သည်းခြေအိတ်ကင်ဆာဆိုတာ မပြောခင် သည်းခြေအိတ်အကြောင်းလေး အနည်းငယ် ပြောပြချင်ပါတယ်…
သည်းခြေအိတ်ဆိုတာ အသည်းကထုတ်ပေးတဲ့ အစာခြေပေးတဲ့သည်းခြေရည်ကို (အစာစားချိန်မှ အူလမ်းကြောင်းထဲ ထုတ်ပေးနိုင်ဖို့) ကြားကာလမှာ ယာယီအားဖြင့် သိုလှောင်ပေးတဲ့ အိတ်ငယ်လေးပါ။ ချက်အပေါ် ဗိုက်ရဲ့ညာဘက် အသည်းအောက်ခြေနားမှာ ကပ်တွယ်နေတာပါ။
.
သည်းခြေအိတ်ရဲ့ ရောဂါ/ပြဿနာတွေကတော့…
– ကျောက်မရှိဘဲ သည်းခြေအိတ်ရောင်ခြင်း
– သည်းခြေကျောက်တည်ခြင်း
– သည်းခြေကျောက်ကြောင့် သည်းခြေအိတ်ရောင်ခြင်း
– သည်းခြေအိတ် ပြည်တည်ခြင်း
– သည်းခြေအိတ် ပြည်တည်နာပေါက်ခြင်း
– သည်းခြေအိတ် ခဏခဏရောင်ခြင်းနဲ့
– သည်းခြေအိတ် ကင်ဆာတို့ပဲ ဖြစ်ပါတယ်။
နောက်ဆုံးမှ ရေးထားသလိုပဲ သည်းခြေအိတ်ကင်ဆာဟာ အဖြစ်လည်း နည်းပါတယ်။ စောစောသိရင် ခွဲစိတ်ပြီး ပျောက်ကင်းအောင် ကုသနိုင်ခြေအခွင့်အလမ်းကောင်း ရှိပါတယ်။ ဒါပေမယ့်လည်း ကံမကောင်းစွာနဲ့ လူနာအများစုဟာ နောက်ကျမှသိကြရပြီး….အဲဒီလို အသိနောက်ကျရင်တော့ ကုသမှုရဲ့ရလဒ်အလားအလာက မကောင်းပါဘူး။
…
…
သည်းခြေအိတ်ကင်ဆာဟာ ဘာလို့နောက်ကျမှ သိရလဲဆို ရောဂါလက္ခဏာတွေကို တိတိကျကျ မခံစားရတာနဲ့ ရောဂါလက္ခဏာ မပြတာတွေကြောင့် ဖြစ်ပါတယ်။
သည်းခြေအိတ်ကင်ဆာ ဖြစ်ရင် အောက်ပါလက္ခဏာတွေတော့ ခံစားရတတ်ပါတယ်…
– ချက်အပေါ် ဗိုက်ညာဘက် အောင့်တတ်ပါတယ်။
– လေကယ်သလို လေပွသလိုဖြစ်တတ်ပါတယ်။
– ပိန်သွားတတ်ပါတယ်။
– အသားဝါ၊ မျက်လုံးဝါ ဖြစ်လာပါတယ်။
ဒီလက္ခဏာတွေက အခြားရောဂါတွေမှာလည်း ဖြစ်တတ်တာမို့ လွတ်သွားတတ်ပါတယ်။
ဒါပေမယ့် ဒီလက္ခဏာတွေပေါ်လာရင်/ခံစားရရင်တော့ ဆရာ၀န်နဲ့ပြသင့်ပါတယ်။
..
..
သည်းခြေအိတ်ကင်ဆာ ဖြစ်နိုင်ခြေရှိသူများ (Risk factor)…
– အမျိုးသမီးတွေက ပိုဖြစ်နိုင်ခြေရှိပါတယ်။
– အသက်ကြီးလေ ဖြစ်နိုင်ခြေများလေပါ။။
– သည်းခြေကျောက်တည်သူ (အထူးသဖြင့် ကျောက်အရွယ်အစားကြီးရင်) ပိုဖြစ်နိုင်ပါတယ်။
သည်းခြေကျောက်တည်ခြင်းက အဖြစ်များပေမယ့် သည်းခြေအိတ်ကင်ဆာကတော့ အဖြစ်နည်းပါတယ်။
– သည်းခြေအိတ် ခဏခဏရောင်ခြင်း၊ အသားပို ရှိခြင်း၊ ပိုး၀င်ခြင်းတွေကလည်း သည်းခြေအိတ်ကင်ဆာ ဖြစ်စေနိုင်ပါတယ်။
– ကိုယ်ခံအားကြောင့် သည်းခြေလမ်းကြောင်း ရောင်ရမ်းတဲ့ရောဂါ (primary sclerosing cholangitis) တွေရှိရင် သည်းခြေအိတ်ကင်ဆာနဲ့အတူ အသည်းနဲ့ သည်းခြေလမ်းကြောင်း ကင်ဆာတွေပါ ဖြစ်နိုင်ခြေများပါတယ်။
..
..
ဒါကြောင့် ဖော်ပြပါလက္ခဏာတွေခံစားရရင်၊ ဖော်ပြပါ risk factor တွေရှိရင် ဆရာ၀န်နဲ့ သေချာပြတိုင်ပင်ပါ။ အစိုးရိမ်လည်း မကြီးပါနဲ့။ ပေါ့လည်းမပေါ့ပါနဲ့လို့မှာကြားလိုက်ရပါတယ်…။
Reference
https:// http://www.mayoclinic.org/…/symptoms-causes/syc-20353370
NUG, MOH တယ်လီကျန်းမာ ၊ လူတိုင်းအတွက်ပါ
တယ်လီကျန်းမာတွင် ဆရာဝန်များနှင့် အွန်လိုင်းမှ အခမဲ့တိုင်ပင်ဆွေးနွေးနိုင်ပါသည်
*** ပိတ်ရက်မရှိပါ ***
( နေ့စဥ် မနက် ၈ နာရီမှ ည ၁၀ နာရီအထိ )
ကြိုတင်ဘိုကင်ယူရန်အတွက် (https://m.me/telehealthmm ) ကို နှိပ်ပါ
#nugmoh#telehealth#telemedicine
#teleconsultation#တယ်လီကျန်းမာ#Telekyanmar
#Carcinoma_Gallbladder#သည်းခြေအိတ်ကင်ဆာ
ကျန်းမာရေးဝန်ကြီးဌာန၊
အမျိုးသားညီညွတ်ရေးအစိုးရ

Published on: 9 June 2023
Last updated: 9 June 2023