အဖြစ်များသော အရေပြား ပြဿနာများ (ဒီဇင်ဘာလ၊ ၂၀၂၂ ခုနှစ်)

အဖြစ်များသော အရေပြား ပြဿနာများ (ဒီဇင်ဘာလ၊ ၂၀၂၂ ခုနှစ်)

(၁) ခြင်၊ မှက်၊ ဖြုတ် စသည်တို့ အကိုက်ခံရခြင်းကြောင့် ဖြစ်ပွားသော ယားနာများ
(၂) ပွေးရောဂါများ
(၃) ဝဲစို၊ ဝဲခြောက်များ
(၄) အင်ပြင်ထခြင်း
(၅) ဆပ်ပြာမှုန့်၊ ဆပ်ပြာဆီ ထိတွေ့မှုများကြောင့်ဖြစ်သော အရေပြား‌ရောင်ရမ်းနာများ

(၁) ခြင်၊ မှက်၊ ဖြုတ် စသည်တို့ အကိုက်ခံရခြင်းကြောင့် ဖြစ်ပွားသော ယားနာများ

ယင်းအင်းဆက်များ ကိုက်ခံရပါက လူအချို့မှာ မည်သို့မှ မဖြစ်သော်လည်း၊ အချို့သောသူများ၏ အရေပြားများမှာ အလွန်အမင်း တုံ့ပြန်မှုဖြစ်ပွားပြီး အနီဖု၊ အရည်ကြည်ဖုများ ဖြစ်ပေါ်လာကာ မခံမရပ်နိုင်အောင် ယားယံတတ်သည်။ ယားယံလွန်း၍ ကုတ်ဖဲ့လေလေ အနာများပို၍ ကြီးလာ၊ ဒဏ်ရာပိုရလာပြီး ဘက်တီးရီးယားပိုးများ ဝင်ရောက်လာနိုင်သည်။ နောက်ဆက်တွဲအနေဖြင့် ပြည်တည်ခြင်း၊ ဖျားနာခြင်းများ ဖြစ်ပေါ်စေနိုင်သည်။

🩹

ဆရာဝန် သို့မဟုတ် ကျန်းမာရေးဝန်ထမ်းထံ ဆေးကုသမှုမရမီ ရေအေးဖတ်တင်ပါ၊ ကပ်ပါ။

🩹

ဆပ်ပြာ အပြင်းများ၊ အရက်ပြန်များ၊ ဘီတာဒိုင်းများ မလိမ်းရ။

🩹

ယားသည့်နေရာကို Calamine လိမ်းဆေး မကြာမကြာ လိမ်းပေးနိုင်သည်။

🩹

ပိုးဝင်၍ ရောင်ရမ်းပါက Flucloxacillin ပါသော ဆေးအုပ်စုကို ရက်အပြည့်သောက်ရန် လိုသည်။

🩹

အယားသက်သာရန် Cetrizine ကို (၅) ရက် မှ (၁၀) ရက် ပေးနိုင်သည်။
+++++++++++++++++++++++++++

(၂) ပွေးရောဂါများ

အဖြစ်များသော နေရာများမှာ ဂျိုင်းကြား၊ ပေါင်ကြား၊ ရင်ဘတ်ကြား ချက်တစ်ဝိုက်၊ လည်ပင်း၊ ကျောကုန်း၊ မည်သည့်နေရာတွင်မဆို ပေါ်နိုင်သည်။ အနီပြင် အဝိုင်းပုံ (သို့မဟုတ်) ဂ ငယ်ပုံ ပွေးများသည် အချပ်လိုက်၊ အကွင်းလိုက်မြင်နိုင်သည်။ ဖြစ်ခါစတွင် အရွယ်စားသေးငယ်ပြီး တဖြည်းဖြည်း အကွင်းမှာ ကြီးလာကာ ဘေးသို့ ပြန့်လာမည်ဖြစ်သည်။ ပူနွေးစိုစွတ်သည့် အခြေအနေရှိသောအရပ်၌ ချွေးအထွက်များသော သူများ၊ အဝတ်အစား လဲရန်/လျော်ဖွပ်ရန် အဆင်မပြေသောသူများ၊ ရေချိုးရန် အဆင်မပြေသောသူများ၊ ဆီးချိုရောဂါသမားများနှင့် အဝလွန်သူများတွင် ပို၍တွေ့ရတတ်သည်။

🩹

ဆရာဝန် သို့မဟုတ် ကျန်းမာရေးဝန်ထမ်းနှင့် ပြသပါ။

🩹

ဆရာဝန်နှင့်ပြသရန် အဆင်မပြေပါက Clotrimazole cream ကို တစ်နေ့ (၂) ကြိမ် ထူထူလိမ်းပါ။

🩹

ရေချိုးပါ။ အဝတ်ကို နေပူလှန်း၍ ခြောက်သွေ့မှ ဝတ်ဆင်ပါ။
+++++++++++++++++++++++++++

(၃) ဝဲစို၊ ဝဲခြောက်များ

ဝဲဟု လူသိများသောအရေပြားရောဂါသည် ဝဲပိုးကြောင့် လက်ချောင်းများကြား၊ လက်ကောက်ဝတ်တစ်ဝိုက်နှင့် ချက်ပတ်လည်နေရာများ၊ ဆီးခုံနှင့်တင်ပါးတစ်ဝိုက်များတွင် အလွန်ယားယံသော အရေပြားအနာများ ပေါ်လာသည်။ ညပိုင်းတွင် ပို၍ယားယံပြီး အတူနေအိမ်သားများကို ကူးစက်တတ်သည်။ ကုတ်ဖဲ့ရာမှတစ်ဆင့် ပိုးဝင်ခြင်း၊ ပြည်တည်ခြင်းများ မကြာခဏတွေ့ရတတ်သည်။

🩹

ကုသမှုတွင် အရေးကြီးသည့်အချက်မှာ အတူနေမိသားစုဝင်များကိုပါ ကုသရန်ဖြစ်ပါသည်။

🩹

Permethrin 5% cream ကို ညပိုင်းတွင် တစ်ကိုယ်လုံး လိမ်းထားပြီး မနက်တွင် ရေချိုးပေးရပါမည်။

🩹

အဝတ်အစား၊ အိပ်ရာခင်း၊ ခေါင်းအုံးစွပ်၊ ခြင်ထောင်၊ စောင် စသည်တို့ကို မကြာခဏ လျော်ဖွပ်ရပါမည်။ နေပူပူတွင် လှန်းရပါမည်။
+++++++++++++++++++++++++++

(၄) အင်ပြင်ထခြင်း

အင်ပြင်ထသည်ဟု အပြောများသော အရေပြားရောဂါမှာ အနီရောင်အကွက်များနှင့် အပိန့်များ ကိုယ်ခန္ဓာအနှံ့ ပေါ်လာပြီး ယားယံသည်။ အစားအသောက်နှင့်သော်လည်းကောင်း၊ ဆေးဝါးများ (အကိုက်ခဲပျောက်ဆေးတချို့နှင့် ပိုးသတ်ဆေးများ) နှင့်သော်လည်းကောင်း ဓာတ်မတည့်ခြင်းကြောင့် ဖြစ်ပေါ်တတ်သည်။

🩹

Calamine ကဲ့သို့သော လိမ်းဆေးကို တစ်နေ့ (၃) ကြိမ်လိမ်းနိုင်သည်

🩹

Cetrizine ဆေးပြားကို တစ်ပြားသောက်နိုင်သည်။

🩹

ဘာမီတွန် ထိုးနိုင်၊ သောက်နိုင်သည်။

🩹

နှုတ်ခမ်းများ၊ မျက်နှာများ ရောင်ရမ်းခြင်း သို့မဟုတ် အသက်ရှူကျပ်ခြင်းများနှင့် အင်ပြင်ရောဂါ တွဲဖြစ်ပါက ဆရာဝန် သို့မဟုတ် ကျန်းမာရေးဝန်ထမ်းနှင့် ပြသရပါမည်။

🩹

မိမိနှင့် ဓာတ်မတည့်သော အစားအသောက်များနှင့် ဆေးဝါးများကို မှတ်သားရှောင်ရှားရန် အရေးကြီးသည်။
+++++++++++++++++++++++++++

(၅) ဆပ်ပြာမှုန့်၊ ဆပ်ပြာဆီ ထိတွေ့မှုများကြောင့်ဖြစ်သော အရေပြားရောင်ရမ်းနာများ

ဆပ်ပြာမှုန့် ဆပ်ပြာဆီတို့တွင် အက်စစ်ဓာတ်ပါဝင်မှု အနည်းအများပေါ်မူတည်ပြီး လက်ချောင်းများတွင် နီရဲသော၊ စပ်သော၊ ယားယံသော အရေပြားနာများ ဖြစ်တတ်သည်။ မကြာမကြာ ဖြစ်သောသူများတွင် မှိုပိုးစွဲကပ်လာပြီး လက်သည်းများပါ ပျက်စီးတတ်ပါသည်။

🩹

ဆပ်ပြာအပြင်းများကို တတ်နိုင်သမျှ ရှောင်ရှားရပါမည်။ ဆပ်ပြာကို မသုံးမဖြစ် သုံးရပါက ရေစင်အောင် ဆေးကြောပြီး အုန်းဆီ သို့မဟုတ် သံလွင်ဆီကို ရွှဲရွှဲသုတ်လိမ်းထားပါ။

🩹

အရက်ပြန်၊ ဘီတာဒိုင်းများ မသုတ်လိမ်းရပါ။

ဒေါက်တာ Rose
(CDM အတိုင်ပင်ခံ အရေပြားအထူးကုဆရာဝန်)

ကျန်းမာရေးဝန်ကြီးဌာန၊ အမျိုးသားညီညွတ်ရေးအစိုးရ
+++++++++++++++++++++++++++

တယ်လီကျန်းမာ အခမဲ့အွန်လိုင်းဆေးခန်းတွင် ပြသရန် –
https://facebook.com/telehealthmm

#nugmoh #skin #skinproblem #skindisease

ကျန်းမာရေးဝန်ကြီးဌာန၊

အမျိုးသားညီညွတ်ရေးအစိုးရ

Published on: 26 December 2022
Last Updated: 26 December 2022