ပန်းသေပန်းညှိုးမဖြစ်စေဖို့

ပန်းသေပန်းညှိုးမဖြစ်စေဖို့ ( May, 2022 )
======================================

🌻ပန်းသေပန်းညှိုးရောဂါဆိုတာဘာလဲ❓

ပန်းသေပန်းညှိုးဖြစ်ခြင်း (Erectile Dysfunction/ Impotence) ဆိုတာ အမျိုးသားတစ်ဦးတစ်နေနဲ့ လိင်ဆက်ဆံမှုတစ်ခုကို ပြုလုပ်နိုင်လောက်အောင် လုံလောက်တဲ့ လိင်တံထောင်မတ်နိုင်စွမ်းမရှိတာ/ ဆက်ဆံနေစဥ်တစ်လျှောက်လည်း ဆက်လက်မထောင်မတ်နေနိုင်တာကို ခေါ်ပါတယ်။

အမျိုးသားတွေဟာ သူတို့ဘဝသက်တမ်းမှာ တစ်ခါတရံတော့ ယာယီအနေနဲ့ လိင်တံမထောင်မတ်နိုင်တာမျိုးဖြစ်တတ်ပါတယ်။ ဒါပေမယ့် ဒါဟာ ရောဂါတစ်ခုခုကြောင့်မဟုတ်ဘဲ စိတ်ဖိစီးမှုကြောင့်ပဲဖြစ်ဖြစ် ခဏတာဖြစ်တတ်တာမို့လို့ အမြဲတစေ လိင်တံမထောင်မတ်နိုင်တဲ့ Erectile Dysfunction လို့ မခေါ်ဆိုနိုင်ပါဘူး။

❓ဘယ်လောက်အဖြစ်များသလဲ

အသက် (၄၅)နှစ်ရောက်ရင် အမျိုးသား (၁၀)ယောက်မှာ (၃)ယောက်၊ အသက် (၇၀)အရောက်မှာတော့ အမျိုးသား (၃)ယောက်မှာ (၂)ယောက်ထိ ဖြစ်လာတယ်လို့ စစ်တမ်းတွေက ဆိုပါတယ်။
အသက်ကြီးလာလေ ပန်းညှိုးပန်းသေ ဖြစ်ဖို့ ရာခိုင်နှုန်းပိုများလာလေပါပဲခင်ဗျာ။

❓ပန်းသေပန်းညှိုး ဘာလို့ဖြစ်ရတာလဲ

ဒီမှာ နှစ်ပိုင်းခွဲပြောပါမယ်..

(၁) ကိုယ်ခန္ဓာပိုင်းဆိုင်ရာ ပြဿနာတစ်ခုခုရှိနေလို့/ ရောဂါတစ်ခုခုကြောင့်မို့ (Physical or Organic Causes) ပန်းသေပန်းညှိုးဖြစ်ခြင်း

👉 ပန်းသေပန်းညှိုးရခြင်းအများစုရဲ့ အဓိကအကြောင်းအရင်းကတော့ Physical causes တွေကြောင့်များပါတယ်

🤕 အသက်အရွယ်ကြီးလာတာ
🤕 အဝလွန်တာ
🤕 အရက်အလွန်အကျွံသောက်သုံးတာ
🤕 ဆေးလိပ်အလွန်အကျွံသောက်တာ
🤕 မူးယစ်ဆေးသုံးစွဲတာ (ကိုကင်း၊ ဆေးခြောက် စသည်ဖြင့်ပေါ့)
🤕 စွဲသောက်နေရတဲ့ဆေးဝါးတွေကြောင့်…
ဥပမာ Antihypertensives (သွေးတိုးရောဂါအတွက်သုံးတဲ့သွေးထိန်းဆေးတွေ) ၊ Antidepressants (စိတ်ကျရောဂါအတွက်သုံးရတဲ့ဆေးတွေ) ၊ Anti-androgens (ဆီးကျိတ်ကင်ဆာမှာသုံးတဲ့ဆေးတွေ)
🤕 Atherosclerosis (သွေးတွင်းကိုလက်စထရောတွေများလာပြီး သွေးကြောနံရံတွေမှာ ပိတ်တဲ့အထိစုပုံပြီး နှလုံးသွေးကြောပိတ်တာ လေဖြတ်တာတွေအထိဖြစ်နိုင်တဲ့အခြေအနေတစ်မျိုးပေါ့)
🤕 နာတာရှည်ရောဂါတွေရှိနေတာ
🤕 ဆီးချို၊ သွေးတိုး စတဲ့ ရောဂါအခံရှိနေတာ
🤕 အာရုံကြောရောဂါတွေရှိနေတာ (ဥပမာ လေဖြတ်တာ ၊ အာရုံကြောအားနည်းတာ )
🤕 ဟော်မုန်းမူမမှန်/ မညီမျှမှုတွေဖြစ်နေတာ (ဥပမာ Hypogonadism, Hyperprolactinemia)
🤕 နောက် အရင်က ဆီးကျိတ်ခွဲစိတ်တာရဲ့ နောက်ဆက်တွဲအနေနဲ့လည်း ဖြစ်နိုင်ပါသေးတယ်

(၂) စိတ်ဖိစီးတာ၊ စိတ်ကျတာ၊ စိုးရိမ်ပူပန်တာ၊ လက်တွဲဖော်နဲ့အဆင်မပြေတာ စတဲ့ စိတ်ပိုင်းဆိုင်ရာ ပြဿနာတွေကြောင့် (Psychogenic or Functional Causes) လည်း ပန်းသေပန်းညှိုး ဖြစ်နိုင်ပါတယ်

👉 Psychogenic Erectile Dysfunction ဖြစ်စေတဲ့ စိတ်​ပိုင်းဆိုင်ရာပြဿနာတွေကတော့

🤦‍♂️ Stress (စိတ်ဖိစီးတာ)
🤦‍♂️ Fatigue (စိတ်ပင်ပန်းလူပင်ပန်းဖြစ်နေတာ)
🤦‍♂️ Depression (စိတ်ကျရောဂါ)၊ Anxiety (စိုးရိပ်ပူပန်မှုလွန်ကဲရောဂါ)၊ Psychological trauma (စိတ်ဒဏ်ရာရှိခဲ့တာ)၊ Sexual abuse (လိင်ပိုင်းဆိုင်ရာအနိုင်ကျင့်ခံခဲ့ရတာ)၊ Guilt feelings (အပြစ်ရှိသလိုခံစားချက်ဖြစ်နေတာ)
🤦‍♂️ Relationship Problems & Marital Disharmony (လက်တွဲဖော်နဲ့ အပေးအယူမမျှတာ၊ လိင်ကိစ္စပွင့်လင်းမှုမရှိတာ၊ ပျော်ရွှင်သာယာတဲ့ အိမ်ထောင်ရေးမရရှိတာ)
🤦‍♂️ Performance Anxiety (ဒါကတော့ အရင်က လိင်ဆက်ဆံတုန်းက လိင်တံမထောင်မတ်နိုင်ခဲ့/အဆင်မပြေခဲ့တော့ နောက်တစ်ကြိမ် လိင်ဆက်ဆံရမှာကို စိုးရိမ်နေ/ကြောက်နေတာမျိုးပေါ့)
🤦‍♂️ နောက်ဆုံးတစ်ခုကတော့ အေးအေးဆေးဆေးအဆင်ပြေပြေ လွတ်လပ်မှုရှိတဲ့ လိင်ဆက်ဆံမှုပြုစရာ နေရာမရှိတာပေါ့ (တစ်အိမ်ထဲ မိဘ၊ သားသမီး၊ အဘိုးအဘွား၊ ဆွေမျိုးတွေ အားလုံး စုနေကြတဲ့အခါ မလွတ်လပ်တာမျိုးပေါ့)

*** လူတစ်ဦးဟာ Physical ရော ၊ Psychogenic ရော နှစ်မျိုးရောပြီးလည်း ဖြစ်တတ်ပါသေးတယ် ***

❓ဘယ်လိုသိနိုင်မလဲ ၊ ဘာတွေစစ်ဆေးလို့ရလဲ

အများအားဖြင့် ပန်းညှိုးပန်းသေ ဖြစ်ရင် ကိုယ်တိုင်ပဲ သတိပြုမိကြတာများပါတယ်။

စစ်ဆေးလို့ရတဲ့ နည်းလမ်းတွေအနေနဲ့ကတော့
👉 ကိုယ့်မှာ နောက်ခံရောဂါရှိနေသလားသိရအောင် သွေးစစ်တာတွေ
👉လိင်တံရဲ့ လုပ်ဆောင်နိုင်စွမ်းကို စစ်ဆေးတဲ့ စစ်ဆေးမှုတွေ….
ဥပမာအားဖြင့် ညဘက် အိပ်နေတဲ့ကာလမှာ လိင်တံထောင်မတ်မှု (Erection) ဖြစ်သလား ဆိုတာ စစ်ဆေးတာမျိုး
(အကယ်၍ လိင်ဆက်ဆံချိန်မှာ လိင်တံမထောင်မတ်ပေမယ့် အိပ်စက်နေတဲ့အချိန်မှာ လိင်တံထောင်မတ်မှုရှိနေသေးတယ်ဆိုရင် Physical cause ရောဂါတစ်ခုခုကြောင့်မဟုတ်ဘူး၊ Psychogenic cause စိတ်ဖိစီးတာလိုမျိုး စိတ်ပိုင်းဆိုင်ရာပြဿနာကြောင့်လို့ ယေဘုယျအားဖြင့်ကောက်ချက်ချနိုင်ပါတယ် )

❓ပန်းသေပန်းညှိုးဖြစ်နေရင် ကျွန်တော်တို့ဘာတွေလုပ်နိုင်မလဲ

🤞အသက်ကြီးလာလေ ပန်ညှိုးပန်းသေ ဖြစ်ဖို့ ရာခိုင်နှုန်းများလာလေမလို့ အသက်ကြီးလို့ ဖြစ်ရတာမျိုးကတော့ အထူးတလည်ပြုပြင်လို့ မရနိုင်ပါဘူး။ တချို့သက်ကြီးအမျိုးသားတွေမှာတော့ လိင်လှုံ့ဆော်မှု (Arousal) ကို ပိုအချိန်ယူလုပ်နိုင်ရင် ထောင်မတ်နိုင်ပါသေးတယ်။

🤞ရောဂါတစ်ခုခုကြောင့်ဖြစ်ရတာဆိုရင် အဲ့ဒီရောဂါကို အရင်ကုသရပါမယ်။
( ဆီးချို၊ သွေးတိုး ရောဂါတွေကို သက်ဆိုင်ရာဆရာဝန်နဲ့ ကောင်းကောင်းထိန်းချုပ်ပါ။ စွဲသောက်နေရတဲ့ဆေးတွေကို ပန်းညှိုးတာနဲ့ သက်ဆိုင်မှုရှိမရှိ သက်ဆိုင်ရာဆရာဝန်နဲ့ ပြန်ဆွေးနွေးပါ။ ကျားဟော်မုန်းနည်းလို့ဖြစ်ရတဲ့အခြေအနေမျိုးမှာဆို ကျားဟော်မုန်းအစားထိုးပေးတာမျိုး ဆရာဝန်ညွှန်ကြားချက်နဲ့လုပ်ဆောင်နိုင်ပါတယ် )

🤞ကျွန်တော်တို့အတွက် အလွယ်ကူဆုံး/ ကိုယ်တိုင်လုပ်နိုင်တဲ့အရာကတော့ Lifestyle Modification (ကျန်းမာသောလူနေမှုပုံစံသို့ပြောင်းလဲခြင်း) ပါပဲ
– ကိုယ်အလေးချိန်ထိန်းမယ် ၊ အဝမလွန်အောင်ဂရုစိုက်မယ်
– ဆေးလိပ်ဖြတ်မယ် 🚫
– အရက်ဖြတ်မယ် 🚫
– မူးယစ်ဆေးတွေမသုံးဘူး 🚫
– အာဟာရပြည့်ဝအောင်စား၊ အိပ်ရေးဝအောင်အိပ်၊ ကိုယ်လက်လှုပ်ရှားမှုလုပ် ၊ စိတ်ဖိစီးမှုတွေကင်းနေပါစေ။

🤞အထက်ကပြောခဲ့တဲ့ Relationship Problems တွေကြောင့် ဖြစ်ရတဲ့ Psychogenic Erectile Dysfunction အတွက်ဆိုရင်
– မိမိအိမ်ထောင်ဖက်နဲ့ ပွင့်လင်းသာယာပျော်ရွှင်စရာ ဆက်ဆံရေးလေးတွေ ဖန်တီးကြမယ်။
– လိင်ကိစ္စရေးရာမှာ လိင်ဆက်ဆံဖော်နဲ့ နားလည်မှုရှိရှိ ပွင့်ပွင့်လင်းလင်း ဆွေးနွေးမယ် တိုင်ပင်မယ်။
– လိင်ဆက်ဆံမယ့် နေရာကလည်း အေးအေးလူလူ လွတ်လွတ်လပ်လပ်ဖြစ်တဲ့နေရာလေးဆို အကောင်းဆုံးပေါ့
– နောက်အရေးကြီးတာတစ်ခုက အယူအဆမှားတွေကို ပယ်ကြမယ်။
( အမျိုးသားတစ်ဦးဟာ အမြဲတစေ လိင်ဆက်ဆံဖို့အတွက် အဆင်သင့်ဖြစ်နေရမယ်ဆိုတာ မဟုတ်ပါဘူး။
ပြီးတော့ အလုံးစုံထောင်မတ်တဲ့ လိင်တံဖြစ်ပါမှ ကောင်းမွန်ပြည့်စုံတဲ့ လိင်ဆက်ဆံမှုတစ်ခုပြီးမြောက်တယ်ဆိုတာလည်းမဟုတ်ပါဘူး။ ကိုယ့်ရဲ့ လက်တွဲဖော်နဲ့ နားလည်မှုရှိရှိ တဖြည်းဖြည်းကြိုးစားဖို့သာ အဓိကပါ )
– လိုအပ်ရင် တတ်သိနားလည်ပညာရှင်များနဲ့ Counselling ယူပါ၊ ဆွေးနွေးပါ။ အဲ့လို Psychosexual Counselling ယူတဲ့အခါမှာ မိမိရော မိမိအဖော်ပါ နှစ်ဦးလုံး ဆွေးနွေးအဖြေရှာကြဖို့လိုပါတယ်။

❓သောက်ဆေး ၊ ထိုးဆေးတွေနဲ့ရော ကုသလို့ရသလား

ရပါတယ်။ ဒါပေမယ့် အထက်မှာပြောခဲ့သလို ပန်းသေပန်းညှိုးဖြစ်စေတဲ့ ပြဿနာတွေကိုမဖြေရှင်းဘဲ ဆေးပဲသောက်မယ် ၊ ထိုးမယ်ဆိုရင်တော့ ရာနှုန်းပြည့် အဆင်ပြေနိုင်မှာ မဟုတ်ပါဘူး…

💊သောက်ဆေးအနေနဲ့ လိင်တံကိုပျော့ (မထောင်မတ်နိုင်) စေတဲ့ Enzyme အင်ဇိုင်းဓာတ် တစ်မျိုးကို ချေဖျက်ပေးပြီး လိင်တံထောင်မတ်နိုင်အောင် ကူညီပေးတာမျိုး ရှိပါတယ်။ လိင်မဆက်ဆံခင် တစ်နာရီကြိုသောက်ရပါမယ်။ အရေးကြီးတာတစ်ခုက ဒီဆေးတွေမှာ ဘေးထွက်ဆိုးကျိုးတွေရှိပြီး ဘယ်လိုလူတွေမှာဆိုရင် ဒီဆေးမသောက်သင့်ဘူးဆိုတာမျိုးလည်းရှိပါတယ်။ ဒါကြောင့် ဆရာဝန်ရဲ့အကြံဥာဏ်ယူပြီးမှ သောက်သုံးသင့်ပါတယ်။

💉ထိုးဆေးအနေနဲ့ကတော့….
လိင်တံအတွင်းရှိသွေးကြောများကိုကျယ်စေပြီး လိင်တံထောင်မတ်နိုင်တဲ့ဆေးတစ်မျိုးကို Intraurethral (ဆီးလမ်းကြောင်းကနေထိုးရတာ)နဲ့ Intracavernosal (ထိုးနည်း သင်ယူပြီး ကိုယ့်လိင်တံကို ကိုယ်တိုင်ထိုးနိုင်ပါတယ်)
လိင်ဆက်ဆံခါနီး ကြိုတင်ထိုးရမယ်။ အများဆုံးတစ်ပတ် သုံးကြိမ်ထက်တော့ပိုမထိုးသင့်ပါဘူး။
❗️ထိုးဆေးလည်း အလားတူပဲ။ ဘေးထွက်ဆိုးကျိုးရှိနိုင်တဲ့အတွက် တတ်သိနားလည်သူ ဆရာဝန်ရဲ့ အကူအညီကိုရယူရပါမယ် )

🤞 နောက်တစ်ခုရှိတာက Vacuum Erection Device တွေ သုံးလို့ရနိုင်တယ်။
သူက လိင်တံအရင်းကနေ Constriction Ring ကွင်းနဲ့ ထိန်းထားတဲ့အတွက် လိင်တံကို သွေးရောက်များစေပြီး လိင်တံထောင်မတ်ဖို့ အကူအညီပေးတယ်။
❗️သတိထားရမှာက မိနစ်သုံးဆယ်ထက် ကြာကြာမသုံးသင့်ပါဘူး။ လိင်တံရောင်တာ ၊ ထုံတာ ၊ နာတာ စတာတွေဖြစ်လာနိုင်ပါတယ်။ နောက် သွေးရောဂါတွေ(သွေးမတိတ်/ သွေးခဲ) ရှိတဲ့သူတွေမှာလည်း သတိထားသုံးရပါမယ် )

🤞နောက်ဆုံးအနေနဲ့ Surgery ခွဲစိတ် လို့ရပါတယ်။
လိင်တံကို ခွဲစိတ်ပြီး Malleable Penile Prosthesis, Inflatable Penile Prosthesis စတဲ့ ပစ္စည်းလေးတွေထည့်လို့ရတယ်။ ဒါကိုတော့ အကျယ်တဝင့် မပြောတော့ပါဘူး။

❓ဘယ်လိုကာကွယ်ကြမလဲ

လိင်တံထောင်မတ်နိုင်စွမ်းဟာ အမျိုးသားတစ်ဦးအတွက် အရေးပါတဲ့ ကိစ္စတစ်ရပ်ပါပဲ။
” ကြိုတင်ကာကွယ်ခြင်းက ကုသခြင်းထက် ကောင်း၏ “ဆိုတော့ ပန်းညှိုး၊ ပန်းသေ မဖြစ်ရလေအောင် ကြိုတင်ကာကွယ်ကြရအောင်လားခင်ဗျာ။

အထူးတလည်မဟုတ်ပါဘူး။ အထက်ကပြောခဲ့တဲ့
Lifestyle Modification ပါပဲ။
– ဆေးလိပ်ဖြတ်🚭
– အရက်လျှော့ 🍺
– မူးယစ်ဆေးမသုံးနဲ့ 🚫
– စိတ်ဖိစီးမှူကင်းအောင်နေထိုင်🧘‍♂️
– ကိုယ်လက်လှုပ်ရှားအားကစားလုပ်၊ အဝမလွန်အောင်ဂရုစိုက်⛹️‍♂️
– ဆီးချို ၊ သွေးတိုးစတဲ့ရောဂါတွေ သေချာကုသ👌
– ချစ်ရသူနဲ့ ကောင်းမွန်တဲ့ဆက်ဆံရေးတွေတည်ဆောက်ပါ 💏

💢အနှစ်ချုပ်ရရင် ကြိုတင်ကာကွယ်ပါ။
ဖြစ်လာခဲ့ရင်လည်း မိမိ လိင်ဆက်ဆံဖော်နဲ့ ပွင့်လင်းနားလည်မှုရှိနေပါစေ။ တတ်သိနားလည်ပညာရှင် ဆရာဝန်များနဲ့ ပြသပါ။
ကိုယ့်ရဲ့ အခြေအနေကို မကွယ်မဝှက် မရှက်မကြောက်ဘဲ ပွင့်လင်းစွာ ဆွေးနွေးတိုင်ပင်ပါ။
ဆေးတိုင်းဟာ ဘေးထွက်ဆိုးကျိုးရှိတဲ့အတွက် က်ိုယ့်သဘောနဲ့ကိုယ် မသောက်သုံး မထိုးနှံသင့်ကြောင်း သိနားလည်ထားပါ။💢

🌻ပွင့်သောပန်းတိုင်း လန်းနိုင်ကြစေဗျား🌻

📚မှီငြမ်း

📎John Murtagh’s Patient Education, Sixth Edition Erectile Dysfunction(Impotence) pg-96
📎John Murtagh’s General Practice, Seventh Edition Chapter-116 pg-1251, 1252, 1255, 1256
📎Oxford Handbook of General Practice, Fifth Edition Chapter-21 Sexual Health and Contraception pg-754, 755, 757
📎SMSNA for Patients : ED Diagnosis Erection Hardness Score

❤️ NUG, MOH…တယ်လီကျန်းမာ ၊ လူတိုင်းအတွက်ပါ ❤️

တယ်လီကျန်းမာ အခမဲ့အွန်လိုင်းဆေးခန်းများ ပြသရန် ( နေ့စဥ် မနက် ၈နာရီမှ ညနေ၆နာရီအထိ )

ကြိုတင်ဘိုကင်ယူရန်( https://m.me/telehealthmm )
ချက်ချင်းဆေးခန်းပြရန် ( https://t.me/TelehealthMM )

လှူဒါန်းရန်-
https://moh.nugmyanmar.org/donate/

ကျန်းမာရေးဝန်ကြီးဌာန၊

အမျိုးသားညီညွတ်ရေးအစိုးရ

ထုတ်ဝေသည့်နေ့စွဲ -- ၃ မေ ၂၀၂၂
နောက်ဆုံးမွမ်းမံသည့်နေ့စွဲ --- ၃ မေ ၂၀၂၂