“Do-Not-Resuscitate (DNR)” (March 2024)

အေးချမ်းသက်သာစွာ သွားခွင့်ပြုပါ {Do-Not-Resuscitate (DNR)}

Do-Not-Resuscitate (DNR) အကြောင်းကို မပြောပြခင် Resuscitation ဆိုတာ ဘာလဲဆိုတာကို အရင်ရှင်းပြပါရစေ။

Resuscitation ဆိုတာ တကယ်တော့ ဒီနေရာမှာ သေခါနီးအသက်ကယ်တာ {Cardiopulmonary resuscitation (CPR)} ကို ဆိုလိုတာပါ။ ဗြိတိသျှနိုင်ငံ (UK) မှာတော့ ပိုပြည့်စုံအောင် Do not attempt cardiopulmonary resuscitation (DNACPR) decisions လို့ သုံးပါတယ်။

သေခါနီးအသက်ကယ်တာ (CPR) ဆိုတာ လူတစ်ယောက် ရုတ်တရက် အသက်ရှူရပ်၊ နှလုံးခုန်ရပ်သွားတဲ့အခါ အသက်ပြန်ရှူ၊ နှလုံးပြန်ခုန်အောင် အသက်ကယ်ဆောင်ရွက်ပေးတာကို ပြောတာပါ။ ရင်ဘတ်ကို စည်းချက်ညီညီဖိပြီး နှလုံးကိုနှိုးဆွပေးတာ၊ နှာခေါင်းနဲ့ပါးစပ်ထဲ လေမှုတ်သွင်းပေးတာ စတဲ့ အခြေခံအသက်ကယ်နည်းတွေ {Basic Life Support (BLS)} ကနေ စက်နဲ့ နှလုံးကိုရှော့ခ် (Shock) ရိုက်တာ၊ လေပြွန်ထဲပိုက်ထည့်ပြီး စက်နဲ့အသက်ရှူစေတာ၊ ဆေးသွင်း/ဒရစ်သွင်းတာ (Drip) အထိ ပါပါတယ်။

ဒီလိုမျိုး Cardiopulmonary resuscitation (CPR) ဆိုတာဟာ ဆေးရုံဆေးခန်းတွေမှာ လူတစ်ယောက် အသက်ရှူရပ်၊ နှလုံးခုန်ရပ်သွားရင် မဖြစ်မနေလုပ်ကြတဲ့ အသက်ကယ်လုပ်ငန်းစဉ်တစ်ခု ဖြစ်ပါတယ်။

ဒါပေမယ့် တချို့သူတွေက သူတို့ (သို့) သူတို့မိသားစုဝင်တစ်ဦးဦးရဲ့ နောက်ဆုံးအချိန်မှာ အဲဒီလို ဝရုန်းသုန်းကား ဖိကြ၊ နှိပ်ကြ၊ ပိုက်ထည့်ကြ၊ ရှော့ရိုက်ကြတာမျိုးတွေကို မလုပ်စေချင်ကြပါဘူး။ တစ်ချိန်မှာ အဲဒီလို အသက်ရှူရပ်၊ နှလုံးခုန်ရပ်သွားရင် (CPR) မလုပ်ပါနဲ့ဆိုပြီး သက်ဆိုင်ရာဆရာဝန်ကို ကြိုတင်အကြောင်းကြားသလို သတ်မှတ်ထားတဲ့ ပုံစံကိုဖြည့်ပြီး လက်မှတ်ထိုး ဆန္ဒပြုထားတတ်ကြပါတယ်။ အဲဒါကို Do-Not-Resuscitate (DNR), do-not-attempt-resuscitation order (DNAR) or an allow-natural-death (AND) order လို့လည်း ခေါ်ကြပါတယ်။

CPR ကို ဘာလို့မလုပ်ချင်ကြတာလဲ….

CPR လုပ်တဲ့အတွက် လူတိုင်းအသက်ပြန်ရှင်နိုင်တာတော့ မဟုတ်ပါဘူး။ လူနာရဲ့အသက်၊ ရောဂါအခံ၊ နှလုံးခုန်တဲ့ပုံစံ၊ အသက်ရှူရပ်စေတဲ့ အကြောင်းရင်းတွေအပြင် ဘယ်လောက်မြန်မြန်နဲ့ ထိရောက်အောင် CPR လုပ်နိုင်သလဲဆိုတဲ့ အကြောင်းအရာတွေအများကြီးအပေါ်မှာ မူတည်ပါတယ်။

CPR လုပ်ပြီး အသက်ကယ်လို့ရလိုက်တဲ့ လူနာတချို့မှာ အရေပြားလောင်တာ၊ နံရိုးကျိုးတာလို ဒဏ်တွေဖြစ်သွားတတ်သလို လူနာတချို့မှာတော့ အသက်ပြန်ရှင်လာပေမယ့်လည်း ဦးနှောက်က အလုပ်ကောင်းကောင်းမလုပ်ဘဲ နှစ်ရှည်လများ အသိကင်းတဲ့ခန္ဓာကြီးပဲ အသက်ရှင်နေတာမျိုး ဖြစ်တတ်ပါသေးတယ်။ အဲဒီအခါ ဆေးရုံမှာ စက်တွေနဲ့ချိတ်ဆက်ပြီး အသိမရှိဘဲ အသက်ရှင်နေရတာကြောင့် လူနာအတွက်လည်း အကျိုးမရှိသလို ကျန်တဲ့မိသားစုမှာလည်း ဆေးရုံကုန်ကျစားရိတ်ထောင်းတာ‌ကို ခံကြရပါတယ်။

ဒါကြောင့် ကင်ဆာလို နာတာရှည်ရောဂါ ခံစားနေရသူ၊ အသက်သိပ်ကြီးပြီး အိပ်ရာထဲလဲကာ တခြားသူပြုစုတာခံယူပြီး အသက်ရှင်နေရသူတွေအနေနဲ့က သူတို့အသက်ရှူရပ်သွားရင် သက်တောင့်သက်သာ ဘဝကူးချင်ကြပါတယ်။

ဘယ်သူတွေက အေးချမ်းသက်သာစွာ သွားခွင့်ပြု (DNR) ဖို့ ဆုံးဖြတ်နိုင်လဲ….

နိုင်ငံအလိုက်၊ ပြည်နယ်အလိုက် ဥပဒေတွေ မတူကြပါ။

တချို့ကတော့ နာတာရှည်ရောဂါဖြစ်လာရင် ဆရာဝန်နဲ့တိုင်ပင်ပြီး မိမိရဲ့နောက်ဆုံးအချိန်အတွက် ကြိုတင်ဆုံးဖြတ်ချက်ချကာ DNR ပုံစံဖြည့်ပြီး လက်မှတ်ထိုးထားပါတယ်။ အဲဒီလိုလူနာ ဆေးရုံတက်ရင် ခုတင်မှာ၊ ဆေးမှတ်တမ်းမှာ DNR ဆိုတာသိသာအောင် အမှတ်အသားပြု ချိတ်ဆွဲထားတဲ့အတွက် တာဝန်ကျသူနာပြု/ဆရာဝန်တွေက အသက်ရှူရပ်သွားရင် ကယ်ဆယ်တာ (CPR) မလုပ်ရဘူးဆိုတာကို သိနိုင်ပါတယ်။ ဆေးရုံပြင်ပမှာ တစ်ခုခုဖြစ်ရင် DNR ကို သိသာစေဖို့ အိမ်ကခုတင်ဘေးမှာချိတ်ထားဖို့ DNR ကဒ်ထုတ်ပေးတာ၊ လက်ပတ်ထုတ်ပေးထားတာလည်း ရှိပါတယ်။ မိမိ DNR လက်မှတ်ထိုးထားရင် သေတမ်းစာမှာ ထည့်သွင်းသင့်သလို၊ မိသားစုဝင်တွေ၊ မိမိကိုပြုစုစောင့်ရှောက်နေသူတွေကိုလည်း အသိပေးထားရပါမယ်။

ဒါ့အပြင် အေးချမ်းသက်သာစွာ သွားခွင့်ပြုဖို့ (DNR) ကို ဆုံးဖြတ်လက်မှတ်ထိုးထားလည်း ကာယကံရှင်က စိတ်ပြောင်းပြီး ပြန်ပြင်လို့ရပါတယ်။

တချို့ကတော့ လူနာက ဆုံးဖြတ်နိုင်တဲ့ သတိမရှိလောက်အောင် မကျန်းမာတော့တဲအခါ မိသားစုထဲက ဆုံးဖြတ်ခွင့်ရှိသူတစ်ဦးဦးက ဆုံးဖြတ်လက်မှတ်ထိုးတာ၊ လူနာအတွက် ဝာာဝန်ရှိသူဆရာဝန်က ကြိုတင်ဆုံးဖြတ်ပြီး လက်မှတ်ထိုးပေးထားတာမျိုးလည်း ရှိတတ်ပါတယ်။ အသက်ကယ်တာ (CPR) လုပ်လို့ လူနာအတွက်အကျိုးမရှိဘဲ ဆိုးကျိုးသာ ပိုတိုးလာနိုင်တဲ့အခါ တချို့နိုင်ငံတွေမှာ ဆရာဝန်က လူနာရဲ့ သဘောထားကို ယူစရာမလိုဘဲ အေးချမ်းသက်သာစွာ သွားခွင့်ပြု (DNR) ဖို့ ဆုံးဖြတ်လို့ရပါတယ်။ ကိုဗစ်ကာလတုန်းက အောက်ဆီဂျင်ကျပြီး ဦးနှောက်ပုံမှန်အလုပ်မလုပ်တော့တဲ့သူတွေအတွက် အေးချမ်းသက်သာစွာ သွားခွင့်ပြုဖို (DNR) ကို ဆရာဝန်တွေက ဆုံးဖြတ်ပေးခဲ့ကြတာမျိုး ရှိခဲ့ပါတယ်။

လူနာက အသိရှိနေသေးသူဆိုရင်တော့ ဘာကြောင့်ဒီလိုဆုံးဖြတ်တယ်ဆိုတာ ပြောပြရပါတယ်။

DNR ဆိုတာ ဆေးကုသခြင်းကို ရပ်ဆိုင်းတာမဟုတ်ပါ။

DNR ဆုံးဖြတ်တာက ဆေးကုသဖို့ မလိုတော့ဘူးလို့ ဆုံးဖြတ်တာ မဟုတ်ပါ။ DNR လက်မှတ်ထိုးထားပေမယ့်လည်း လူနာရဲ့နောက်ဆုံးအချိန်ထိ သင့်လျော်တဲ့ ဆေးကုသမှု၊ ပြုစုစောင့်ရှောက်မှုကို ပုံမှန်အတိုင်း ပေးရပါတယ်။ နှလုံးခုန်၊ အသက်ရှူရပ်သွားချိန်မှသာ အသက်ကယ်တာ (CPR) မလုပ်တော့တာပါ။

မိမိရဲ့နောက်ဆုံးအချိန်အတွက် မိမိဘာသာ အေးချမ်းသက်သာစွာ သွားခွင့်ပြု (DNR) ဖို့ ဆုံးဖြတ်ပြီး မိသားစုကို အသိပေးတာက ပြဿနာမဟုတ်ပေမယ့်၊ ကိုယ့်မိဘ/ဆွေမျိုးအကြီးအကဲ တစ်ယောက်ယောက်က နာတာရှည်ရောဂါဖြစ်ပြီး နောက်ဆုံးအချိန်အတွက် ကြိုတင်ပြင်ဆင်နိုင်ဖို့ (DNR) လုပ်မလားဆိုတာမျိုးကို ကာယကံရှင်နဲ့ ဖွင့်ဟဆွေးနွေးဖို့က လွယ်တဲ့ကိစ္စတော့ မဟုတ်ပါဘူး။ ဘယ်လိုပဲတရားရှိပေမယ့် တကယ်ကြုံလာရင် သေစကားကို မပြောချင်သူတွေက ပိုများပါလိမ့်မယ်။

ဒါကြောင့် အသက်ကြီးလာလို့ နာတာရှည်ရောဂါတွေ ရလာတဲ့အခါ အသိကောင်းကောင်းရှိချိန်မှာ မိမိရဲ့နောက်ဆုံးအချိန်အတွက် ကြိုတင်ဆွေးနွေးဆုံးဖြတ်ပြီး အသိပေးထားတာမျိုးက ကျန်ရစ်မယ့်မိသားစုအတွက်လည်း စိတ်သက်သာရာရစေမှာပါလို့ ပြောပြရင်း နိဂုံးချုပ်ပါရစေနော်။

Reference : 📚

https://www.nhs.uk/conditions/do-not-attempt-cardiopulmonary-resuscitation-dnacpr-decisions/

https://my.clevelandclinic.org/health/articles/8866-do-not-resuscitate-orders

.

——————————————–

.

👉 တယ်လီကျန်းမာတွင် ဆရာဝန်များနှင့် အွန်လိုင်းမှတစ်ဆင့် အခမဲ့ (အခမဲ့) တိုင်ပင်ဆွေးနွေးနိုင်ပါသည်။

*** ပိတ်ရက်မရှိပါ ***

ကြိုတင်ဘိုကင်ယူရန်အတွက် တယ်လီကျန်းမာ messenger ကို ဆက်သွယ်ပါ။

https://m.me/telehealthmm

(နေ့စဥ် မနက် ၈ နာရီမှ ည ၁၀ နာရီအထိ)

👉 စိတ်ပိုင်းဆိုင်ရာ ဆွေးနွေးရင်ဖွင့်လိုသူများအတွက်….

မိမိကိုယ်ကိုသေကြောင်းကြံစည်မှု လုံးဝမရှိစေရ

Zero Suicide Hotline သို့ ဆက်သွယ်ရန်

https://t.me/zeroscbot

(မနက် (၈) နာရီမှ နေ့လယ် (၁၂) နာရီ

ညနေ (၆) နာရီမှ ည (၁၀) နာရီအတွင်း)

*** မိနစ်ပိုင်းအတွင်း စာမပြန်ပါက “/start” ဆိုသည်ကို ထပ်မံနှိပ်ပေးရန် လိုအပ်ပါသည် ***

ကျန်းမာရေးဝန်ကြီးဌာန၊
အမျိုးသားညီညွတ်ရေးအစိုးရ

Published on: March 7, 2024
Last updated: March 7, 2024