အသည်းကွဲလို့ ရင်ကွဲနာကျလို့ သေနိုင်လား ?

အသည်းကွဲလို့ ရင်ကွဲနာကျလို့ သေနိုင်လား ?

အသည်းကွဲဝေဒနာ ( Broken Heart Syndrome ) ဆိုတာ ဆေးပညာမှာ တကယ်ရှိပါတယ်။ ဒီ Broken Heart Syndrome ဆိုတာ ကိုယ်ချစ်ရတဲ့သူတစ်ယောက်ယောက် ဆုံးပါးတာ၊ ချစ်ရသူနဲ့ လမ်းခွဲရတာ စတဲ့ဝမ်းနည်းကြေကွဲဖွယ်ကောင်းတဲ့အဖြစ်အပျက်တွေကြောင့် ရင်ဘတ်အောင့်တာ၊ အသက်ရှူမဝတာ စတာတွေ ခံစားရခြင်းဖြစ်ပါတယ်။

ဒီလိုအသည်းကွဲဝေဒနာကို stress-induced cardiomyopathy or Takotsubo cardiomyopathy လို့လည်း ခေါ်ကြပါတယ်။

.

💔ဘာကြောင့် Broken Heart Syndrome ဖြစ်ရသလဲ ?

အလွန်အမင်း စိတ်ထိခိုက်ဝမ်းနည်းဖွယ် အဖြစ်အပျက်နဲ့ ကြုံရတဲ့အခါ ခန္ဓာကိုယ်ကနေ stress hormones တွေထွက်လာပြီး နှလုံးရဲ့သွေးပို့လွှတ်ခြင်းကို ခဏတာရပ်တန့်သွားစေပါတယ်။

နှလုံးဘယ်ဘက်အခန်းနံရံကလည်း အားနည်းလာပြီး သွေးထုတ်ပေးတာ ရပ်လာပါတယ်။ အဲ့ဒီအခါ ရင်ဘတ်အောင့်တာ၊ နှလုံးသွေးလည်ပတ်မှုမကောင်းတာ စတာတွေဖြစ်လာပါတယ်။

Broken Heart Syndrome ဟာ မကုသဘဲထားမယ်ဆိုရင် ရုတ်တရက်နှလုံးရပ်ခြင်း ( Heart attack )လိုပဲ အသက်သေဆုံးနိုင်ပါတယ်။ ရှားတာတော့ အတော်ရှားပါတယ်။

.

💔 Broken Heart Syndrome မှာ ဘယ်လိုရောဂါလက္ခဏာတွေ ခံစားရမလဲ ?

အဖြစ်များဆုံး လက္ခဏာတွေကတော့ ရင်ဘတ်အောင့်တာ၊ အသက်ရှူရခက်တာတွေပဲ ဖြစ်ပါတယ်။ တခြားအနေနဲ့…

* မူးဝေခြင်း၊ သတိလစ်ခြင်း

* သွေးပေါင်ကျခြင်း

* ပျို့အန်ခြင်း

* နှလုံးခုန်နှုန်းမမှန်ခြင်းစတဲ့ လက္ခဏာတွေလည်း ခံစားရနိုင်ပါသေးတယ်။ အကယ်လို့ Heart attack လိုလက္ခဏာတွေ ခံစားရတယ်ဆိုရင် နီးစပ်ရာဆေးရုံဆေးခန်းကို အမြန်သွားဖို့ လိုပါတယ်။

.

💔 ဘယ်လိုအရာတွေက Broken Heart Syndrome ကို ဖြစ်စေသလဲ ?

အလွန်အမင်းစိတ်လှုပ်ရှားတဲ့အခါ ၊ ဝမ်းနည်းစိတ်ထိခိုက်ဖွယ်အဖြစ်အပျက်နဲ့ ကြုံရတဲ့အခါ stress hormones တွေထွက်ပြီး Broken Heart Syndrome ဖြစ်ဖို့ လှုံ့ဆော်ပေးပါတယ်။ တစ်ခါတစ်ရံ အရမ်းပျော်ပြီးစိတ်လှုပ်ရှားတဲ့အခါလည်း ဖြစ်နိုင်ပါသေးတယ်။

ဒါ့အပြင် ရှားတော့ရှားပေမယ့် Epinephrine, Duloxetine, Venlafaxine, Levothyroxine and Methamphetamine စတဲ့ဆေးတွေကလည်း Broken Heart Syndrome ကို ဖြစ်စေနိုင်တာတွေ့ရပါတယ်။

.

💔 ဘယ်သူတွေမှာ ပိုအဖြစ်များသလဲ ?

အမျိုးသမီးတွေဟာ အမျိုးသားတွေထက် Broken Heart Syndrome ကို ခံစားရနိုင်ခြေ ပိုများပါတယ်။ အထူးသဖြင့် အသက် ၅၀ ကျော် အမျိုးသမီးတွေမှာ estrogen hormone နည်းလာတာကြောင့် ပိုအဖြစ်များပါတယ်။

* အသက် ၅၀ ကျော်သူများ

* မျိုးရိုးထဲတွင် ရောဂါရှိဖူးသူများ

* ဦးနှောက်ထိခိုက်ဖူးသူများ

* အတက်ရောဂါရှိသူများ

* စိတ်ကျရောဂါရှိသူတွေမှာ ပိုပြီးအဖြစ်များပါတယ်။

.

💔 ဘယ်လို စစ်ဆေးကုသမှုတွေ လုပ်မလဲ ?

ဆရာဝန်နဲ့ပြသပြီး စစ်ဆေးမှုခံယူတာ၊ ECG ဆွဲတာ၊ သွေးစစ်တာ၊ နှလုံးသွေးကြောစစ်ဆေးတာ ( Coronary angiogram )၊ နှလုံး echo ရိုက်တာ၊ Chest X-ray ရိုက်တာနဲ့ Radionuclide perfusion imaging ရိုက်တာ စတာတွေ ပြုလုပ်နိုင်ပါတယ်။

Broken Heart Syndrome ဟာ ကုသရင်ပျောက်နိုင်တဲ့ရောဂါပဲ ဖြစ်ပါတယ်။ ဆရာဝန်ညွှန်ကြားချက်နဲ့ ACE inhibitors, ARBs, Beta blockers, Diuretics and anti-anxiety medications စတဲ့ဆေးတွေ သောက်သုံးနိုင်ပါတယ်။

.

💔 Broken Heart Syndrome မှာ ဘယ်လိုနောက်ဆက်တွဲရောဂါတွေ ခံစားရနိုင်သလဲ ?

အသည်းကွဲဝေဒနာကြောင့် အသက်သေဆုံးရတယ်ဆိုတာကတော့ အလွန်ရှားတဲ့ဖြစ်စဉ်ပါ။ အများစုက သက်သာပျောက်ကင်းနိုင်ပြီး တချို့ကတော့ အောက်ဖော်ပြပါ နောက်ဆက်တွဲဆိုးကျိုးတွေ ခံစားရနိုင်ပါတယ်…

* နှလုံးအဆို့ရှင်ပျက်စီးခြင်း

* နှလုံးပုံမှန်အလုပ်မလုပ်တော့ခြင်း

* သွေးပေါင်ကျခြင်း

* အဆုတ်ထဲ သွေးများဝင်ခြင်း

* နှလုံးခုန်မူမမှန်ခြင်း

.

💔 အသည်းကွဲဝေဒနာနဲ့ Heart attack ဘာတွေ ကွာခြားသလဲ ?

ခံစားရတဲ့ရောဂါလက္ခဏာတွေက ဆင်တူပေမယ့် ရောဂါဖြစ်စဉ်ကတော့ ကွာခြားပါတယ်။ Heart attack က နှလုံးသွေးကြောပိတ်ပြီး နှလုံးက ပုံမှန်သွေးမပို့နိုင်တော့တာကြောင့် ဖြစ်ပါတယ်။ Broken Heart Syndrome မှာတော့ stress hormones ကြောင့် နှလုံးရဲ့သွေးပို့လွှတ်နိုင်နှုန်းကျလာတာပဲ ဖြစ်ပါတယ်။ ပြီးတော့ Broken Heart Syndromeဟာ ကုသရင်လည်း အလွယ်တကူ သက်သာပျောက်ကင်းနိုင်ပါတယ်။

မှီငြမ်း 📚

https:// www. webmd .com/heart-disease/can-you-die-broken-heart

❤️ NUG, MOH တယ်လီကျန်းမာ ၊ လူတိုင်းအတွက်ပါ ❤️

👉 တယ်လီကျန်းမာတွင် ဆရာဝန်များနှင့် အွန်လိုင်းမှ အခမဲ့တိုင်ပင်ဆွေးနွေးနိုင်ပါသည်

*** ပိတ်ရက်မရှိပါ ***

ကြိုတင်ဘိုကင်ယူရန်အတွက် တယ်လီကျန်းမာ၏ messengerသို့ ဆက်သွယ်ပါ

( နေ့စဥ် မနက် ၈နာရီမှ ည၁၀နာရီအထိ )

ကျန်းမာရေးဝန်ကြီးဌာန၊

အမျိုးသားညီညွတ်ရေးအစိုးရ

Published on: 18 January 2023
Last Updated: 18 January 2023