DERMATOPHYTOSIS (TINEA/RINGWORM) ( May, 2022 )

သိကောင်းစရာ ‘ပွေး’ ယားနာ ( May, 2022 )
DERMATOPHYTOSIS (TINEA/RINGWORM)
===================================

ပွေးဟာ ဦးရေပြား၊ ကိုယ်အရေပြားအနှံ့ နဲ့ လက်သည်းခြေသည်းတွေမှာဖြစ်ပွားတဲ့ အရေပြားယားနာတစ်မျိုးပါ။ အရေပြားပေါ်က ဝိုင်းဝိုင်းစက်စက် ပွေးကွက်လေးတွေဟာ ကျွန်တော်တို့နဲ့ မစိမ်းလှတာမို့လို့ ‘ပွေး’ အကြောင်းသိကောင်းစရာတွေ၊ ဘယ်လိုကုသရမလဲ နဲ့ ပွေးမဖြစ်အောင် ဘယ်လိုကာကွယ်ရမလဲ စတာတွေကို ဆက်လက်ဖတ်ရှုရအောင်နော်

❓ ‘ပွေး’ ဘာလို့ဖြစ်

ပွေးဟာ Keratin လို့ခေါ်တဲ့ပရိုတင်းတစ်မျိုးနဲ့တည်ဆောက်ထားတဲ့အရေပြားအပေါ်ယံလွှာတွေဖြစ်တဲ့ ဦးရေပြား၊ အရေပြားနဲ့ လက်သည်းခြေသည်းတွေမှာဖြစ်တဲ့ အရေပြားမှိုစွဲရောဂါတစ်မျိုးပါ။

Trichophyton/ Epidermophyton/ Microsporum စတဲ့အရေပြားမှိုတွေက အင်ဇိုင်းတွေထုတ်ပြီး အရေပြားပေါ်က Keratin ပရိုတင်းကို ပြိုကွဲစေပြီး အာဟာရအဖြစ် စားသုံးကာ ဦးရေပြား၊ အရေပြား၊ လက်သည်းခြေသည်းတွေမှာ အဆမတန်ပွားများလာပါတယ်။

ဒီဖြစ်စဥ်မှာ ထွက်ပေါ်လာတဲ့ဓါတ်ပစ္စည်းတွေဟာ လူ့အရေပြားကို ဓာတ်မတည့်မှုဖြစ်စေပြီး ၊ ခန္ဓာကိုယ်က တုံ့ပြန်မှုအနေနဲ့ ယားယံတဲ့ပွေးကွက်တွေ ဖြစ်လာရပါတော့တယ်။

❓ ဘယ်လိုနည်းလမ်းတွေကတစ်ဆင့် ကူးစက်တတ်သလဲ

👉 Person to Person contact (အရေပြားချင်းထိတွေ့ရာကကူးတယ်။ ပွေးရှိတဲ့သူရဲ့ အဝတ်အစား၊ အသုံးအဆောင်၊ တဘက်ပဝါတွေကို အတူမျှဝေသုံးတာကနေကူးတယ်။)
👉 ခွေး၊ကြောင်၊ပူး စတဲ့ အိမ်မွေးတိရစ္ဆာန်လေးတွေမှာ ပွေးရှိနေရင်လည်း ကူးနိုင်တယ်။
👉 မှိုပိုးရှိတဲ့ မြေကြီးကို ကိုင်တွယ်ထိတွေ့ရာကနေလည်း ကူးနိုင်ပါတယ်။

❓ ဘာတွေက ပွေး ပိုအဖြစ်များစေလဲ/ ဘယ်သူတွေမှာပိုဖြစ်သလဲ

– ချွေးအလွန်ထွက်သူတွေ
– ပူနွေးစိုစွတ်တဲ့ ရာသီဥတုမှာ နေရတဲ့သူတွေ
– တိရစ္ဆာန်တွေနဲ့ထိတွေ့နေရတဲ့သူတွေ
– လူနေထူထပ်သိပ်သည်းတဲ့နေရာတွေမှာ နေကြရရင် (ဥပမာ စာသင်ကျောင်း၊ ကလေးထိန်းကျောင်း၊ အကျဥ်းထောင်၊ အများသုံးရေချိုး/ရေကူးကန်)
– ခန္ဓာကိုယ်ခုခံအားနည်းနေတဲ့ အခြေအနေမျိုးတွေ ( ဥပမာ Steroids စတီးရွိုက်ဆေး သုံးစွဲနေရရင်၊ Chemotherapy ကင်ဆာဆေးသွင်းနေရရင် ၊ ခုခံအားကျဆင်းမှုရောဂါရှိနေရင် စသည်ဖြင့် )

❓ပွေး အမျိုးမျိုး အကြောင်း

ပွေးဟာ ဖြစ်ပွားတဲ့နေရာပေါ် မူတည်ပြီး အမျိုးအစားများစွာရှိပါသေးတယ်။
• Tinea Capitis (ဦးရေပြားမှာပေါက်သောပွေး)
• Tinea Faciei (မျက်နှာတွင်ပေါက်သောပွေး)
• Tinea Barbae (နှုတ်ခမ်းမွေးမုတ်ဆိတ်မွေးနေရာတစ်ဝိုက်ပေါက်သောပွေး)
• Tinea Corporis (ကိုယ်ခန္ဓာနဲ့ ခြေလက်တွေမှာ ပေါက်သောပွေး)
• Tinea cruris (ပေါင်ကြားတစ်ဝိုက်၊ လိင်အင်္ဂါ၊ ဆီးခုံ၊ တင်ပါးနှင့် စအိုတစ်ဝိုက်နေရာများတွေပေါက်သောပွေး)
• Tinea manuum (လက်တွင်ပေါက်သော ပွေး)
• Tinea pedis (ခြေထောက်တွင်ပေါက်သောပွေး)
• Tinea unguium (​လက်သည်းခြေသည်းတွင် ပေါက်သောပွေး)စသည်ဖြင့် အမျိုးအစားများရှိပါတယ်။

❓ဘယ်လိုလက္ခဏာတွေ ပြမလဲ

👉 ကိုယ်ခန္ဓာနဲ့ ခြေလက်တွေမှာပေါက်သောပွေး
ဒီပွေးကတော့ ကျွန်တော်တို့မြင်တွေ့နေကျ နီနီဝိုင်းဝိုင်းစက်စက်အကွက်လေးတွေ (Classic Ringworms) ပါပဲ။ နီနီရဲရဲ ဝိုင်းဝိုင်းစက်စက် ခပ်သေးသေး ပွေးကွက်ကလေးတွေ အများအပြား တွေ့ရမယ်။ အလယ်ဗဟိုဟာ ပြောင်ဖြစ်နေတတ်ပြီး တစ်ခါတစ်ရံ Scale (အဖြူဖတ်) ကလေးတွေရှိတတ်တယ်။ အနီဝ်ိုင်းရဲ့ အဆုံးသတ်အနားသားဟာ တိတိရိရိနဲ့ ပုံမှန်အရေပြားထက် မြင့်တက်နေတတ်တယ်။ တစ်ခါတစ်ရံ အနားသားပတ်လည်မှာ အရည်ကြည်ဖုလေးတွေလို ဖြစ်နေတတ်တယ်။ နောက် ပွေးကွက်ငယ်လေးတွေ စုပေါင်းပြီး ပိုကြီးတဲ့အနီပြင်အကွင်းလို ဆက်လက်ပျံ့နှံ့ပွားများတတ်ပါတယ်။

👉 ဦးရေပြားမှာပေါက်သောပွေးဟာ နီရဲပြီး ရောင်နေတဲ့ ပြည်တည်နာလို ပုံစံမျိုးနဲ့လည်း ဖြစ်တတ်ပါတယ်။ အကွက်အကွက်နဲ့ ဆံပင်ကျွတ်တယ်။ ဆံပင်ကျွတ်ထိပ်ကွက်တဲ့နေရာမှာ အမည်းအစက်အပြောက်လေးတွေပေါ်နေမယ်။ အဖြူဖတ်(Scale) တွေ ကွာကျတတ်လို့ ဗောက်နဲ့တောင် မှားနိုင်တတ်သေးတယ်။ ကလေးငယ်လေးတွေမှာ အဖြစ်များပါတယ်။

👉 နှုတ်ခမ်းမွေးမုတ်ဆိတ်မွေးနေရာတစ်ဝိုက်တွင်ပေါက်သောပွေး (သူက ဦးရေပြားမှာပေါက်သောပွေးနဲ့ ဆင်တူပါတယ်)

👉 လိင်အင်္ဂါမှာပေါက်သောပွေး (လူငယ် အထူးသဖြင့် အမျိုးသားတွေ၊ အားကစားသမားတွေမှာတွေ့ရပါတယ်)

👉 ခြေထောက်တွင်ပေါက်သောပွေး (ခြေချောင်းကြားလေးတွေမှာဖြစ်တယ်။ ခြေဖဝါးထိပွားနိုင်တယ် ၊ ခြေနံ့ဆိုးတယ် ၊ အဖြူဖတ်တွေရှိနေနိုင်ပါမယ် )

👉 လက်သည်းခြေသည်းမှာပေါက်သောပွေး (ခြေသည်းလက်သည်းတွေကို ထူထဲအရောင်ပြောင်းစေတယ်။ နာကျင်ပြီး ပိုကျိုးလွယ်တယ်)

👉 ပွေးဟာ ယားနာဖြစ်လို့ ယားယံပါတယ်။

👉 ယားလို့ အဆက်မပြတ်ကုတ်ဖဲ့တဲ့အခါ အနာတွေဖြစ်တာ၊ အရေပြားစုတ်ပြဲဒဏ်ရာရတာတွေ ဖြစ်နိုင်တယ်။ ဒီကနေမှ ရောဂါပိုးဝင်တာ ၊ အရေကြည်ဖုလို/ဝက်ခြံလို ပြည်တည်နာတွေ ဖြစ်နိုင်ပြီး နောက်ဆက်တွဲအနေနဲ့ Sepsisလို့ခေါ်တဲ့(အန္တရာယ်များလှတဲ့ ကိုယ်တွင်းအနှံ့အပြားရောဂါပိုးဝင်ခြင်း) တွေအထိဖြစ်နိုင်လို့ မပေါ့သင့်တဲ့အရေပြားရောဂါတစ်ခုပါပဲ။

❓ပွေး ဖြစ်နေမှန်းဘယ်လိုသိနိုင်မလဲ

အဖြစ်များတဲ့ပွေးကွက်ကတော့ မြင်ဖူးတဲ့သူတော်တော်များများ မှတ်မိလွယ်ပါတယ်။ ဒါပေမယ့် ပွေးနဲ့ဆင်တူတဲ့ တခြားအရေပြားရောဂါတွေရှိတဲ့အတွက် ဆရာဝန်နဲ့သေချာပြသသင့်ပါတယ်။ပွေး ဟုတ်/မဟုတ် သေချာအောင်လိုအပ်ရင် အသားစကိုခြစ်ယူပြီး
🔎အဏုကြည့်မှန်ပြောင်းအောက် မှိုပိုးရှိမရှိ ကြည့်ရှုစစ်ဆေးခြင်း (Microscopic Examination)
🔎မှိုမွေးခြင်း (Fungal Culture) စတာတွေပြုလုပ်နိုင်ပါတယ်။

❓ ‘ပွေး’ ကို ဘယ်လိုကုသနိုင်သလဲ

ပွေး ပေါက်တဲ့နေရာ နဲ့ ရောဂါအပျော့/အပြင်း ပေါ်မူတည်ပြီး ကုသမှုကွဲပြားတာမျိုး ရှိပေမယ့် အကြမ်းအားဖြင့်တော့ ပွေးဟာ အရေပြားမှိုစွဲရောဂါတစ်မျိုး ဖြစ်လို့ မှိုသတ်ဆေးပေးရပါမယ်။
မှိုသတ်လိမ်းဆေး၊ မှိုသတ်သောက်ဆေး နှစ်မျိုးရှိတဲ့အနက် ရောဂါအခြေအနေပေါ်မူတည်ပြီး ဆရာဝန်က လိုအပ်သလို ကုသပေးပါလိမ့်မယ်။ တစ်ခါတစ်ရံ မှိုသတ်ဆေးတွေအပြင် လိုအပ်ရင် Steroid (စတီးရွိုက်) လိမ်းဆေးတွေပေးနိုင်ပါတယ်။ နောက်ဆက်တွဲ ဘတ်တီးရီးယားပိုးဝင်ပြည်တည်ရင်တော့ ပိုးသတ်ဆေးတွေလည်း လိုကောင်းလိုပါလိမ့်မယ်။

❓ပွေး မဖြစ်ရအောင် ဘယ်လို ကြိုတင်ကာကွယ်မလဲ

– တစ်ကိုယ်ရေသန့်ရှင်းရေးဂရုပြုပါ။ မှန်မှန်ရေချိုးခေါင်းလျှော် လက်သည်းခြေသည်းညှပ်ပါ။
– အတတ်နိုင်ဆုံး အဝတ်အစား၊ အသုံးအဆောင်၊ ပဝါတဘက်တွေကို အတူမျှဝေသုံးတာ ရှောင်မယ်။
– အိမ်မွေးတိရစ္ဆာန်လေးတွေမှာ ပွေးသံသယရှိ/ ပွေးရှိ နေရင် တိရစ္ဆာန်ကုဆရာဝန်နဲ့ ပြသကုသပါ။
– ခြေထောက်ကို သန့်ရှင်းခြောက်သွေ့အောင်ထားပါ။အများသုံးရေကူးကန်တွေအသုံးပြုပြီးရင် သေချာရေပြန်ချိုးပါ။

💢အနှစ်ချုပ်ရရင် ပွေးဟာ ဘတ်တီးရီယား/ဗိုင်းရပ်စ်ပိုးတွေကြောင့်မဟုတ်ဘဲ မှိုကြောင့်ဖြစ်ရတဲ့ အရေပြားရောဂါတစ်မျိုးဖြစ်တယ်။ ဒါဟာ ရှက်စရာမဟုတ်ဘဲ ကုသရင် အလျင်းပျောက်တဲ့ ယားနာတစ်မျိုးပဲဖြစ်လို့ ဆရာဝန်နဲ့ပြသကုသမှုခံဖို့ တွန့်ဆုတ်မနေပါနဲ့။ တစ်ချို့ပွေးအမျိုးအစားတွေဟာ လိမ်းဆေးနဲ့တင် သက်သာနိုင်ပေမယ့် ဦးရေပြား၊ခြေသည်းလက်သည်း နဲ့ မုတ်ဆိတ်တစ်ဝိုက်မှာဖြစ်သောပွေးတွေဟာ သောက်ဆေးလိမ်းဆေး နဲ့ ဆရာဝန်ညွှန်ကြားချက်လိုအပ်နိုင်တယ်ဆိုတာသိနားလည်ထားပါ။ တိရစ္ဆာန်လေးတွေကို ကိုယ်တွယ်ပြီးတိုင်း လက်ဆေးပါ။ အနာကို ကုတ်ဖဲ့ခြင်းကို အတတ်နိုင်ဆုံးရှောင်ပါ။ လက်သည်းကနေပိုးဝင်တတ်လို့ လက်သည်းညှပ်ပါ။ 💢

📚References :
📎John Murtagh’s Patient Education, Sixth Edition ; Ringworm(tinea) pg-151, Tinea pedis pg-155
📎Oxford Handbook of Medical Dermatology, Second Edition ; Dermatophyte infections pg-164,165
📎AAD : American Academy of Dermatology Association ; Ringworm
📎CDC : Centers for Disease Control and Prevention ; Prevention of Ringworm

❤️ NUG, MOH…တယ်လီကျန်းမာ ၊ လူတိုင်းအတွက်ပါ ❤️

တယ်လီကျန်းမာ အခမဲ့အွန်လိုင်းဆေးခန်းများ ပြသရန် ( နေ့စဥ် မနက် ၈နာရီမှ ညနေ၆နာရီအထိ )

ကြိုတင်ဘိုကင်ယူရန်အတွက် ( https://m.me/telehealthmm )ကိုနှိပ်ပါ

ချက်ချင်းဆေးခန်းပြရန်အတွက်( https://t.me/TelehealthMM )ကိုနှိပ်ပါ

လှူဒါန်းရန်-
https://moh.nugmyanmar.org/donate/

ကျန်းမာရေးဝန်ကြီးဌာန၊

အမျိုးသားညီညွတ်ရေးအစိုးရ

ထုတ်ဝေသည့်နေ့စွဲ -- ၂၂ မေ ၂၀၂၂
နောက်ဆုံးမွမ်းမံသည့်နေ့စွဲ --- ၂၂ မေ ၂၀၂၂