“စိတ်ကျန်းမာရေး အလေးပေးတတ်တဲ့ လုပ်ငန်းခွင်များ ဖန်တီးနိုင်ရေး”
လေ့လာမှုများအရ ပုံမှန်လူ့သက်တမ်းအပြည့် အသက်ရှင်နေထိုင်သွားနိုင်သည့်လူတိုင်း ၎င်းတို့ ဘဝသက်တမ်း၏ (၃) ပုံ (၂) ပုံကို လုပ်ငန်းခွင်အတွင်းတွင် ကုန်ဆုံးကြရသည်ဖြစ်သောကြောင့် လုပ်ငန်းခွင်ပတ်ဝန်းကျင် သာယာချမ်းမြေ့ရေးသည် ဝန်ထမ်းများ၏ ကိုယ်စိတ်နှစ်ပါး ကျန်းမာရေးအတွက် အရေးကြီး ကိစ္စရပ်ဖြစ်ပါသည်။
ယနေ့ကာလကဲ့သို့ ကမ္ဘာ့စီးပွားရေးပျက်ကပ်သို့ ဦးတည်ပြီး အလုပ်အကိုင်ရှားပါးခြင်း၊ လက်နက်ကိုင် ပဋိပက္ခများဖြင့် မအေးချမ်းနိုင်သောကြောင့် လုပ်ငန်းခွင်များလုံခြုံမှုလျော့ရဲလာခြင်း နှင့် အကြောင်း အမျိုးမျိုးကြောင့်လုပ်ငန်းခွင်အတွင်းရှိ ပြိုင်ဆိုင်မှုများ ပိုမိုပြင်းထန်များပြားလာနေခြင်းတို့သည် လူတိုင်းအား စိတ်ဖိစီးမှုများကို အလွယ်တကူခံစားကြရစေပါသည်။
ထိုသို့သော လုပ်ငန်းခွင်အတွင်းမှ စိတ်ဖိစီးမှုများသည် သက်ဆိုင်ရာ ဝန်ထမ်းများအပေါ်တွင်သာ ဖိစီးခံစားရစေသည်မဟုတ်ဘဲ ၎င်းတို့၏မိသားစုနှင့် မိတ်ဆွေများအပေါ်တွင်ပါ နောက်ဆက်တွဲ ရိုက်ခတ်မှုများ ခံစားရစေတတ်ပါသည်။
၎င်းဖိစီးခံစားရမှုများကို ကောင်းစွာကိုင်တွယ်ဖြေလျှော့နိုင်ခြင်း မရှိသည့်အခါများတွင်မူ လွတ်လပ် ပေါ့ပါးမှုနှင့် ပျော်ရွှင်မှုတို့ ပျောက်ဆုံးကြရကာ ဘဝအရည်အသွေးများ နိမ့်ကျကုန်ကြ ရပါသည်။
📝 လေ့လာမှုများအရတွေ့ရှိရသော လုပ်ငန်းခွင်အတွင်းဖိစီးမှုများ၏ ယေဘုယျအကြောင်းရင်းများ
၁။ အကြောင်းအမျိုးမျိုးကြောင့် မိမိဝါသနာပါရာ (သို့မဟုတ်) နှစ်သက်ပျော်မွေ့ရာအလုပ်ကို လုပ်ဆောင် ခွင့်မရဘဲ ဘဝရှင်သန်ရပ်တည်နိုင်ရေးအတွက် ဝါသနာမပါသည့်အလုပ်ကို ကြိတ်မှိတ်လုပ်နေရသည့် အတွက် ဖိစီးခံစားရတတ်ပါသည်။
၂။ မိမိနှစ်သက်သည့်အလုပ်ကို လုပ်နေရလျှင်သော်မှ အလုပ်တာဝန်များ များပြားလွန်းလာလျှင် အလုပ်ဝန်ပိပြီး မနိုင်ဝန် ထမ်းထားရသည်ဟုခံစားရပြီး စိတ်ဖိစီးမှုရလာတတ်ပါသည်။
၃။ လုပ်ငန်းခွင်အတွင်း မိမိ၏စွမ်းဆောင်ရည်အပေါ် အားမလိုအားမရဖြစ်ရလျှင်လည်း စိတ်ဓာတ် ခွန်အားများ ပြုန်းတီးကာ ကိုယ်စိတ်နှစ်ပါးစလုံး ပင်ပန်းနုံးချည့်လွယ်လာတတ်ပါသည်။
၄။ လုပ်ငန်းခွင်အတွင်း ပြိုင်ဆိုင်မှုပြင်းထန်လွန်းသည့်အခါများတွင် စိုးရိမ်ကြောက်လန့်ခံစားရမှုကသာ လွှမ်းခြုံစိုးမိုးလာပြီး ပျော်ရွှင်မှုများ ပျောက်ဆုံးသွားရတတ်ပါသည်။
၅။ အလုပ်သဘောသဘာဝ၏တောင်းဆိုမှုများ (ဥပမာ – လူရှေ့ထွက်စကားပြောရန် လိုအပ်မှု အစရှိသည်များ) ကို မလုပ်ဆောင်နိုင်သည့်အခါ မိမိကိုယ်မိမိ ယုံကြည်မှုလျော့ကျလာပြီး လုပ်ငန်းခွင်တွင်း ပျော်ရွှင်မှုကျဆင်းလာတတ်ပါသည်။
၆။ လုပ်ငန်းခွင်၏ ပတ်ဝန်းကျင် (ဥပမာ – အပူအအေး၊ အလင်းအမှောင်၊ အသံ နှင့် လေကောင်းလေသန့် အစရှိသည်များ) အဆင်မပြေလျှင်လည်း စိတ်ကျဉ်းကျပ်ပြီး ဖိစီးမှုအလွယ်တကူရလာတတ်ပါသည်။
၇။ လုပ်ငန်းခွင်အတွင်းတွင် စိတ်ဒဏ်ရာရစေနိုင်သည့် အဖြစ်အပျက်များနှင့် တွေ့ကြုံရလျှင်လည်း လုပ်ငန်းခွင်သည် မိမိအတွက် စိုးရိမ်ထိန့်လန့်စေရာနေရာသာ ဖြစ်လာတတ်ပါသည်။ စစ်မြေပြင်တွင်းက ကူညီကယ်ဆယ်ရေးအဖွဲ့များ၊ မီးသတ်သမားများ၊ နှင့် ဘေးအန္တရာယ်ကယ်ဆယ်ရေးအသင်းအဖွဲ့ များတွင် လုပ်ကိုင်နေသူများအနေဖြင့် စိတ်ဒဏ်ရာရနိုင်သည့် အခြေအနေ၊ အဖြစ်အပျက်၊ အတွေ့အကြုံများ ပိုမိုကြုံတွေ့ရနိုင်ပြီး နောက်ဆက်တွဲရိုက်ခတ်မှုအနေဖြင့် ‘စိတ်ဒဏ်ရာလွန် ပြင်းထန်စိတ်ဖိစီးမှုဝေဒနာများ(PTSD)’ ကို ခံစားလာရတတ်ပါသည်။
ထိုသို့သော လုပ်ငန်းခွင်စိတ်ဖိစီးမှုများ ကြုံတွေ့ရသည့်အခါများတွင် ဖိစီးမှု၏နောက်ဆက်တွဲ ရိုက်ခတ် မှုများ လျော့နည်းသက်သာသွားစေရန် လုပ်ဆောင်နိုင်သည်များ ရှိပါသည်။
ထိုသို့လုပ်ငန်းခွင်ဖိစီးမှုများကို ကိုင်တွယ်ဖြေလျှော့ရာတွင် ပြဿနာအကြောင်းရင်းကို ဖြေရှင်းခြင်းနှင့် ဖိစီးခံစားရသည်များ သက်သာစေရန်လုပ်ဆောင်ခြင်းဟူသည့် ချဉ်းကပ်နည်း (၂) ခုကို သင့်တော် မှန်ကန်စွာ အသုံးပြုသွားရန် လိုအပ်ပါသည်။
အခြေခံအနေဖြင့် နားလည်ထားရမည့်အရေးကြီးအချက်မှာ ပြဿနာ၏အရင်းခံအကြောင်းတရားကို ဖြေရှင်းနိုင်မှသာလျှင် ဖိစီးခံစားရမှုများကို အပြီးတိုင်ရှင်းလင်းသွားနိုင်မည်ဖြစ်သော်လည်း လက်တွေ့ တွင် ထိုသို့ ရှင်းလင်းလုပ်ဆောင်ရန် အခါခပ်သိမ်း ဖြစ်နိုင်မည်မဟုတ်ပါ။
💡 တတ်နိုင်သမျှ မိမိ၏ ဝါသနာ၊ ကျွမ်းကျင်မှုနှင့် ကိုက်ညီသော အလုပ်ကို ရွေးချယ်လုပ်ဆောင်လျှင် ဖိစီးမှုများ ရှိလျှင်သော်မှ ခံနိုင်ရည် ပိုရှိနိုင်ပါသည်။
💡 မိမိဝင်ရောက်လုပ်ကိုင်သော လုပ်ငန်းခွင်တွင် စရိုက်လက္ခဏာအမျိုးမျိုးနှင့် အလုပ်လုပ်ပုံကိုင်ပုံ အမျိုးမျိုးရှိသော လုပ်ဖော်ကိုင်ဖက်များနှင့် ထိတွေ့ဆက်ဆံရမည်ကို နားလည်လက်ခံထားလျှင် ဖိစီးမှုများ လျော့နည်းသွားနိုင်ပါသည်။
💡 လုပ်ငန်းခွင်အတွင်း မိမိလက်တွဲလုပ်ကိုင်လိုသော လုပ်ဖော်ကိုင်ဖက်ကို ရွေးချယ်နိုင်ခွင့်မရှိကြောင်း နားလည်လက်ခံထားနိုင်လျှင် မလိုအပ်သည့် ဖိစီးမှုများ လျော့နည်းသွားနိုင်ပါသည်။
💡 မိမိလုပ်ဆောင်နိုင်စွမ်းရှိသည့် လုပ်ငန်းတာဝန်များကိုသာ လက်ခံဆောင်ရွက်ပြီး မနိုင်ဝန်များကို ငြင်းဆန်ခြင်းဖြင့် ရေရှည်တွင် စိတ်ဖိစီးခံစားရနိုင်ခြေများကို လျှော့ချပြီးသား ဖြစ်စေနိုင်ပါသည်။
💡 မိမိ၏ လုပ်ငန်းခွင်အတွင်း လူအများနှင့် ပြောဆိုဆက်ဆံမှု၊ မျှော်မှန်းလိုလားမှု၊ အသိအမှတ် ပြုခံလိုမှု၊ အောင်မြင်ပြီးမြောက်လိုမှု အစရှိသည်များအား မိမိ၏ အလုပ်တာဝန်ဝတ္တရားနှင့် လိုက်လျောညီထွေ ချိတ်ဆက်ထားနိုင်လျှင် စိတ်ဖိစီးခံစားရမှု လျော့နည်းနိုင်ပါသည်။
💡 လုပ်ငန်းလိုအပ်ချက်နှင့်အညီ မိမိ၏စွမ်းဆောင်ရည်များကို စဉ်ဆက်မပြတ်တိုးတက်နေစေရန် လုပ်ဆောင်ခြင်းဖြင့် စိန်ခေါ်မှုများကို တိုးမြှင့်ရင်ဆိုင်လာနိုင်ပြီး ဖိစီးခံစားရမှု လျော့နိုင်ပါသည်။
💡 လုပ်ငန်းခွင်သာယာချမ်းမြေ့ရေးကိစ္စတွင် မိမိကိုယ်တိုင်လည်း ပါဝင်အားထုတ်ရန် လိုအပ်သည်ကို သိမှတ်လက်ခံလုပ်ဆောင်သွားလျှင်လည်း ဖိစီးမှုလျော့နည်းသည့်အလုပ်ခွင် ရလာမည်ဖြစ်ပါသည်။
💡 လုပ်ငန်းခွင်တွင်းလိုအပ်ချက်များကို ဆိုင်ရာတာဝန်ခံများ သိရှိပြင်ဆင်ပေးနိုင်စေရန် အကျိုး အကြောင်းသင့် တင်ပြဆွေးနွေးတတ်သည့် အလေ့အထကို ဝန်ထမ်းအားလုံးမွေးမြူ လုပ်ဆောင် သွားနိုင်လျှင်လည်း ဖိစီးမှုဖြစ်စေသည့် အခြေအနေများကို လျှော့ချပေးနိုင်ပါသည်။
💡 ပြဿနာထက် အဖြေကို ရှာဖွေချဉ်းကပ်တတ်သည့် အလေ့အထကို မွေးမြူထားနိုင်လျှင်လည်း မိမိကိုယ်မိမိ အားမလိုအားမရဖြင့် အပြစ်တင်ခြင်းနှင့် လုပ်ဖော်ကိုင်ဖက်များကို အပြစ်တင်ခြင်းတို့ လျော့နည်းသွားပြီး ဖိစီးစရာအခြေအနေများလည်း နည်းပါးသွားနိုင်ပါသည်။
💡 အလုပ်နှင့် ကိုယ်ပိုင်အချိန်တို့ကို ကောင်းစွာပိုင်းခြားသတ်မှတ် စီမံလျက် အကြောင်းကြောင်းကြောင့် လျော့နည်းသွားသည့် မိမိ၏ ကာယစွမ်းအားနှင့် စိတ်ဓာတ်ခွန်အားတို့ကို ကောင်းစွာအနားယူကာ ပြန်လည်ဖြည့်တင်းခြင်းဖြင့် ဖိစီးမှုများကို ပိုမိုရင်ဆိုင်လာနိုင်ပါမည်။
💡 လုပ်ငန်းခွင်အတွင်း ဂိုဏ်းဂဏဖွဲ့ခြင်း၊ အိမ်ကြီးပေါ်အိမ်ငယ်ဆောက်ခြင်းမျိုးမလုပ်ကြခြင်းဖြင့် လုပ်ငန်းခွင်အတွင်း မလိုလားအပ်သော ယှဉ်ပြိုင်မှုများဖြင့် ခွန်အားပြုန်းတီးမှုမရှိစေရန် လုပ်ဆောင် နိုင်ပါသည်။
💡 မိမိမည်သို့ပင် ကြိုးစားကိုင်တွယ်စေကာ စိတ်ဖိစီးမှု လျော့ကျမလာခဲ့လျှင် ၎င်းလုပ်ငန်းခွင်ကို စွန့်ခွာလျက် ရေကြည်ရာမြက်နုရာအသစ်ကို ရှာဖွေရှင်သန်ရမည် ဖြစ်ပါသည်။
လုပ်ငန်းခွင်ဖိစီးမှုများကို ကိုင်တွယ်ဖြေလျှော့ရာတွင် အပြုသဘောဆောင်သော နည်းလမ်းများသာ အဓိကအသုံးပြုသွားနိုင်လျှင် ရေရှည်အကျိုးကျေးဇူးများမည်ဖြစ်ပြီး အရက်၊ မူးယစ်ဆေးဝါးနှင့် ကျန်းမာရေးနှင့်မညီညွတ်သော အပျက်သဘောဆောင်သည့် နည်းလမ်းများအား အသုံးပြုခြင်းကို ရှောင်ကြဥ်နိုင်လျှင် ရေတိုရေရှည် ဘေးထွက်ဆိုးကျိုးများကို လျှော့ချနိုင်မည် ဖြစ်ပါသည်။
ထို့အပြင် စိတ်လူမှုအကူအညီတို့၏ အခြေခံအချက်ဖြစ်သည့် ယုံကြည်ရသည့်လုပ်ဖော်ကိုင်ဖက်များနှင့် ရင်ဖွင့်ပြောဆိုဆွေးနွေးခြင်းနှင့် အပြန်အလှန်ဖေးကူကြခြင်းသည် အလွန်အကျိုးများသည့် နည်းလမ်း ဖြစ်ပါသည်။
ထို့အပြင် မိမိသည် အလုပ်ရှင် (သို့မဟုတ်) တာဝန်ခံလူကြီးတစ်ဦးဖြစ်နေခဲ့လျှင် စိတ်ကျန်းမာရေး အလေးပေးသည့် လုပ်ငန်းခွင်သည် ဝန်ထမ်းတစ်ဦးချင်းစီသာ အကျိုးရှိစေသည် မဟုတ်ဘဲ မိမိလုပ်ငန်း၏ တိုးတက်မှုကိုလည်း မလွဲမသွေဆောင်ကြဉ်းပေးနိုင်ကြောင်း လက်ခံကျင့်သုံးပြီး မိမိနှင့်တကွ လုပ်ငန်းခွင်တစ်ခုလုံးရှိ လူအားလုံးအတွက် ရွှင်လန်းတက်ကြွစွာ အလုပ်လုပ်နိုင်သည့် လုပ်ငန်းခွင်ဖြစ်နေစေရန် ဦးဆောင်ဖန်တီးနေရမည် ဖြစ်ပါသည်။
ကိုးကား
၁) verywellmind.com/job-stress-4157203
၂) verywellmind.com/how-to-deal-with-emotions-at-work-5214106
၃) verywellmind.com/work-anxiety-4692762
၄) apa.org/topics/health-workplace-stress
ကျန်းမာရေးဝန်ကြီးဌာန၊ အမျိုးသားညီညွတ်ရေးစိုးရ (NUG)
https://moh.nugmyanmar.org/
International Society of Myanmar Scholars and Professionals
https://ismsp-mm.org/
NUG ကျန်းမာရေးဝန်ကြီးဌာနသို့ လှူဒါန်းရန်-
https://moh.nugmyanmar.org/donate/
စိတ်ကျန်းမာရေးပြဿနာများနှင့် စိတ်ပိုင်းဆိုင်ရာအခက်အခဲများကို အခမဲ့ (အခမဲ့) (အခမဲ့) တိုင်ပင်ဆွေးနွေးနိုင်ရန်-
🎗 တယ်လီကျန်းမာ အခမဲ့ အွန်လိုင်းဆေးခန်း
https://facebook.com/telehealthmm
🎗 တိုင်ပင်ဖော် ဝန်ဆောင်မှု
https://facebook.com/taingpinphaw
🎗 Mind Healers -စိတ်ခွန်အားပေးသူများ
https://facebook.com/MindHealersMM
ကျန်းမာရေးဝန်ကြီးဌာန၊
အမျိုးသားညီညွတ်ရေးအစိုးရ




ထုတ်ဝေသည့်နေ့စွဲ -- ၁၂ ဇူလိုင် ၂၀၂၂
Last Updated: 12 July 2022