ဓာတုလက်နက်များ၏ ဘေးအန္တရာယ်များမှ ကာကွယ်နိုင်ရေးအတွက် ပြည်သူလူထုသို့ အကြံပြုချက်များ
အထွေထွေ
စစ်ပွဲများတွင် သမားရိုးကျ လက်နက်များဖြင့်သာမကဘဲ အဆိပ်သင့်စေသော ဓာတုပစ္စည်းများကို စစ်လက်နက်များတွင် တပ်ဆင်ပစ်ခတ်ခြင်းကြောင့် စစ်ဘက်ဆိုင်ရာပစ်မှတ်များအပြင် အရပ်သားများပါ သေကျေ ဒဏ်ရာရလေ့ရှိသည်။
ဓာတုလက်နက်များမှ အဆိပ်များသည် ကျွန်ုပ်တို့ ပတ်ဝန်းကျင်တွင် ဓာတ်ငွေ့၊ အရည်နှင့် အမှုန့် စသည်ဖြင့် ပုံစံ မျိုးစုံနှင့် တည်ရှိနိုင်ပါသည်။
၎င်းတို့၏ ဘေးအန္တရာယ်ကို သာမန်အဝတ်အစားများ လုံခြုံစွာဝတ်ဆင်ခြင်းဖြင့် မကာကွယ်နိုင်ပါ။
ထို့ပြင် ဓာတုလက်နက် ကျရောက်ထားသည့် နေရာအနီးတဝိုက်သို့ အကာအကွယ်ဝတ်စုံ မပါဘဲ သွားရောက်ခြင်း၊ လက်ဗလာဖြင့် ပစ္စည်းများကို ကိုင်တွယ်ခြင်း၊ လူနာများကိုကြည့်ရှုခြင်း မပြုလုပ်ရပါ။
အဆိုပါအဆိပ်ဓာတ်များကို ထိတွေ့၊ ရှူရှိုက်၊ မျိုချမိပါက အရေပြား၊ မျက်လုံး၊ အသက်ရှူလမ်းကြောင်း နှင့် ပါးစပ်တို့မှတစ်ဆင့် ခန္ဓာကိုယ်အတွင်းဝင်ရောက်ပြီး အဆိပ်သင့်စေကာ ကျန်းမာရေးကို ထိခိုက်စေပြီး အသက်ဆုံးရှုံးသည်အထိ ဖြစ်တတ်ပါသည်။
ဓာတုပစ္စည်းတစ်မျိုးချင်းစီအလိုက် အဆိပ်သင့်မှုပုံစံမျိုးစုံရှိပြီး ၎င်းလက္ခဏာများကို သိရှိထားရန် လိုအပ်ပါ သည်။
ဓာတုအဆိပ်သင့်မှုကြောင့် အရေပြား၊ အသက်ရှူလမ်းကြောင်း၊ အဆုတ်၊ နှလုံး၊ ဦးနှောက်နှင့်အာရုံကြော ၊ အစာအိမ်အူလမ်းကြောင်းနှင့် ကြွက်သားအဖွဲ့အစည်းတို့ကို ထိခိုက်ပျက်စီးစေတတ်ပါသည်။
ထို့ကြောင့် ထိခိုက်ဒဏ်ရာမရှိသော်လည်း အဆိပ်သင့်လက္ခဏာရှိသူများ၊ ရရှိထားသောဒဏ်ရာနှင့် မသက်ဆိုင် သော ဝေဒနာခံစားနေရသူများ၊ ခန္ဓာကိုယ်ထိခိုက်မှု တစ်စုံတစ်ရာမရှိပါဘဲ လူအများအပြား ရုတ်ချည်းသေဆုံးမှုများ၊ ပုံမှန်မဟုတ်သော အနံ့၊ အရည်နှင့် အငွေ့တို့ကို တွေ့ရှိရပြီး အဆိပ်သင့်လက္ခဏာများ ပြသလာလျှင် ဓာတုအဆိပ်သင့်မှုဟု ယူဆနိုင်သည်။
အဆောက်အအုံအတွင်း ဓာတုလက်နက် ကျရောက်ပါက လုပ်ဆောင်ရန်များ
စိတ်တည်ငြိမ်စွာထားပါ။
ဓာတုလက်နက်ထိမှန်ထားသည့် နေရာအနီးတဝိုက်သို့ အကာအကွယ်ဝတ်စုံမပါဘဲ သွားရောက်ခြင်း၊ လက်ဗလာဖြင့် ပစ္စည်းများကို ကိုင်တွယ်ခြင်း၊ လူနာများကို ကြည့်ရှုခြင်း မပြုလုပ်ရပါ။
ဓာတုဓာတ်ငွေ့၊ အရည် သို့မဟုတ် အမှုန်များနှင့် ဝေးရာဘက်သို့ ပြေးထွက်ပါ။
လေဝင်လေထွက်ကောင်းသော ဟင်းလင်းပြင်နေရာ၊ လေတင်ဘက်နေရာ၊ အမြင့်ပိုင်းနေရာသို့ရောက်အောင် သွားသင့်ပါသည်။
ဝတ်ဆင်ထားသော အဝတ်အစားများကို ဖယ်ရှား၍ ပလတ်စတစ်အိတ်တွင် လုံခြုံစွာ ထည့်သွင်းပါ။
ရေနှင့် ဆပ်ပြာများများသုံး၍ ဓာတုပစ္စည်းများ ဆေးကြောသန့်စင်ခြင်း ဆောင်ရွက်ပါ။ “ဆေး – သုတ် – ဆေး” (Rinse – Wipe – Rinse) နည်းစနစ်ဖြင့် ဆေးကြောသန့်စင်ပါ။
အဝတ်အစားသစ် လဲလှယ်ဝတ်ဆင်ပါ။
အဆိပ်သင့်လက္ခဏာများ ရှိမရှိကို စောင့်ကြည့်ပါ။
အဆိပ်သင့်လက္ခဏာများ မပြသေးသော်လည်း ထိတွေ့မှုရှိခဲ့ပါက ကျန်မာရေးစောင့်ရှောက်မှုပေးနိုင်သည့် နေရာတွင် သွားရောက်ပြသသင့်ပါသည်။
အဆောက်အအုံပြင်ပ (သို့မဟုတ်) ဟင်းလင်းပြင်နေရာများတွင် ဓာတုလက်နက် ကျရောက်ပါက လုပ်ဆောင် ရန်များ
စိတ်တည်ငြိမ်စွာထားပါ။
ဓာတုလက်နက် ကျရောက်ထိမှန်ထားသည့် နေရာအနီးတဝိုက်သို့ အကာအကွယ်ဝတ်စုံ မပါဘဲ သွားရောက်ခြင်း၊ လက်ဗလာဖြင့် ပစ္စည်းများကို ကိုင်တွယ်ခြင်း၊ လူနာများကို ကြည့်ရှုခြင်း မပြုလုပ်ရပါ။
ဓာတုဓာတ်ငွေ့၊ အရည် သို့မဟုတ် အမှုန်များနှင့် ဝေးရာဘက်သို့ ပြေးထွက်ပါ။
လေတင်ဘက်နေရာ၊ အမြင့်ပိုင်းနေရာရှိ လုံခြုံသော အဆောက်အဦးအတွင်းသို့ ရောက်အောင် သွားသင့်ပါသည်။
မိသားစုနှင့် အိမ်မွေးတိရစ္ဆာန်များကိုပါ တစ်ပါတည်းခေါ်ဆောင်သွားပါ။
အဆောက်အအုံအတွင်း ရောက်လျှင် လေဝင်လေထွက်ပေါက်များ၊ တံခါးနှင့် ပြတင်းပေါက်များကို လုံခြုံစွာ ပိတ်ထားပါ။ ပန်ကာများ၊ လေအေးပေးစက်များနှင့် လေပူပေးစနစ်များ ပိတ်ထားပါ။
ရေဒီယို၊ ဖုန်း၊ အင်တာနက်မှ သတိပေးချက်များကို နားထောင်ပါ။
ဘေးအန္တရာယ် ကင်းရှင်းမှသာ အပြင်ထွက်ပါ။
ထိတွေ့မှုရှိခဲ့ပါက ဝတ်ဆင်ထားသော အဝတ်အစားများကို ဖယ်ရှား၍ ပလတ်စတစ်အိတ်တွင် လုံခြုံစွာ ထည့်သွင်းပါ။
ရေနှင့် ဆပ်ပြာများများသုံး၍ ဓာတုပစ္စည်းများ ဆေးကြောသန့်စင်ခြင်း ဆောင်ရွက်ပါ။ “ဆေး – သုတ် – ဆေး” (Rinse – Wipe – Rinse) နည်းစနစ်ဖြင့် ဆေးကြောသန့်စင်ပါ။
အဆိပ်သင့်လက္ခဏာများ ရှိမရှိကို စောင့်ကြည့်ပါ။
အဝတ်အစားသစ် လဲလှယ်ဝတ်ဆင်ပါ။
အဆိပ်သင့်လက္ခဏာများ မပြသေးသော်လည်း ထိတွေ့မှုရှိခဲ့ပါက ကျန်မာရေးစောင့်ရှောက်မှုပေးနိုင်သည့် နေရာတွင် သွားရောက်ပြသသင့်ပါသည်။
ဓာတုလက်နက်များ၏ ဘေးအန္တရာယ်များမှ ကာကွယ်နိုင်ရေး ပြည်သူလူထုသို့ အကြံပြုချက်များ (Danger of Chemical Weapons) ကို ပြန်လည်ကြည့်ရှုရန် – https://moh.nugmyanmar.org/danger-of-chemical-weapons/
ကျန်းမာရေးဝန်ကြီးဌာန၊
အမျိုးသားညီညွတ်ရေးအစိုးရ





ထုတ်ဝေသည့်နေ့စွဲ -- ၁၁ မတ် ၂၀၂၂
နောက်ဆုံးမွမ်းမံသည့်နေ့စွဲ --- ၁၁ မတ် ၂၀၂၂