အမျိုးသားညီညွတ်ရေးအစိုးရ၊ ကျန်းမာရေးဝန်ကြီးဌာနက WHO နှင့် UNICEF တို့ထံ ပေးပို့စာများဖြင့် ဆက်သွယ်အကြောင်းကြားခြင်း

မြန်မာနိုင်ငံတွင် အကြမ်းဖက်စစ်ကောင်စီက ကျန်းမာရေးကဏ္ဍအပေါ် အကြမ်းဖက်နေမှုများ၊ မြန်မာနိုင်ငံသို့ ပေးပို့မည့် နိုင်ငံတကာ လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ အကူအညီများနှင့်စပ်လျဉ်း၍ အမျိုးသားညီညွတ်ရေးအစိုးရ၊ ကျန်းမာရေးဝန်ကြီးဌာနက WHO နှင့် UNICEF တို့ထံ ပေးပို့စာများဖြင့် ဆက်သွယ်အကြောင်းကြားခြင်း

၂၀၂၂ ခုနှစ်၊ ဇွန်လ (၂၄) ရက်

အမျိုးသားညီညွတ်ရေးအစိုးရ၊ ကျန်းမာရေးဝန်ကြီးဌာနနှင့် ပညာရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ပါမောက္ခ ဒေါက်တာဇော်ဝေစိုးသည် (၂၂-၆-၂၀၂၂) ရက်နေ့တွင် ကမ္ဘာ့ကျန်းမာရေးအဖွဲ့ World Health Organization (WHO) ၏ ညွှန်ကြားရေးမှူးချုပ်ဖြစ်သူ Dr. Tedros Adhanom Ghebreyesus ထံ လိပ်မူ၍ မြန်မာနိုင်ငံတွင် (၁-၂-၂၀၂၁) ရက်နေ့က စစ်အာဏာသိမ်းပြီးနောက်ပိုင်း ကျန်းမာရေးလုပ်သားများ၊ ဆေးရုံ/ဆေးခန်းများ၊ လူနာတင်ယာဉ်များအပါအဝင်၊ ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းများအပေါ် အကြမ်းဖက်စစ်ကောင်စီ၏ အကြမ်းဖက်တိုက်ခိုက်မှုများအပေါ် WHO ၏ နှုတ်ဆိတ်နေမှုများနှင့် ယူကရိန်းနိုင်ငံတွင် လက်ရှိဖြစ်ပွားလျက်ရှိသော စစ်ပွဲအတွင်း ကျန်းမာရေးကဏ္ဍအပေါ် ထိခိုက်ခံစားရမှုများကို ကမ္ဘာ့ကုလသမဂ္ဂ (United Nations – UN) နှင့် WHO တို့က အရေးတယူ ထုတ်ပြန်ခဲ့သော်လည်း မြန်မာနိုင်ငံ၏ ကျန်းမာရေးကဏ္ဍအပေါ် အကြမ်းဖက်စစ်ကောင်စီ၏ အကြမ်းဖက်မှုများကိုမူ WHO ၏ Global Surveillance System for Attacks on Healthcare (SSA) စနစ်တွင်ပင် အချိန်နှင့်တစ်ပြေးညီ မှတ်တမ်းတင်မှု မရှိခြင်းကို ဝမ်းနည်းစွာ တွေ့ရှိရကြောင်း အကြောင်းကြားစာ ပေးပို့၍ အရေးဆိုခဲ့ပါသည်။ WHO အနေဖြင့် မည်သည့်အခြေအနေတွင်မဆို လူသားချင်းစာနာမှု၊ ဘက်မလိုက်မှု၊ သမာသမတ်ကျမှု၊ လွတ်လပ်မှု အစရှိသည့် လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ နိုင်ငံတကာ အခြေခံမူများကို လေးစားလိုက်နာရမည်ဖြစ်ပြီး ကျန်းမာရေးစောင့်ရှောက်မှုများ လိုအပ်နေသော မြန်မာပြည်သူများအတွက် ကျန်းမာရေးဆိုင်ရာ အကူအညီများကို ဘက်မလိုက်ဘဲ ဆောင်ရွက်ပေးရန်နှင့် အကြမ်းဖက်စစ်ကောင်စီ၏ အကြမ်းဖက်တိုက်ခိုက်မှု ခံနေရသော မြန်မာကျန်းမာရေးလုပ်သားများကို အကာအကွယ်ပေးရန် WHO တွင် တာဝန်ရှိသည်ဟု ယုံကြည်ကြောင်းလည်း ပေးပို့စာတွင် ထည့်သွင်းဖော်ပြခဲ့ပါသည်။

ထို့အပြင် ပြည်ထောင်စုဝန်ကြီးသည် (၂၂-၆-၂၀၂၂) ရက်နေ့တွင် ကမ္ဘာ့ကုလသမဂ္ဂ ကလေးများရန်ပုံငွေအဖွဲ့ (United Nations Children’s Fund - UNICEF) ၏ ဦးဆောင်ညွှန်ကြားရေးမှူးဖြစ်သူ Ms. Catherine Mary Russell ထံ လိပ်မူ၍ လူသားချင်းစာနာထောက်ထားမှု အကူအညီများနှင့် ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းများကို မြန်မာပြည်သူများသို့ အကူအညီပေးအပ်ရာတွင် အကြမ်းဖက်စစ်ကောင်စီမှတစ်ဆင့် ပေးအပ်ခြင်းသည် UN နှင့် နိုင်ငံတကာအဖွဲ့အစည်းများအပေါ် မြန်မာပြည်သူတို့၏ ယုံကြည်မှု ကျဆင်းစေကြောင်း၊ UNICEF ၏ မြန်မာနိုင်ငံဆိုင်ရာ ကိုယ်စားလှယ်အဖြစ် တာဝန်ထမ်းဆောင်မည့် Mr. Marcoluigi Corsi သည် ၎င်း၏ ခန့်အပ်လွှာကို တရားဝင်မှု မရှိသော အကြမ်းဖက်စစ်ကောင်စီထံ (၁၆-၆-၂၀၂၂) ရက်နေ့က ပေးအပ်ခဲ့ခြင်းအပေါ် ဝန်ကြီးဌာနအနေဖြင့် ကန့်ကွက်ရှုတ်ချကြောင်းနှင့် UNICEF အနေဖြင့် ကျန်းမာရေး၊ ပညာရေးနှင့် လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ အကူအညီများကို နိုင်ငံတကာ လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ အခြေခံမူများနှင့်အညီ အကူအညီ အမှန်တကယ်လိုအပ်လျက်ရှိသော ကလေးသူငယ်များအပါအဝင် ပြည်သူများထံသို့ ရောက်ရှိအောင် ဘက်မလိုက်သော အဖွဲ့အစည်းများမှတစ်ဆင့် ပေးပို့ဆောင်ရွက်ရမည်ဖြစ်ကြောင်း စာဖြင့် ဆက်သွယ်အကြောင်းကြားခဲ့ပါသည်။

ကျန်းမာရေးဝန်ကြီးဌာန၊

အမျိုးသားညီညွတ်ရေးအစိုးရ

ထုတ်ဝေသည့်နေ့စွဲ ၂၄ ဇွန် ၂၀၂၂
နောက်ဆုံးမွမ်းမံသည့်နေ့စွဲ ၂၄ ဇွန် ၂၀၂၂