”သင့်အတွက် သန္ဓေတားခြင်း နည်းလမ်းများ” (နိုဝင်ဘာလ၊ ၂၀၂၂ ခုနှစ်)
(၂၀၁၅-၂၀၁၉) ခုနှစ် စစ်တမ်းများအရ မြန်မာနိုင်ငံတွင် ကိုယ်ဝန်ရှိသူ အမျိုးသမီးများ၏ (၃၅%) သည် မိမိဆန္ဒအလျောက် ကိုယ်ဝန်ရခြင်းမဟုတ်ဘဲ မရည်ရွယ်ဘဲ ကိုယ်ဝန်ရသွားခြင်းဖြစ်သည်ကို တွေ့ရှိရပါသည်။ ထိုသို့ မရည်ရွယ်ဘဲ ကိုယ်ဝန်ရသွားသူ (၄) ယောက်တွင် (၁) ယောက်သည် ကိုယ်ဝန်ဖျက်ချခြင်း ပြုလုပ်သည်ကို တွေ့ရပါသည်။
ကျန်းမာသော အမျိုးသမီးများပင်လျှင် မရည်ရွယ်ဘဲ ကိုယ်ဝန်ရသွားခြင်းသည် မိမိရော မိမိလက်တွဲဖော် အတွက်ပါ လူမှုရေး အဆင်မပြေမှု၊ စိတ်အဆင်မသင့်မှုများ ဖြစ်နိုင်ပြီး ရောဂါအခံရှိသူ အမျိုးသမီးများတွင်မူ ကိုယ်ဝန်ဆောင်ခြင်းသည် ရောဂါအခံကို ပိုဆိုးစေခြင်း သို့မဟုတ် ကိုယ်ဝန်အတွက် (မိခင်ရော ကလေးအတွက်ပါ) ဆိုးကျိုးများ ဖြစ်နိုင်ခြင်း အစရှိသည့် အန္တရာယ်များ ရှိပါသည်။ ကိုယ်ဝန်ဖျက်ချခြင်းသည်လည်း အမျိုးသမီးအတွက် စိတ်ရောကိုယ်ပါ ဆိုးကျိုးများစွာ ဖြစ်စေနိုင်ပါသည်။
ထို့ကြောင့် ကိုယ်ဝန်ဆောင်လိုသည့် ဆန္ဒမရှိပါက အမျိုးသမီးတစ်ဦးသည် သန္ဓေတားခြင်းကို သွေးဆုံးသည့်အချိန်ထိ ပြုလုပ်ရန် လိုအပ်ပါသည်။ အကယ်၍ အသက် (၅၀) မတိုင်မီ သွေးဆုံးပါက နောက်ဆုံးရာသီလာသည်မှ နောက်ထပ် (၂) နှစ်အထိ နှင့် အသက် (၅၀) ကျော်မှ သွေးဆုံးပါက နောက်ထပ် (၁) နှစ်အထိ သန္ဓေတားရန် လိုအပ်ပါသည်။
ဤလမ်းညွှန်တွင် သန္ဓေတားခြင်းနည်းလမ်း အမျိုးမျိုးနှင့် ပတ်သက်၍ မည်သို့အလုပ်လုပ်ပုံ၊ အကျိုးထိရောက်မှု၊ ကောင်းကျိုး၊ ဆိုးကျိုးများ အစရှိသော သိထားသင့်သည့် အကြောင်းအရာများကို ခြုံငုံဖော်ပြသွားမည် ဖြစ်ပါသည်။
သန္ဓေတားခြင်းနည်းလမ်းတွေ ဘာတွေရှိသလဲ?
အမျိုးသားများအတွက် အမျိုးသားကွန်ဒုံးနှင့် သားကြောဖြတ်ခြင်း ဟူ၍ရှိပြီး အမျိုးသမီးများအတွက်မူ သောက်ဆေး၊ ထိုးဆေး၊ ပစ္စည်းထည့်ခြင်း၊ သားကြောဖြတ်ခြင်း အစရှိသဖြင့် နည်းလမ်း အမျိုးမျိုးရှိပါသည်။ အများအားဖြင့် သန္ဓေတားခြင်း နည်းလမ်းများသည် အန္တရာယ်ကင်းပြီး၊ အသုံးပြုမည့် အမျိုးသမီးမှ သင့်တော်ရာကို ရွေးချယ် အသုံးပြုနိုင်ပါသည်။ သို့သော် နည်းလမ်းအားလုံးသည် အမျိုးသမီးတိုင်းနှင့် သင့်တော်နေခြင်းမဟုတ်ပါ (ဥပမာ-ရောဂါအခံရှိသူများ)။ ထို့ကြောင့် မိမိနှင့်သင့်တော်ရာကို ဆရာဝန်နှင့် တိုင်ပင်ပြီးမှ သေချာရွေးချယ် အသုံးပြုသင့်ပါသည်။
ဘယ်သန္ဓေတားခြင်းနည်းလမ်းကို အသုံးပြုရမလဲ?
နည်းလမ်းတစ်ခုချင်းစီ အကြောင်းကို အချိန်ယူကာ နားလည်သိရှိပြီးမှ အကောင်းဆုံး နည်းလမ်းကို အသုံးပြုသင့်လှပါသည်။ ”အကောင်းဆုံး သန္ဓေတားနည်းလမ်း” ဆိုသည်မှာ အန္တရာယ်ကင်းသည့်အပြင် သန္ဓေတားနိုင်စွမ်းမြင့်မားပြီး အသုံးပြုမည့် အမျိုးသမီးနှင့် သင့်တော်သော နည်းလမ်းကို ဆိုလိုပါသည်။
မည်သည့်နည်း အသုံးပြုမည်ကို ရွေးချယ်ရာတွင် ထည့်သွင်းစဉ်းစားရမည့် အချက်များမှာ-
👉 သင်နှင့် သင့်လက်တွဲဖော်သည် များမကြာမီ အချိန်အတွင်း ကိုယ်ဝန်ဆောင်ရန် အစီအစဉ်ရှိပါသလား? သို့မဟုတ် နှစ်အတော်ကြာမှ ကိုယ်ဝန်ဆောင်လိုပါသလား? သို့မဟုတ် ကလေးယူရန် အစီအစဉ်မရှိဘူးလား?
👉 သင်နှင့် သင့်လက်တွဲဖော်သည် ကိုယ်ဝန်တားရာတွင် ကြာရှည်ခံ သန္ဓေတားနည်းလမ်း သုံးလိုပါသလား (သို့မဟုတ်) တစ်ခါသုံး/ နေ့စဉ်သုံး နည်းလမ်းများကို သုံးလိုပါသလား?
👉 သင်နှင့် သင့်လက်တွဲဖော်၏ နေထိုင်မှုပုံစံနှင့် ကိုက်ညီသည့် ကိုယ်ဝန်တားခြင်း နည်းလမ်းကို အသုံးပြု လိုပါသလား?
👉 အမျိုးသမီး၏ အခြေခံကျန်းမာရေး အခြေအနေ မည်သို့ရှိပါသလဲ?
သင်၏ အဖြေများပေါ်မူတည်၍ မည့်သည့် သန္ဓေတားနည်းလမ်း အသုံးပြုမည်ကို ဆုံးဖြတ်နိုင်ပါသည်။ မည်သည့်နည်းလမ်းကိုမဆို နည်းစနစ်မှန်မှန် အသုံးပြုရန် လိုအပ်ပါသည်။
သန္ဓေတားခြင်း ပြုလုပ်တော့မည်ဆိုပါက မည်သည့်ဆေးရုံ၊ဆေးခန်း (သို့မဟုတ်) မည်သည့်အဖွဲ့အစည်း ထံမှ အကူအညီရနိုင်ပါသလဲ?
သန္ဓေတားခြင်းနှင့် ပတ်သက်၍ အကူအညီပေးသော ကျန်းမာရေးဝန်ထမ်းများ၊ အဖွဲ့အစည်းများ အများအပြားရှိပါသည်။ စိတ်ချယုံကြည်ရသော တတ်ကျွမ်းသည့် ကျန်းမာရေးစောင့်ရှောက်သူနှင့် တွေ့ဆုံပြီး မေးမြန်းဆွေးနွေးကာ အသုံးပြုနိုင်ပါသည်။ နီးစပ်ရာ ဆေးခန်း/ မျိုးဆက်ပွားကျန်းမာရေးဌာန/ ဆေးရုံများတွင် ပြုလုပ်နိုင်ပါသည်။
သန္ဓေတားတော့မည်ဆိုလျှင် လိုအပ်ပါက ရောဂါရာဇဝင်မေးမြန်းခြင်း၊ စမ်းသပ်စစ်ဆေးခြင်းများ ပြုလုပ်ရနိုင်ပါသည်။
သန္ဓေတားခြင်းသည် ငွေကြေးအကုန်အကျများပါသလား?
မိမိအသုံးပြုမည့်နည်းလမ်းပေါ်မူတည်၍ ကွာခြားနိုင်ပါသည်။ တချို့ နည်းလမ်းများသည် ငွေကြေးအကုန်အကျ များသော်လည်း တချို့နည်းလမ်းများမှာမူ အခမဲ့ ရရှိနိုင်ပါသည်။
ဆက်လက်၍ အသုံးများသော သန္ဓေတားခြင်းနည်းလမ်းအချို့ အကြောင်းကို အကျဉ်းချုံး ဖော်ပြသွားပါမည်။ တစ်ခုချင်းစီအကြောင်း အသေးစိတ် သိရှိလိုပါက သက်ဆိုင်ရာလမ်းညွှန်များတွင် ဆက်လက်ဖတ်ရှုနိုင်ပါသည်။
အရေးပေါ် သန္ဓေတားခြင်း၊ ကလေးနို့တိုက်ချိန် သန္ဓေတားခြင်း၊ သွေးဆုံးကိုင်ချိန် သန္ဓေတားခြင်း အစရှိသည့် သိရှိလိုသည့် ခေါင်းစဉ်ခွဲများကိုလည်း သက်ဆိုင်ရာလမ်းညွှန်များတွင် ဆက်လက်ဖတ်ရှုနိုင်ပါသည်။
CDM သားဖွားမီးယပ်အထူးကုဆရာဝန်ကြီးတစ်ဦး
ကျန်းမာရေးဝန်ကြီးဌာန၊ အမျိုးသားညီညွတ်ရေးအစိုးရ
- nugmoh #contraception #contraceptionmethod #reproductivehealth
ကျန်းမာရေးဝန်ကြီးဌာန၊
အမျိုးသားညီညွတ်ရေးအစိုးရ








ထုတ်ဝေသည့်နေ့စွဲ -- ၄ နိုဝင်ဘာ ၂၀၂၂
နောက်ဆုံးမွမ်းမံသည့်နေ့စွဲ --- ၄ နိုဝင်ဘာလ ၂၀၂၂