“ရာသီပေါ် တညင်းသီးနှင့် သင့်ကျန်းမာရေး” (June 2023)

“တညင်းသီး” တွေပေါများတဲ့ရာသီရောက်ရင် မစားရမနေနိုင်၊ စားရင်လည်း များများလေးတွယ်လိုက်ရမှ အားရကျေနပ်တဲ့သူတွေရှိကြလား ?

ဒီနေ့မှာတော့ “တညင်းသီး”က ကျန်းမာရေးကို ဘယ်လိုဆိုးဆိုးရွားရွား ထိခိုက်စေနိုင်လဲဆိုတာ မျှဝေပေးသွားမှာဖြစ်ပါတယ်။

..

..

တညင်းပင်ရဲ့မူလအစက Pea (ပဲစေ့) မျိုးနွယ်ဝင်ဖြစ်ပြီး အရှေ့တောင်အာရှနိုင်ငံတွေဖြစ်တဲ့ မြန်မာ၊ မလေးရှား၊ ထိုင်း၊ အင်ဒိုနီးရှားနဲ့ ဘင်္ဂလားဒေ့ရှ်တွေမှာ ဖြစ်ထွန်းလေ့ရှိပါတယ်။ သူ့သဘာဝအရ မိုးသည်းသည်းထန်ထန်ရွာတဲ့မြေပေါ်မှာ ပေါက်တတ်ပါတယ်။ ဒါကြောင့် ခုလိုမိုးဦးကျကာလကို တညင်းသီးရာသီလို့ ခေါ်ကြပါတယ်။

တညင်းသီးရဲ့ ပုံပန်းသွင်ပြင်က အားလုံးရင်းနှီးပြီးသားမို့လို့ ထွေထွေထူးထူး ပြောဖို့လိုမယ်မထင်ပါဘူး။ တကယ်တမ်း အားလုံးသိထားသင့်တာက တညင်းသီးမှာပါဝင်တဲ့ djenkolic acid ဆိုတာပါပဲ။

တညင်းသီးမှာ ကျန်းမာရေးကို အကျိုးပြုတဲ့ ဗီတာမင်ဓာတ်တွေပါဝင်မှုမရှိဘဲ Djenkolic Acid သာ များများစားစား ပါဝင်ပါတယ်။ Djenkolic acid ဟာ အမိုင်နိုအက်စစ်တစ်မျိုးဖြစ်ပြီး မပြင်းထန်တဲ့အဆိပ်သင့်ခြင်းကို ဖြစ်စေနိုင်ပါတယ်။ အနေတော်အရွယ် တညင်းသီးတစ်လုံးရဲ့ တစ်ကီလိုဂရမ်စာမှာ djenkolic acid (၂၀) ဂရမ် ပါဝင်ပါတယ်။

Djenkolic acid အဆိပ်သင့်ခြင်း (သို့မဟုတ်) တညင်းသီးအဆိပ်သင့်ခြင်းကို Djenkolism လို့ခေါ်ပါတယ်။ တညင်းသီးစားပြီးချိန်မှာ djenkolic acid တွေက ကျောက်ကပ်ပြွန်တွေနဲ့ ဆီးလမ်းကြောင်းတွေထဲမှာ ကျိန်းစပ်စေတဲ့ crystal အစိုင်အခဲတွေအဖြစ်ပြောင်းလဲသွားပါတယ်။ စားပြီးလို့ (၂) နာရီကနေ (၁၂) နာရီလောက်အတွင်းမှာ

– ဝမ်းဗိုက်မအီမသာဖြစ်တာ

– ပေါင်ရင်းသားတွေ နာကျင်တာ

– လေထိုးလေအောင့်တာ

– အော့အန်တာ

– ပျို့အင့်တာ

– ဆီးပူဆီးကျဥ်တာ

– ဆီးနံ့ပြင်းတာ

– ဆီးထဲသွေးပါတာ

– ဝမ်းချုပ်တာ

– သွေးတိုးတာ

– ကျောက်ကပ်က ဆီးအလုံအလောက်မထုတ်ပေးနိုင်လို့ ဆီးနည်းသွားတာကို ခံစားရနိုင်ပါတယ်။

ငယ်လွန်းတဲ့ကလေးတွေမှာ လိင်အင်္ဂါရောင်ရမ်းနာကျင်တာမျိုး ဖြစ်နိုင်ပါတယ်။ အချို့လူတွေမှာ တညင်းသီးတစ်လုံးလောက်စားရုံနဲ့ ဒီလက္ခဏာတွေကို ခံစားရပြီး အများအားဖြင့် ငါးလုံးလောက်ထိစားတဲ့သူတွေမှာ ဖြစ်နိုင်ခြေများပါတယ်။ ဒါက မပြင်းထန်တဲ့ အဆင့်ဖြစ်ပြီး အဆိပ်အတောက်တွေပါသွားအောင် ရေများများသောက်ပေးဖို့ လိုအပ်ပါတယ်။

တညင်းသီးစားသုံးမှုများတဲ့အခါ အဓိကထိခိုက်နိုင်တဲ့ ကိုယ်တွင်းအင်္ဂါက ကျောက်ကပ်ဖြစ်ပါတယ်။ djenkolic acid ရဲ့အဆိပ်အတောက်တွေကို ဖြေ‌နိုင်ဖို့ ကျောက်ကပ်က လိုတာထက်ပိုပြီး အလုပ်လုပ်ရတဲ့အခါ ထိခိုက်ပျက်စီးခြင်းတွေ ဖြစ်လာနိုင်ပါတယ်။ ဒါတွေကတော့…

– Acute Urinary Retention (ရုတ်တရက် ဆီးမသွားနိုင်ခြင်း)

– Acute Renal Failure ( ရုတ်တရက် ကျောက်ကပ်ပျက်စီးခြင်း)

– Anuria ( ကျောက်ကပ်က ဆီးမထုတ်ပေးနိုင်တော့ခြင်း) စတာတွေကနေ အသက်ဆုံးရှုံးတဲ့အထိ ဖြစ်သွားနိုင်ပါတယ်။

..

..

ဒါ့အပြင် တညင်းသီးကို ရေရှည်အမြဲစားသုံးဖြစ်နေမယ်ဆို အခြားရောဂါတွေလည်း ဆက်စပ်ဖြစ်ပွားနိုင်ပါသေးတယ်။

(၁) နှလုံးသွေးကြောနဲ့ဆိုင်တဲ့ရောဂါတွေ

တညင်းသီးစားပြီးချိန် ယာယီသွေးတိုးရာကနေ ရေရှည်မှာ ကျောက်ကပ်ပျက်စီးမှုကြောင့် သွေးကြောတွေထိခိုက်ပြီး နှလုံးသွေးကြောရောဂါတွေပါ ဖြစ်စေနိုင်ပါတယ်။

.

(၂) အာရုံကြောဆိုင်ရာ ရောဂါတွေ

ကျောက်ကပ်ရဲ့လုပ်ငန်းဆောင်တာတွေ ပျက်စီးခြင်းကြောင့်ပဲ အာရုံကြောတွေ ထိခိုက်နိုင်ပါတယ်။ အထူးသဖြင့် အာရုံစူးစိုက်မှုလျော့နည်းလာပြီး သတိမေ့လွယ်ခြင်းကို မကြာခဏကြုံရနိုင်ပါတယ်။

.

(၃) အစာအိမ်နဲ့အူလမ်းကြောင်းရောဂါတွေ

တညင်းသီးစားခြင်းကြောင့် အစာအိမ်ထဲ ဂတ်စ်တွေစုမိပြီး လေထိုးလေအောင့်တာ၊ ဝမ်းချုပ်တာ၊ အော့အန်တာတွေ တောက်လျှောက်ဖြစ်လာမယ်ဆို အစာအိမ်နဲ့အူလမ်းကြောင်းရောဂါတွေကို ဖိတ်ခေါ်နေသလိုပါပဲ။

.

(၄) သွေးနဲ့သက်ဆိုင်တဲ့ရောဂါတွေ

ဆီးထဲသွေးပါရာကနေ Leucocytosis လို့ခေါ်တဲ့ သွေးဖြူဥများတာအပြင်၊ Anaemia လို့ခေါ်တဲ့ သွေးအားနည်းရောဂါတွေ ဖြစ်နိုင်ပါသေးတယ်။

.

ဒါ့အပြင် အတွေ့နည်းရပေမယ့် အသည်းအဆီဖုံးခြင်းဟာလည်း တညင်းသီးအဆိပ်သင့်ခြင်းနဲ့ ဆက်စပ်နေနိုင်တယ်လို့ ဆိုကြပါတယ်။

..

..

Djenkolic Acid ဟာ တော်ရုံရေဆူအမှတ်မှာတောင် မပျော်ဝင်နိုင်လို့ တညင်းသီးပြုတ်စားမယ်ဆို (၄) ကြိမ်၊ (၅) ကြိမ်လောက်အထိ အထပ်ထပ်အခါခါ ပြုတ်လိုက်၊ ရေသွန်လိုက်၊ ရေအသစ်နဲ့ပြုတ်လိုက် လုပ်မှသာ အဆိပ်သင့်ခြင်း အတန်ငယ်လျော့သွားနိုင်တာ ဖြစ်ပါတယ်။

ဒါကြောင့် ဆီးနံ့၊ ဝမ်းနံ့ဆိုးစေပြီး ပတ်ဝန်းကျင်ကို အနံ့အသက်နဲ့ဒုက္ခပေးတတ်တဲ့အပြင် ကျန်းမာရေးဆိုးကျိုးတွေရှိနေတဲ့ တညင်းသီးကို အတတ်နိုင်ဆုံးလျှော့စားကြစေချင်ပါတယ်။

Reference : 📚

✅http://www.jodrugs.com/…/1634-djenkol-bean-poisoning.aspx

✅Wikipedia

❤️ NUG, MOH တယ်လီကျန်းမာ၊ လူတိုင်းအတွက်ပါ ❤️

👉 တယ်လီကျန်းမာတွင် ဆရာဝန်များနှင့် အွန်လိုင်းမှ အခမဲ့တိုင်ပင်ဆွေးနွေးနိုင်ပါသည်

*** ပိတ်ရက်မရှိပါ ***

ကြိုတင်ဘိုကင်ယူရန်အတွက် (https://m.me/telehealthmm) ကို နှိပ်ပါ

(နေ့စဥ် မနက် ၈ နာရီမှ ည ၁၀ နာရီအထိ)

#nugmoh#telehealth#telemedicine

#တယ်လီကျန်းမာ#Telekyanmar

#djenkolicacid#djenkol#djenkolbeans

#တညင်းသီး

ကျန်းမာရေးဝန်ကြီးဌာန၊

အမျိုးသားညီညွတ်ရေးအစိုးရ

Published on: June 5, 2023.

Last Updated: June 5, 2023.