Basal Cell Carcinoma (သို့) အရေပြားကင်ဆာတစ်မျိုး ( August, 2022 )

Basal Cell Carcinoma (သို့) အရေပြားကင်ဆာတစ်မျိုး ( August, 2022 )

◼️ ဘာကြောင့် အရေပြားကင်ဆာဖြစ်ရလဲ ?
အဓိကကတော့ နေ‌ရောင်ပြင်းပြင်းနဲ့ အချိန်ကြာကြာ အထိအတွေ့များခြင်းကြောင့် အရေပြားအတွင်းပိုင်းကဆဲလ်တွေ ပျက်စီး‌ပြောင်းလဲလာတာပါပဲ။ ပြောင်းလဲရာကနေ ကင်ဆာ အလုံးအကျိတ်တည်ပြီး အဲ့သည်ကနေ အနာဖြစ်လာတယ်။ အဲ့သည့်နောက် အနာတဖြည်းဖြည်းကြီးလာပြီး ကင်ဆာဆဲလ်ပြန့်သမျှ နေရာတိုင်းမှာ တစ်ရှူးတွေ ပျက်ဆီးကုန်ပါတယ်။ ဒါပေမယ့် အဲ့လို အနာအကြီးကြီးဖြစ်လာဖို့ နှစ်အတော်ကြာ အချိန်ယူရပါတယ်။ ပြီးတော့ တခြားကင်ဆာတွေနဲ့ယှဉ်ရင် ခန္ဓာကိုယ်နေရာအနှံ့ ပျံ့နှံ့နိုင်ချေ နည်းတဲ့အတွက် အချိန်မီသတိပြုမိရင် ထိရောက်စွာ ကုသနိုင်ပါတယ်။ ဆိုရရင် အရေပြားကင်ဆာကြောင့် အသက်ဆုံးရှုံးနိုင်ချေကတော့ အလွန်နည်းပါးပါတယ်။

◼️ ဘယ်လိုလူတွေမှာ အရေပြားကင်ဆာ ဖြစ်တတ်လဲ ?
လူတိုင်းမှာ ဖြစ်နိုင်ပေမယ့် အသားဖြူ၊ အသားလတ်တဲ့ သက်လတ်ပိုင်းတွေ၊ သက်ကြီးပိုင်းတွေမှာ အတွေ့ရများပါတယ်။ အသားညို၊ အသားမည်း တဲ့ သူတွေကတော့ သူတို့အရေပြားမှာ နေရောင်ကို အကာအကွယ်ပေးတဲ့ မယ်လနင် (melanin) တွေ လုံလုံလောက်လောက် ထုတ်ပေးထားတဲ့အတွက် အရေပြားကင်ဆာဖြစ်နိုင်ချေ အလွန်နည်းပါတယ်။ ကလေးတွေမှာဆိုလည်း သူတို့ခံနိုင်ရည်ထက်ပိုပြင်းတဲ့ နေရောင်နဲ့ တိုက်ရိုက်ထိတွေ့ရတဲ့အခါ အရေပြားကင်ဆာဖြစ်ဖို့ အလားအလာရှိပါတယ်။

◼️ရောဂါလက္ခဏာတွေက ဘာလဲ ?
အရေပြားမှာ ပေါ်လာတဲ့ ဖုလုံးသေးသေးလေး‌တွေက အစောဆုံးတွေ့ရတဲ့ လက္ခဏာပါ။ သူက ရက်သတ္တပတ် အတော်ကြာ၊ လအတော်ကြာတဲ့ အထိ ပုံမှန် ဖုလုံးတွေလို ပျောက်မသွားတတ်ပါဘူး။ ပြီးတော့ နာတာ၊ ယားတာ၊ လောင်တာ မရှိ၊ ထိလိုက်တာနဲ့ ဆတ်ခနဲ နာတာမျိုးမရှိ။ ပြီးတော့မှ တဖြည်းဖြည်းနဲ့ အလုံးက ကြီးလာတာမျိုးပါ။

◼️အလုံးက ဘယ်လိုပုံစံမျိုးဖြစ်မလဲ ?
▪️ပုလဲလုံးလို တောက်တောက်ပပ အသွေးရှိတယ်။
▪️အနာဖြစ်လာရင်လည်း အနာရဲ့အလယ်ဗဟိုဟာ ၅ မီလီမီတာလောက် ရှိမယ်။
▪️အနာဟာ ဇောက်နက်ပြီး လိပ်တက်နေမယ်။ ဇောက်တစ်လျှောက်မှာ သွေးကြောမျှင် သေးသေးလေးတွေ တွေ့ရမယ်။
▪️အမာရွတ်တက်ပြီး ပျောက်သလိုထင်ရပေမယ့် အတွင်းသားအနာကတော့ ပျောက်မသွားပါဘူး။
▪️ပြီးတော့ အနာကနေ သွေးထွက်နိုင်ပါတယ်။
ဆိုပြီးတဲ့အတိုင်း အရေပြားကင်ဆာဟာ တခြားဝေးဝေးလံလံ အစိတ်အပိုင်းတွေကို ပျံ့နှံ့ခဲပါတယ်။ ဒါပေမယ့် လုံးဝအမှုမဲ့အမှတ်မဲ့နေရင်တော့ အနာနဲ့ နီးတဲ့ အစိတ်အပိုင်းတွေ (ဥပမာ မျက်လုံး၊ နှာခေါင်း) တို့ကို ပျံ့နှံ့ပြီး ဒုက္ခ‌ပေးနိုင်ပါတယ်။

◼️ဘယ်လိုစစ်ဆေးမလဲ ? ကုသမလဲ ?
ပုံမှန်အားဖြင့် လူနာပြလာတဲ့ အရေပြားပေါ်က အလုံးကို ကြည့်ရုံနဲ့ ဆရာဝန်များက အရေပြားကင်ဆာဖြစ်ကြောင်း အတည်ပြုနိုင်ကြပါတယ်။
ကုသနည်းကတော့ ဒီအလုံးကို ဖယ်ရှားရမှာပါ။
▪️ Cryosurgery ဆိုတဲ့ အေးခဲနည်းနဲ့ ဖယ်ရှားတာမျိုး လုပ်နိုင်ပါတယ်။
▪️Aldara Cream လိမ်းလို့လည်း ရပါတယ်။
▪️လေဆာပစ်၊ ရောင်ခြည်ကုထုံးနဲ့လည်း ဖယ်ရှားနိုင်ပါတယ်။
▪️ဇွန်းပုံစံ ခြစ်ထုတ်တဲ့ ကိရိယာသုံးပြီးလည်း ခြစ်ထုတ်ဖယ်ရှားနိုင်ပါတယ်။
နည်းလမ်းအားလုံးက ပျောက်ကင်းနှုန်းမြင့်မားပြီး အမာရွတ်သေးသေးလေးသာ ထင်ကျန်နိုင်ပါတယ်။
အကောင်းဆုံးကတော့ အပြီးတိုင် ဖြတ်ထုတ်ပစ်ပြီး အရေပြားကို မိုက်ခရိုစကုပ်အောက်မှာ တဖန်စစ်ဆေးရမှာပါပဲ။

◼️ အလုံးကို ဖယ်ရှားပြီးတဲ့ အခါမှာကော ဘယ်လိုနေထိုင်ရမလဲ ?
ဖယ်ရှားပြီးတဲ့အခါ ပုံမှန်စစ်ဆေးပေးရပါမယ်။ ဘာလို့လဲဆိုတော့ အရေပြားမှာ ကျန်နေတဲ့ ကင်ဆာဆဲလ်တချို့ဟာ ဒုက္ခထပ်ပေးနိုင်လို့ပါ။ အများအားဖြင့် ဖယ်ထုတ်ပြီး နှစ်နှစ်အတွင်း ပြန်ဖြစ်တတ်ပါတယ်။ ဒါကြောင့် တချို့လူတွေဟာ သူတို့ဘဝ သက်တမ်းတလျှောက် အကြိမ်ရေများစွာ ဒီအလုံးကို ဖယ်ရပါတယ်။ အဓိကကတော့ ထပ်မဆိုးအောင် ကာကွယ်ခြင်းပါပဲ။ နေပူထဲထွက်တဲ့အခါ နေကာဖို့အတွက် ဦးထုပ်ဆောင်းပါ။ မျက်မှန်တပ်ပါ။ နေရောင်ပြင်းပြင်းနဲ့ တိုက်ရိုက်ထိတွေ့တာမျိုး တတ်နိုင်သမျှ ရှောင်ပေးပါ။ အနည်းဆုံး SPF 30+ ရှိတဲ့ sunscreen လိမ်းပေးပါ။ နေရောင်နဲ့ တိုက်ရိုက် အထိအတွေ့များတဲ့ နေရာတွေကိုတော့ SPF 30+ အထက်ရှိတဲ့ sunscreen လိမ်းပေးရင်တော့ ပိုကောင်းပါလိမ့်မယ်။

Reference 📚 Murtagh,J , 2016. Murtagh’s patient education. 6th Ed. Australia:Mcgraw-Hill Australia,pp. 228

❤️ NUG, MOH တယ်လီကျန်းမာ ၊ လူတိုင်းအတွက်ပါ ❤️

👉 တယ်လီကျန်းမာတွင် ဆရာဝန်များနှင့် အွန်လိုင်းမှ အခမဲ့တိုင်ပင်ဆွေးနွေးနိုင်ပါသည်
*** ပိတ်ရက်မရှိပါ ***

ကြိုတင်ဘိုကင်ယူရန်အတွက်( https://m.me/telehealthmm )ကို နှိပ်ပါ
( နေ့စဉ် မနက် ၈နာရီမှ ည၁၀နာရီအထိ )

ကျန်းမာရေးဝန်ကြီးဌာန၊

အမျိုးသားညီညွတ်ရေးအစိုးရ

ထုတ်ဝေသည့်နေ့စွဲ -- ၂၃ ဩဂုတ် ၂၀၂၂
နောက်ဆုံးမွမ်းမံသည့်နေ့စွဲ --- ၂၃ ဩဂုတ် ၂၀၂၂