” ဆေးခန်းဘယ်လိုပြရမှာလဲ “
” ဘိုကင်ဘယ်လိုတင်ရမလဲ “
” ဆရာဝန်က video call ခေါ်မှာလား “
” ဆေးခန်းက လာပြရမှာလား မအားလို့ “
” ဆွေးနွေးခက ဘယ်လောက်ပေးရမှာလဲ “
” ဟိုအထူးကု၊ ဒီအထူးကုနဲ့ ပြချင်လို့ “
” အခုပြလို့မရဘူးလား၊ ဒီCbကပဲမေးလို့မရဘူးလား “
” ဆေးခန်းဝင်မပြချင်လို့ Admin တွေကပဲ မေးခွန်းဖြေပေးပါ “
” အခုဖြေပေးနေတာ လူလား chat bot လား “
” ဒီနေ့ညနေက မပြဖြစ်လိုက်လို့ အဲ့ဒါ အားလည်းနာပါတယ် အခုပြလို့ရသေးလား “
xxxxxxxxxxxxxxxxxxxxxx



ဒါလေးတွေဟာ တယ်လီကျန်းမာ messengerမှာ နေ့စဥ်ကြုံနေရတဲ့ ပုံစံတူမေးခွန်းလေးတွေပါ…
အွန်လိုင်းဆေးခန်းပါလို့ ကြေငြာထားရက်နဲ့
” ဆေးခန်း ဘယ်နားဖွင့်တာလဲ “လို့ မေးလာတော့…မိုးပေါ်ပဲ ထိုးပြရမလိုလို ၊ တာဝါတိုင်ပဲ လက်ညှိုးထိုးရမလိုလို…..
အခမဲ့ပါဆို…
” ဆွေးနွေးခဘယ်လောက်လဲ ” ဆိုတာဟာ အခုလို အခမဲ့ဆွေးနွေးပေးနေတယ်ဆိုတာကို တကယ်ကြီး မယုံကြည်နိုင်ကြလို့များလား ?
အထူးကုနဲ့ပြသဖို့ဆိုရင်…
အထွေထွေဆေးခန်းမှာ အရင်ပြသပြီး ၊ ရောဂါအခြေအနေအရ လိုအပ်တဲ့လူနာတွေကိုပဲ အထူးကုဆီ ဆက်လွှဲပေးတယ်ဆိုတာ မသိကြတာလား ?
ဘယ်လိုပဲဖြစ်ဖြစ်ပါလေ…
ဒါတွေက ဖြေရှင်းပေးဖို့ ပြောပြပေးဖို့ လွယ်ပါတယ်
ဒါပေမယ့်…
ဖြေရှင်းဖို့အခက်ဆုံး (အကြောက်ဆုံး) စာသားတွေလည်း ရှိနေပါတယ်
….
….
” ဆရာက အခုထိ ကြည့်မပေးသေးလို့ “
” စောင့်နေတာကြာပြီ ၊ ဆရာ့ဘက်က seenမဖြစ်သေးလို့ “
” ဆရာက reply မပြန်လို့ “
ဒါမျိုးတွေတွေ့ရင်တော့….
အမြှီးက စ ကိုင်ရမလား ၊ ခေါင်းက စ ကိုင်ရမလား…စိတ်ရှုပ်ပြီး ခေါင်းကုပ်ရတာပါပဲ
xxxxxxxxxxxxxxxxxxxxxxxxxxxxxxx
တကယ်တော့…
တယ်လီကျန်းမာမှာ ဘိုကင်အချိန်တွေကို ၁၅မိနစ်စီခြားပြီး စီထားပါတယ်
ဥပမာ။ ။ 4pm….4:15pm….4:30pm…4:45pm
အဲ့သလိုမျိုးပေါ့
အကယ်၍ လူနာတစ်ယောက်ဟာ သတ်မှတ်ချိန်မှာ လာမပြဘဲ (၅)မိနစ် (၁၀)မိနစ်လောက် နောက်ကျပြီးမှရောက်လာရင်တော့ နောက်လူနာတွေ ဒုက္ခရောက်ပါပြီ
နောက်ကျမှရောက်လာတဲ့လူနာကို ဆရာဝန်ကပြီးပြတ်အောင် ကြည့်ပေးနေရတဲ့အခါ ၊ အချိန်မှန်ရောက်တဲ့ နောက်လူနာခမျာ စောင့်နေရရှာပါလေရော….
အချိန်မှန်တဲ့လူနာကို ကြည့်ပေးနိုင်ချိန်မှာတော့ သူ့အတွက်လည်း (၅)မိနစ် (၁၀)မိနစ် နောက်ကျမှ ကြည့်ပေးရသလိုမျိုးဖြစ်သွားပါတယ်
ဒီလိုနဲ့ မီးရထားတွဲများလို ရှေ့ဆုံးတစ်တွဲ ထဖောက်တဲ့အခါ နောက်တွဲတွေပါ ဆင့်ကဲဆင့်ကဲ ဒုက္ခရောက်ကုန်ကြတာပေါ့
…
…
ဒါ့ကြောင့်
တယ်လီကျန်းမာကို လာရောက်ပြသဆွေးနွေးကြတဲ့လူနာများကို အထူးမေတ္တာရပ်ခံလိုတာလေးက
(၁) ချိန်းဆိုထားတဲ့အချိန် ကွက်တိရောက်အောင် လာပေးပါ ( နောက်မကျပါ့စေနဲ့…ဖြစ်နိုင်ရင် နည်းနည်းစောလာပြီး စောင့်နေပေးပါ )
(၂) ကိုယ့်အတွက် အချိန် (၁၅)မိနစ်ပြီးရင် နောက်လူနာရှိနေသေးတယ်ဆိုတာလေးကို သတိမူပေးပါ
(၃) မလိုအပ်ဘဲ အချိန်ကုန်စေမယ့် ကိစ္စမျိုးတွေ ရှောင်ရှားပေးပါ ( ဥပမာ၊ ၊ ဖုန်းမပြောချင်ဘူး…စာနဲ့ပဲ ရိုက်ပြောပေးပါဆိုတာမျိုး )
(၄) မိမိရဲ့ လူနာအမှတ် IDကို သေချာစွာ မှတ်သားပေးကြပါ ( IDအမှတ်မှာ ဂဏန်း ၈လုံးရယ် လူနာအမည်ရဲ့ အတိုကောက်အင်္ဂလိပ်စာလုံးလေးတွေရယ် ပါပါတယ်နော် )
(၅) ဖြစ်နိုင်ရင် ဆေးခန်းပြမယ့်အချိန်မှာ အင်တာနက်လိုင်းကောင်းတဲ့နေရာမှာ ရှိနေစေဖို့ ကြိုတင်ပြင်ဆင်ထားပေးနိုင်ရင်တော့ အကောင်းဆုံးပါပဲ ဘုရားဒါယိကာ/ကျောင်းဒါယိကာမ တို့ရေ
….
….
တယ်လီကျန်းမာဟာ လူနာတိုင်းရဲ့အခက်အခဲတွေကို ကိုယ်ချင်းစာပြီး ကြိုးစားဖြေရှင်းပေးနေပါတယ်
ဒါပေမယ့် တချို့ကိစ္စလေးတွေကတော့ လူနာတွေကိုယ်တိုင် ပါဝင်ကူညီပေးမှ အဆင်ပြေမယ့်ကိစ္စလေးတွေမို့လို့
အားလုံးပဲ ပူးပေါင်းပါဝင် ကူညီပေးကြပါလို့ မေတ္တာရပ်ခံလိုပါတယ်
ကူညီပေးကြပါ
အချိန်မှန်ကြပါစေ
အားလုံးလည်း အစစအရာရာ အဆင်ပြေကြပါစေ
” မိုးအကုန် ဆောင်းအကူးမှာဖြစ်တတ်တဲ့ ရာသီတုပ်ကွေးအန္တရာယ်ကနေလည်း ဂရုပြုကြပါလို့ ပြောကြားရင်း….”
…
…
တယ်လီကျန်းမာ လူတိုင်းအတွက်ပါ
ကျန်းမာရေးဝန်ကြီးဌာန၊
အမျိုးသားညီညွတ်ရေးအစိုးရ

ထုတ်ဝေသည့်နေ့စွဲ -- ၆ ဩဂုတ် ၂၀၂၂
နောက်ဆုံးမွမ်းမံသည့်နေ့စွဲ --- ၆ ဩဂုတ် ၂၀၂၂