“Disability Barriers to Inclusion” (February 2024)

ဒီတစ်ပတ်မှာတော့ မသန်စွမ်းသူတွေကို လူမှုနယ်ပယ်အတွင်း ပါဝင်လာအောင် ပြုလုပ်ရာမှာ တားဆီးနေတဲ့ အဟန့်အတားတွေ (Disability barriers to inclusion) အကြောင်းကို ပြောပြချင်ပါတယ်။

ဒီနေရာမှာ အရင်တစ်ခေါက်က ရေးထားတာလေးတွေကို နည်းနည်းလောက် ပြန်‌ကောက်ပါရစေ။
မသန်စွမ်းသူ‌ (People with disabilities – PWD) တွေကို ကာကွယ်ပေးဖို့ ရေးဆွဲခဲ့တဲ့ သာတူညီမျှအက်ဥပဒေ Equality Act 2010 အရ “လူတစ်ယောက်မှာ ရုပ်ပိုင်းဆိုင်ရာ ဒါမှမဟုတ် စိတ်ပိုင်းဆိုင်ရာ ချို့ယွင်းတာ‌တွေရှိနေပြီး အဲဒါက ပုံမှန်နိစ္စဓူဝလုပ်ငန်းတွေကို မလုပ်နိုင်လောက်အောင် အချိန်ကြာကြာနဲ့ သိသိသာသာ သက်ရောက်နေစေမယ်ဆိုရင် အဲဒါကို မသန်စွမ်းခြင်း (Disability) လို့ မှတ်ယူရမယ်” ဆိုပြီး အဓိပ္ပါယ်ဖွင့်ဆိုထားပါတယ်။
မသန်စွမ်းသူတွေကို လူမှုနယ်ပယ်အတွင်းမှာ ပုံမှန်အတိုင်း ပါဝင်‌လာအောင်ပြုလုပ်ခြင်းကို Social Inclusion လို့ ခေါ်ပြီး ဒီလို Inclusion ပြုလုပ်တာကို နှောက်ယှက်နေတဲ့အရာတွေကိုတော့ အဟန့်အတားတွေ (Barriers) လို့ မှတ်ထားစေချင်ပါတယ်။


လူတိုင်းလူတိုင်းဟာ အခက်အခဲ အတားအဆီးတွေနဲ့ တစ်ချိန်မဟုတ် တစ်ချိန် ကြုံတွေ့ဖူးကြမှာပါ။ ဒါပေမယ့် မသန်စွမ်းသူ (People with disabilities – PWD) တွေအနေနဲ့ အဲလို အဟန့်အတားတွေ (Barriers) ကို ပိုကြုံတွေ့ရသလို သက်ရောက်မှုလည်း ပိုကြီးမားပါတယ်။ အကြမ်းဖျင်းအားဖြင့် အဟန့်အတား (Barriers) (၇) မျိုး ရှိပြီး အများအားဖြင့် တစ်ကြိမ်တည်းမှာ အဟန့်အတား တစ်ခုထက်မက ရှိနေနိုင်ပါတယ်။

(1) Attitudinal barriers (သဘောထားရေးရာ အဟန့်အတားများ)
သူက တခြားအဟန့်အတားတွေ ဖြစ်လာစေဖို့လည်း ကူညီပေးနိုင်တာမို့ အားလုံးထဲမှာ အခြေခံအကျဆုံးလို့ ပြောလို့ရပါတယ်။ ဘယ်လိုမျိုးတွေလဲဆိုရင်
– ပုံသေမှတ်ယူတာ (ဥပမာ – “မသန်စွမ်းသူ (PWD) တွေဟာ ဘဝကို ဆင်းရဲနိမ့်ပါးစွာပဲ ဖြတ်ကျော်ရှင်သန်ကြရတယ်။ ဒါမှမဟုတ် သူတို့ရဲ့ ချို့ယွင်းမှုတွေကြောင့် မသန်စွမ်းသူတွေဟာ မကျန်းမာကြဘူး” ဆိုတာမျိုး ပုံသေ မှတ်ယူထားမိတာမျိုး ဖြစ်ပါတယ်။)
– အမည်းစက်လို့ ယူဆတာ၊ မလိုမုန်းထားဖြစ်တာနဲ့ ခွဲခြားဆက်ဆံတာ (ဥပမာ – တချို့သူတွေအနေနဲ့ မသန်စွမ်းသူတွေကို တွေ့တဲ့အခါ “အရင်တုန်းက အမှားလုပ်မိထားလို့ ပြန်အပြစ်ပေးခံရတာ‌နေမှာ”၊ “ကုသဖို့၊ ကာကွယ်ဖို့ လိုနေတာပဲ”၊ “သူနဲ့တွဲလုပ်ရမယ်ဆိုတော့ အဆင်မှပြေပါ့မလား” ဆိုပြီး အနည်းနဲ့အများ တွေးမိတတ်ကြပါတယ်။)
အခုအခါမှာတော့ မသန်စွမ်းခြင်း (Disability) ဟာ သူ့ရဲ့လုပ်ဆောင်နိုင်စွမ်းကို လျော့ကျမသွားစေဘူးဆိုတာကို လူတွေက နားလည်သဘောပေါက်စ ပြုလာကြပါပြီ။ တကယ်သာ ကူညီထောက်ပံ့ပေးမယ်ဆိုရင် မသန်စွမ်းသူတွေ (PWD) အပါအဝင် လူတိုင်း အမှီအခိုကင်းကင်းနဲ့ သက်တမ်းစေ့နေနိုင်မှာမို့ ဒီလိုလုပ်ပေးဖို့ လူတိုင်းနဲ့ သက်ဆိုင်ပါတယ်နော်။
.

(2) Communication barriers (ဆက်သွယ်မှု အဟန့်အတားများ)
စကားပြောတာ၊ ကြားတာ၊ စာဖတ်တာ၊ စာရေးတာနဲ့ နားလည်တဲ့နေရာတွေမှာ ချို့ယွင်းမှုရှိနေတဲ့ မသန်စွမ်းသူတွေ (PWD) ဟာ ဒီလိုအဟန့်အတားတွေ ကြုံကြရပါတယ်။
– ကျန်းမာရေးအသိပညာမြှင့်တင်ဖို့ ရေးထားပေးတဲ့ သတင်းစကားတွေ (Health promotion messages) အပါအဝင် တချို့သော သတင်းစကားတွေဟာ အမြင်အာရုံ ချို့ယွင်းနေတဲ့သူတွေအတွက် နားလည်နိုင်ဖို့ ကြိုးစားတဲ့အခါ အဟန့်အတားဖြစ်နေနိုင်ပါတယ်။ (ဥပမာ – ပုံနှိပ်တဲ့အခါ အရွယ်အစားသေးတဲ့ စာရွက်ကို သုံးမိတာ၊ မျက်မမြင်သုံးသင်္ကေတကုဒ် (Braille) နဲ့ မရေးတာမျိုးပေါ့)။ ဒီလိုဖြစ်လာတဲ့အခါ အဖော်ပါလာသူ ဒါမှမဟုတ် နားလည်တတ်ကျွမ်းသူကို ဖတ်ပြခိုင်းတာမျိုး၊ ရှင်းပြခိုင်းတာမျိုး လုပ်သင့်ပါတယ်နော်။
– အကြားအာရုံ ချို့ယွင်းသူတွေအတွက်ကျ ကျန်းမာရေးသတင်းစကားအပါအဝင် တချို့သတင်းတွေ၊ စကားဝိုင်းတွေကို နားဆင်တဲ့နေရာမှာ အဟန့်အတား ဖြစ်နေပြန်ပါတယ်။ (ဥပမာ – ဗီဒီယိုမှာ စာတန်းထိုးမပါတာ၊ ပါးစပ်နဲ့ပဲ သတင်းစကားကို ဝေမျှပေးပြီး နားမကြားနိုင်၊ စကားမပြောနိုင်သူတွေအတွက်ဘာသာစကား (American Sign Language) လိုမျိုး ဘာသာစကားတစ်ခုခုနဲ့ ပြန်ရှင်းပြပေးမယ့်သူ မရှိတာမျိုးပါ) ဒါကြောင့် ကျန်းမာရေးသတင်းစကားအပါအဝင် တခြား‌သော သတင်းတွေ၊ စကားဝိုင်းတွေကို နားဆင်တဲ့အခါ Sign Language နားလည်ပြီး ပြန်ပြောပြပေးနိုင်တဲ့ ကိုယ့်ရဲ့အိမ်သူအိမ်သား ဒါမှမဟုတ် မိတ်ဆွေတစ်ယောက်ယောက်ကို ဘေးမှာရှိနေစေတာ ပိုကောင်းပါတယ်။
– အသိသညာဆိုင်ရာ ချို့ယွင်းမှု (Cognitive impairments) ရှိနေတဲ့သူတွေမှာလည်း အဟန့်အတားတွေ ရှိပါတယ်။ (ဥပမာ – နည်းပညာပိုင်းဆိုင်ရာ စကားလုံးတွေသုံးတာ၊ စာကြောင်းအရှည်ကြီးတွေ ရေးပေးတာ၊ ရှုပ်ထွေးတဲ့ စကားလုံးတွေ သုံးတာမျိုးတွေမှာ ဖြစ်တတ်ပါတယ်) ကိုယ်တိုင်ကလည်း မရှင်းလင်းတာရှိရင် သက်ဆိုင်သူဆီမှာ ချက်ချင်းပြန်မေးကြည့်သင့်သလို အဖော်ပါလာတဲ့သူကပါ သေချာလိုက်မှတ်သားပေးတာမျိုး လုပ်ရမှာပါနော်။
.

(၃) Physical barriers (ရုပ်ဝတ္ထုဆိုင်ရာ အဟန့်အတားများ)
– လှုပ်ရှားသွားလာရာမှာ ချို့ယွင်းနေတဲ့သူတွေ (People with mobility impairment) ကို လွတ်လွတ်လပ်လပ် သွားလာလို့မရ‌အောင်၊ ဝင်ထွက်လို့မရ‌အောင် ဟန့်တားထားတဲ့ သဘာဝ ဒါမှမဟုတ် လူလုပ်ထားတဲ့ ပတ်ဝန်းကျင်မှာရှိတဲ့ အတားအဆီးတွေဟာ ရုပ်ဝတ္ထုဆိုင်ရာ အဟန့်အတားတွေ ဖြစ်ပါတယ်။ (ဥပမာ – လှေကားထစ်တွေ၊ ပလက်ဖောင်းတွေက လှုပ်ရှားသွားလာရာမှာ ချို့ယွင်းနေတဲ့သူတွေ (People with mobility impairment)၊ လက်တွန်းလှည်း (Wheel chair) သုံးနေရသူတွေကို အဆောက်အဦးထဲကို ဝင်မရအောင် တားထားသလိုမျိုး၊ မတ်တပ်ရပ်ပြီး ရိုက်ရတဲ့ရင်သားဓာတ်မှန် ရိုက်မယ်ဆိုရင် မတ်တပ်ထဖို့ မဖြစ်နိုင်တာမျိုး၊ လက်တွန်းလှည်းသုံးနေရသူအနေနဲ့ ပေါင်ချိန်ဖို့ ခက်ခဲနေတာမျိုးတွေ ဖြစ်ပါတယ်)
ဒီလို အဟန့်အတားတွေ မရှိစေဖို့၊ လက်တွန်းလှည်း (Wheel chair) တွေ အလွယ်တကူ သွားလာနိုင်ဖို့ ဆင်ခြေလျှော (Ramp) လေးတွေကို ကိုယ့်ပတ်ဝန်းကျင်မှာ လုပ်ထားပေးလို့ ရသလို သူတို့ လမ်းဖြတ်ကူးတဲ့အခါ၊ လမ်းသွားတဲ့အခါ လမ်းကြည့်ပေးတာ၊ ကူပြီးတွန်းပေးတာ လုပ်လို့ရပါတယ်။ (အကူအညီလို/မလိုတော့ အရင် မေးသင့်ပါတယ်နော်) အများပြည်သူ သွားလာတဲ့နေရာတွေမှာလည်း ဆင်ခြေလျှောတွေ၊ ဓာတ်လှေကားတွေ လုပ်ထားသင့်သလို ပေါင်ချိန်တာအပါအဝင် တခြားနေရာတွေမှာလည်း အဆင်ပြေအောင် ကြိုတင်စဉ်းစားစီစဉ်ထားသင့်ပါတယ်။
.

(၄) Policy barriers (မူဝါဒဆိုင်ရာ အဟန့်အတားများ)
– အစီအစဉ်တွေ၊ လှုပ်ရှားမှုတွေကို မသန်စွမ်းသူတွေအနေနဲ့ လက်လှမ်းမီအဆင်ပြေစေဖို့အတွက် ဥပဒေတွေ၊ စည်းမျဉ်းစည်းကမ်းတွေ ချမှတ်ပြဌာန်းထားပေးသင့်ပါတယ်။ ဒီလို ပြဌာန်းထားခြင်းမရှိဘဲ သတိမပြုမိတာမျိုးဖြစ်နေမယ်ဆိုရင် မသန်စွမ်းသူတွေဟာ မူဝါဒဆိုင်ရာ အဟန့်အတားတွေနဲ့ ကြုံတွေ့ကြရမှာပါ။ (ဥပမာ – ရွေးချယ်မှုမှာ အောင်လာပေမယ့် မသန်စွမ်းသူ ဖြစ်နေတာကို သိတဲ့အခါ အလုပ်လုပ်ခွင့်ပေးဖို့ ငြင်းပယ်တာမျိုး၊ ရသင့်ရထိုက်တဲ့ အခွင့်အရေးတွေကို ခံစားခွင့်ပေးဖို့ ငြင်းပယ်တာမျိုး၊ မသန်စွမ်းသူအတွက် အလုပ်မှာ အဆင်ပြေပြေ လုပ်ကိုင်နိုင်ဖို့ သင့်လျော်တဲ့ ပြုပြင်ပြောင်းလဲပေးတာမျိုးတွေ လုပ်ပေးဖို့ ငြင်းပယ်တာမျိုးတွေ ဖြစ်ပါတယ်) မသန်စွမ်းသူဖြစ်တဲ့အတွက် ဒီလိုပြုမူခံရတာမျိုးကို ငြိမ်ခံမနေသင့်ဘဲ ကိုယ်ရသင့်ရထိုက်တဲ့ အခွင့်အရေး ရရှိတဲ့အထိ ဆောင်ရွက်သွားသင့်ပါတယ်။ နီးစပ်ရာ အပေါင်းအသင်းတွေ၊ အဖွဲ့အစည်းတွေဆီကနေလည်း အကြံဉာဏ်တွေ ရယူပြီး ဆောင်ရွက်သင့်ပါတယ်နော်။
.

(၅) Programmatic barriers (အစီအစဉ် ပြုလုပ်ခြင်းဆိုင်ရာ အဟန့်အတားများ)
– ဒီအဟန့်အတားတွေကြောင့် မသန်စွမ်းသူတွေ (PWD) အတွက် အစီအစဥ်တွေ အထူးသဖြင့် ပြည်သူ့ကျန်းမာရေးကိစ္စရပ်တွေ လုပ်ဆောင်ပေးတဲ့အခါမှာ အောင်မြင်ဖို့၊ ထိရောက်ဖို့ ခက်ခဲစေပါတယ်။ (ဥပမာ – မသန်စွမ်းသူတွေဟာ သွားဖို့လာဖို့ အချိန်ယူပြင်ဆင်ရတာဖြစ်တဲ့အတွက် အချိန်ဇယားကို မနက်အစောကြီးလာဖို့ ရေးဆွဲထားတဲ့အခါ အဆင်မပြေတာမျိုး၊ အစီအစဉ်မှာ ပေးထားတဲ့ပစ္စည်းကိရိယာတွေဟာ မသန်စွမ်းသူတွေအတွက် အသုံးပြုဖို့ အဆင်မပြေနိုင်တာမျိုး၊ ကျန်းမာရေးစမ်းသပ်စစ်ဆေးမှုတွေမှာ အချိန်လုံလောက်မှုမရှိတာမျိုး၊ ကျန်းမာရေးပြုစုစောင့်ရှောက်မှုပေးမယ့်သူတွေက မသန်စွမ်းသူ‌တွေနဲ့ ပြောဆိုဆက်ဆံမှု နည်းပါးတာ ဒါမှမဟုတ် မရှိတာမျိုး၊ ကျန်းမာရေးပြုစုစောင့်ရှောက်မှုပေးမယ့်သူအနေနဲ့ မသန်စွမ်းသူတွေအပေါ် ထားတဲ့သဘောထား၊ ဗဟုသုတနဲ့ နားလည်ပေးနိုင်မှုတွေမှာ လိုအပ်ချက် ရှိနေတာမျိုးတွေ ဖြစ်ပါတယ်)
ဒီအဟန့်အတားကို ကျော်လွှားနိုင်ဖို့ကတော့ ကျန်းမာရေးပြုစုစောင့်ရှောက်မှု ပေးမယ့်သူတွေ၊ အစီအစဉ်ရေးဆွဲတဲ့သူတွေက ပြုပြင်ပြောင်းလဲလုပ်ဆောင်ပေးဖို့ ပိုပြီး တာဝန်ရှိပါတယ်။
.

(၆) Social barriers (လူမှုရေးဆိုင်ရာ အဟန့်အတားများ)
လူမှုရေးဆိုင်ရာ အဟန့်အတားတွေကတော့ “ဘယ်မှာမွေးလဲ။ ဘယ်မှာကြီးတာလဲ။ ဘယ်မှာနေလဲ။ ဘာတွေသင်ကြားတတ်‌မြောက်ထားလဲ။ ဘယ်မှာအလုပ်လုပ်လဲ။ အသက်ဘယ်လောက်လဲ” စတဲ့ လူမှုရေးအဆုံးအဖြတ်တွေ (Social determinants) နဲ့ သက်ဆိုင်ပါတယ်။ (ဥပမာ – မသန်စွမ်းသူတွေဟာ ကျန်းမာသန်စွမ်းသူတွေထက်စာရင် အလုပ်ရတဲ့နှုန်းက တစ်ဝက်ပဲ ရှိတာမျိုး၊ အသက် ၁၈ နှစ်နဲ့အထက် လူတွေအနေနဲ့ အထက်တန်းကျောင်း ပြီးစီးအောင်မြင်မှုနှုန်းမှာလည်း မသန်စွမ်းသူတွေက ကျန်းမာသန်စွမ်းသူတွေထက် တစ်ဝက်ပဲ ရှိတာမျိုး၊ မသန်စွမ်းသူတွေ ရရှိတဲ့လစာဟာ ကျန်းမာသန်စွမ်းသူတွေ ရရှိတဲ့ လစာထက် သုံးပုံနှစ်ပုံပဲ ရှိတာမျိုး၊ မသန်စွမ်းကလေးသူငယ်တွေဟာ ကျန်းမာသန်စွမ်းတဲ့ကလေးသူငယ်တွေထက် အကြမ်းဖက်အနိုင်ကျင့်ခံရနိုင်ခြေ လေးဆလောက် ပိုများနေတာမျိုး စ‌တာတွေ ဖြစ်ပါတယ်)
ဒီနေရာမှာ တစ်ခုပြောပြချင်တာက ပညာရေးနိမ့်ကျမှုကနေ အလုပ်အကိုင်ရရှိမှုနဲ့ လစာကွာခြားမှုကို ဆင့်ကဲဆင့်ကဲ ဖြစ်သွားစေနိုင်ပါတယ်။ ဒါကြောင့် ကျောင်းတွေမှာကတည်းက ဂရုတစိုက် ပြုစုပျိုးထောင်ပေးမယ်ဆိုရင် အပေါ်က ပြောထားတဲ့အချက်တွေကို ရှောင်လွှဲနိုင်ပါလိမ့်မယ်။
.

(၇) Transportation barriers (သယ်ယူပို့ဆောင်ရေးဆိုင်ရာ အဟန့်အတားများ)
– မသန်စွမ်းသူတွေ (PWD) ရဲ့ အမှီခိုကင်းကင်းနေချင်တဲ့စိတ်နဲ့ လူမှုအသိုက်အဝန်းထဲမှာ ပုံမှန်လည်ပတ်နေနေချင်တဲ့စိတ်ကို ဟန့်တားနေတာကတော့ လုံလောက်တဲ့သယ်ယူပို့ဆောင်မှု မရှိတာဖြစ်ပြီး အဲဒါက သယ်ယူပို့ဆောင်ရေးဆိုင်ရာ အဟန့်အတားတွေပါပဲ။ (ဥပမာ – အမြင်အာရုံ ဒါမှမဟုတ် အသိသညာ ချို့ယွင်းနေသူတွေဟာ ကားမောင်းလို့ မဖြစ်နိုင်တာမျိုး၊ အများသုံးသယ်ယူပို့ဆောင်ရေးက ကိုယ်နေတဲ့နေရာမှာ မရှိတာ ဒါမှမဟုတ် တအားဝေးနေတာမျိုးတွေ ဖြစ်ပါတယ်။)
ဒီလိုမျိုးဆိုရင်တော့ အိမ်သူအိမ်သားတစ်ယောက်ယောက် ဒါမှမဟုတ် အိမ်နီးနားချင်းမိတ်ဆွေတစ်ယောက်ယောက်ကို ကိုယ့်ကား/ဆိုင်ကယ်ကို လိုက်မောင်းပို့ပေးဖို့ အကူအညီတောင်းရပါမယ်။ အများသုံး ဘတ်စကား၊ ရထားတွေနဲ့ သွားမယ်ဆိုရင်လည်း ဂိတ်ကို လိုက်ပို့ပေးခိုင်းသင့်ပါတယ်။ ကိုယ်စီးရမယ့်ယာဉ်၊ သွားချင်တဲ့နေရာ စတာတွေကို သေချာမှန်ကန်အောင် ပြောသင့်သလို တစ်ဖက်မှာလည်း ကိုယ့်ကို လာကြိုပေးမယ့်သူနဲ့ သေချာ အချိန်းအချက် လုပ်ထားသင့်ပါတယ်။ အဖော်တစ်ယောက်ပါလာရင်တော့ အကောင်းဆုံး ဖြစ်ပါလိမ့်မယ်နော်။


အချုပ်အားဖြင့် ပြောရရင် မသန်စွမ်းသူတွေ (People with disabilities – PWD) ကို နေ့စဉ်လူမှုပတ်ဝန်းကျင်ထဲမှာ ပုံမှန်အတိုင်း ပါဝင်နိုင်စေဖို့ ဆောင်ရွက်တာ (Social inclusion) ဟာ လူတိုင်းနဲ့ သက်ဆိုင်ပါတယ်။ ဒါကြောင့် ဒီလိုဆောင်ရွက်ရာမှာ ပေါ်လာတဲ့ အဟန့်အတားတွေကို ကျော်လွှားနိုင်ဖို့ တတ်နိုင်သလောက် ကူညီပေးသင့်ပါတယ်လို့ တိုက်တွန်းလိုက်ရင်း နိဂုံးချုပ်လိုက်ပါရစေ။

Dr Frodo
တယ်လီကျန်းမာ ဆရာဝန်တစ်ဦး
Reference : 📖
https://www.cdc.gov/ncbddd/disabilityandhealth/disability-barriers.html#:~:text=The%20World%20Health%20Organization%20(WHO,limit%20functioning%20and%20create%20disability.
.
——————————————–
.

👉 တယ်လီကျန်းမာတွင် ဆရာဝန်များနှင့် အွန်လိုင်းမှတစ်ဆင့် အခမဲ့ (အခမဲ့) တိုင်ပင်ဆွေးနွေးနိုင်ပါသည်။
*** ပိတ်ရက်မရှိပါ ***
ကြိုတင်ဘိုကင်ယူရန်အတွက် တယ်လီကျန်းမာ messenger ကို ဆက်သွယ်ပါ။
https://m.me/telehealthmm
(နေ့စဥ် မနက် ၈ နာရီမှ ည ၁၀ နာရီအထိ)


👉 စိတ်ပိုင်းဆိုင်ရာ ဆွေးနွေးရင်ဖွင့်လိုသူများအတွက်….
မိမိကိုယ်ကိုသေကြောင်းကြံစည်မှု လုံးဝမရှိစေရ
Zero Suicide Hotline သို့ ဆက်သွယ်ရန်
❤️ https://t.me/zeroscbot
(မနက် (၈) နာရီမှ နေ့လယ် (၁၂) နာရီ
ညနေ (၆) နာရီမှ ည (၁၀) နာရီအတွင်း)

ကျန်းမာရေးဝန်ကြီးဌာန၊
အမျိုးသားညီညွတ်ရေးအစိုးရ

Published on: February 29, 2024
Last updated: February 29, 2024