘဝကို ရောက်သွားရတတ်ပါတယ်။ ​ကိုယ့်ရဲ့ပင်ကိုသိစိတ်ကနေ သူတို့ကို အပြစ်မြင်မိရင်တောင် “ငါတော့သူတော်ကောင်းတွေကို ပြစ်မှားနေမိပြီ” ဆိုပြီး ကိုယ့်ကိုယ်ကို အပြစ် တင်စိတ်ဝင်ရင်း ပိုပြီး စိတ်ရှုပ်ထွေးသွားရတတ်ပါတယ်။

၂။ မိမိကိုယ်မိမိ ဆွဲချနေမိခြင်း။

အပျက်အတွေးတွေနဲ့လုံးချာလည်လိုက်နေရုံသာမက နှုတ်ကနေပါ “ငါဟာ အသုံးကျတဲ့သူ မဟုတ်ပါဘူးကွာ” ဆိုပြီး ခဏခဏပြောမိနေခဲ့ရင် ကိုယ့်ကိုယ်ကိုတန်ဖိုးထားမှု​လျော့ကျ​လာရုံသာမက အဲဒီအ​တွေး​တွေက ကိုယ့်ကို ထိန်းချုပ်သွားပါတယ်။ ပြဿနာ​တွေကို ငါမှား​နေတယ်ဆိုတဲ့ ရှု​ထောင့်ကပဲ ကြည့်တတ်တော့ပြီး ပတ်ဝန်းကျင်ကပါ အဲဒီလို မြင်သွားစေနိုင်ပါတယ်။

ကိုယ့်စိတ်ကို ခြယ်လှယ်ဖျက်ဆီးမဲ့ရန်သူ​တွေဟာ ကိုယ့်​ပျော့ကွက်တွေကို အသုံးချဖို့ ​ချောင်း​မြောင်းနေကြ​တာ ပါ။ အားနည်းချက်တွေ့ရင် အဲဒါကိုနင်းပြီး ကိုယ့်ကို ထိန်းချုပ်လိုက်ပါတယ်။ ကိုယ့်မှာရှိတဲ့ မှန်ကန်ကောင်း မွန်တဲ့ စိတ်ခံစားမှုတွေ၊ အတွေးအမြင်တွေကို ပစ်ပယ်မိသွားပြီး သူတို့သဘော သူတို့အလိုအတိုင်းသာ အသက်ရှင်တတ်တော့မှာပါ။ အဲဒီလိုနဲ့  ကိုယ့်စိတ်ကိုကိုယ် ဆန့်ကျင်ပြီး လုပ်ရတာ​တွေ များလာတဲ့အခါ စိတ်​တွေ ပိုမိုရှုပ်​ထွေးလာပြီး အ​ခြေအ​နေကို ထိန်းဖို့ မလွယ်​တော့တာမျိုးအထိ ဖြစ်သွားနိုင်ပါတယ်။

၃။ အမှားလုပ်မိသွားမလား အလွန်အကြူးပူပန်တတ်ခြင်း။

တချို့သူတွေက “ငါ အမှားများလုပ်မိသွားမလား” ဆိုပြီး အလွန်အကြူးကို ပူပန်တတ်ပါတယ်။ အဲဒီလို အတွေး ရှိနေခြင်းကို စိတ်ကိုလွှမ်းမိုးချုပ်ကိုင်ခြယ်လှယ်ချင်တဲ့သူ​တွေ အလွန်နှစ်သက်ပါတယ်။ 

စိတ်ကိုလွှမ်းမိုးချုပ်ကိုင်ခြယ်လှယ်ချင်တဲ့သူ​တွေက ကိုယ့်ကို အမြင်မတူတဲ့သူနဲ့ အငြင်းအခုန်ဖြစ်လိုက်ရမှာ ကိုပဲ အပြစ်ရှိ​နေသလို ခံစားရတဲ့သူဖြစ်​အောင်၊ ကိုယ်မကြိုက်လို့မကြိုက်​ကြောင်း​ဖော်ပြမိရင် အခြားသူသ​ ဘောမကျမှာစိုးလို့ ငြိမ်​နေလိုက်ရတဲ့ အဖြစ်မျိုးရောက်အောင် တွန်းပို့ကြပြီး အဲဒီလို ဖြစ်နေပြီဆိုတာနဲ့ သူတို့ က ကိုယ့်ကို အပြည့်အဝထိန်းချုပ်ခြယ်လှယ်တော့တာပါပဲ။

ဒါကြောင့် အမှားလုပ်မိသွားမလား အလွန်အကျူးပူပန်တတ်ခြင်းဟာ လူမှုဆက်ဆံရေးကိစ္စတွေမှာ ကိုယ့်ကို လူဖြစ်ရှုံးစေပါတယ်။ သူတစ်ပါးရဲ့ ခြယ်လှယ်စိုးမိုးခြင်း မခံရဖို့နဲ့ ကိုယ့်ရဲ့သာယာချမ်းမြေ့မှုမဆုံးရှုံးစေဖို့ မှန်တယ် ထင်ရင် ရဲရဲပြော ရဲရဲလုပ်တဲ့အကျင့်ကို မွေးမြူရပါမယ်။

၄။ အလွန်အကြူးတုံ့ပြန်မိတယ်လို့ ခံစားရစေခြင်း။

ခွဲခြမ်းစိတ်ဖြာထိုးထွင်းသိမြင်နိုင်ခြင်းဟာ လွှမ်းမိုးချုပ်ကိုင်ခံရခြင်းကို တွန်းလှန်နိုင်ပါတယ်။ အဲဒါကြောင့် စိတ်ကိုလွှမ်းမိုးချုပ်ကိုင်ခြယ်လှယ်ချင်တဲ့သူ​တွေက ကျနော်တို့ရဲ့ ခွဲခြမ်းစိတ်ဖြာထိုးထွင်းသိမြင်နိုင်စွမ်းကို ကျနော်တို့ကိုယ်တိုင် သံသယဝင်သွားအောင် လုပ်လေ့ရှိပါတယ်။ သူတို့က ကျနော်တို့ရဲ့ ခွဲခြမ်းစိတ်ဖြာ ထိုးထွင်းသိမြင်မှုဟာ လွဲချော်နေတယ် ပြီးတော့ မလိုအပ်ဘဲ အလွန်အကြူးတုန့်ပြန်မိအောင် စေ့ဆော်နေ တယ်လို့ မြင်ရအောင် ကြိုးစားပါတယ်။ အဲဒီလိုနဲ့ ကျနော်တို့ရဲ့စိတ်ကို ကြိုးကိုင်ခြယ်လှယ်ပြီး သူတို့ရဲ့ဆန္ဒကို မဆန့်ကျင်ရဲ​အောင် တစ်ဆင့်ချင်း လုပ်လေ့ရှိတတ်ကြပါတယ်။ ဒါကြောင့် ကိုယ့်ရဲ့ ခွဲခြမ်းစိတ်ဖြာထိုးထွင်း သိမြင်နိုင်စွမ်းကို ယုံကြည်ပါ။

၅။ ထွက်ပေါက်မရှိတော့သလို ခံစားရစေခြင်း။

အခြားသူတွေရဲ့ စိတ်ကိုလွှမ်းမိုးချုပ်ကိုင်ခြယ်လှယ်ချင်တဲ့သူ​တွေဟာ သူတို့ပစ်မှတ်ထားတဲ့သူတွေရဲ့ စိတ်ထဲ မှာ  ဘဝကြီးက ​မျှော်လင့်ချက်မရှိတော့ဘူး၊ ဘယ်လိုမှဘာမှ လုပ်လို့မရတော့ဘူးလို့ ခံစားရ​အောင်လုပ်ရင်း အပြည့်အဝလွှမ်းမိုးနိုင်ဖို့ ကြိုးစားကြပါတယ်။ အဆုံးစွန်နာကျင်ရမဲ့လမ်း (အန္တရာယ်အများဆုံးလမ်း) တစ်ခုက လွဲပြီး တခြား ​ရွေးချယ်စရာမရှိ​တော့သ​ယောင် ထင်မြင်သွားအောင်မှိုင်း​သွင်းပြီး အမှန်ကိုမ​တွေးနိုင်​တော့ ​အောင် လုပ်ပါတယ်။ အဲဒီလိုနဲ့ သူတို့ရဲ့အမှားကို ငြင်းဆန်တုံ့ပြန်ဖို့အင်အားမှန်သမျှ ကိုယ့်မှာမရှိ​တော့ ​အောင်အထိ ဖန်တီးပါတယ်။ နောက်ဆုံးမှာ ကျနော်တို့ကို သူတို့ ယုံကြည်​စေချင်တဲ့အမှား​တွေကို ယုံကြည်ပြီး​နေထိုင်သွား​ဖို့ ရည်ရွယ်တာပဲ ဖြစ်ပါတယ်။

နားလည်ရင်ဆိုင်ခြင်း

ကိုယ့်စိတ်ကိုလွှမ်းမိုးချုပ်ကိုင်ခြယ်လှယ်ဖို့ကြိုးစားသူတွေကို အ​ကောင်းဆုံးရင်ဆိုင်နည်းက​တော့ သူတို့ရဲ့ သ​ဘောထားကို နားလည်သိမြင်တတ်ပြီး သူတို့ရဲ့ လွှမ်းမိုးမှု မသက်ရောက်နိုင်အောင် ကိုယ့်ကိုယ်ကို ပြင်ဆင်ထားဖို့ပါပဲ။

အပေါ်မှာ ပြောပြထားတဲ့အခြေအနေ​တွေကို ကိုယ့်ပတ်ဝန်းကျင်မှာ တွေ့ကြုံလာရပြီဆိုရင် သူတို့ကျော့ကွင်းထဲ  ကိုယ်လုံးလုံးကျမသွားခင်မှာ အမြန်ဆုံးတုံ့ပြန်မှု လုပ်ရတော့မှာ ဖြစ်ပါတယ်။

ကိုယ့်ရဲ့ ဖြစ်တည်မှု၊ ရပ်တည်မှု၊ ယုံကြည်မှု၊ တန်ဖိုးထားမှုနဲ့ တုန့်ပြန်နိုင်စွမ်းတွေအ​ပေါ်မှာ ရှင်းလင်းရေရာစွာ သိမြင်နားလည်ခံယူထားနိုင်အောင် ပြင်ဆင်ထားရမှာဖြစ်ပါတယ်။

ကိုယ်နဲ့ တခြားသူတွေကြားထဲက ဆက်ဆံရေးတွေကို အစကတည်းက ရှင်းလင်းပြတ်သားအောင် တည်ဆောက်  ရမှာပါ။ ဘောင်ကျော်စည်းကျော်နဲ့စေတနာမမှန်တဲ့ သူတွေနဲ့ ဆက်ဆံရေးတွေကို အမြန်ဆုံး ရပ်တန့်ပစ်ရပါမယ်။ ကိုယ့်အတွင်းစည်းထဲမှာ ကိုယ်တကယ်ယုံကြည်ရတဲ့သူ​တွေကိုပဲ​နေရာ​ပေးရပါ မယ်။  ကိုယ့်ရဲ့ ယုံကြည်မှုကို လွှမ်းမိုးချုပ်ကိုင်ပြီး အလွဲသုံးမဲ့သူမှန်သမျှကိုတော့  ကိုယ့်လူမှုအဝန်းအဝိုင်းမှာ ​နေစရာ မရှိအောင် လုပ်ရပါမယ်။ စိတ်ကိုလွှမ်းမိုးချုပ်ကိုင်ချယ်လှယ်ပြီး နိုင်ထက်စီးနင်းပြုကျင့် တတ်တဲ့သူတွေဟာ ကိုယ်ရော ကိုယ်ချစ်တဲ့ခင်တဲ့ သူတွေနဲ့ရော ဘာရေစက်မှ ရှိစရာမလိုဘူးဆိုတာရယ်၊ ကိုယ်ဟာ ကိုယ့်အကျိုး လိုလားသူတွေနဲ့သာ သံသရာ ခရီးတလျှောက် ဆက်လှမ်းဖို့ ထိုက်တန်သူဆိုတာရယ်ကို အမြဲမပြတ် နှလုံးသွင်းရပါမယ်။

မှီငြမ်း။  ။

https://www.psychologytoday.com/intl/blog/stress-fracture/202112/are-you-encouraging-gaslighting

ကျန်းမာရေးဝန်ကြီးဌာန၊

အမျိုးသားညီညွတ်ရေးအစိုးရ

ထုတ်ဝေသည့်နေ့စွဲ -- ၂၃ ဒီဇင်ဘာ ၂၀၂၁
နောက်ဆုံးမွမ်းမံသည့်နေ့စွဲ --- ၂၃ ဒီဇင်ဘာ ၂၀၂၁