Fibromyalgia( အကြောတက်ရောဂါ ) ( August, 2022 )

အကြောတက်ရောဂါ ( Fibromyalgia ) ( August, 2022 )

“ကြွက်သားတွေက ဟိုနေရာကနာ ဒီနေရာကနာနဲ့ … တခါတလေ နာလွန်းလို့ အိပ်မရဘူး … အလုပ်လည်းကောင်းကောင်း မလုပ်ရဘူး … ဝေ‌ဒနာက ပေါ်လိုက်ပျောက်လိုက်နဲ့ ဖြစ်လာတာ တစ်နှစ်ဝန်းကျင်လောက် ရှိပြီ … ဆေးခန်းပြ စမ်းသပ်ကြည့်တော့လည်း ဘာမှ ရှာမတွေ့ဘူး …”
စသဖြင့် ရောဂါရာဇဝင်ကို လူနာက ပြောပြပြီး

အဆစ်ရောင်ရောဂါအမျိုးမျိုး ၊ လေးဘက်နာရောဂါအမျိုးမျိုးကို သွေးစစ်ကြည့်တဲ့အခါမှာလည်း မတွေ့ရတဲ့အခါ…….နောက်ထပ် အဖြစ်များတဲ့ Fibromyalgia လို့ ခေါ်တဲ့ ရောဂါတစ်မျိုးကိုပါ ထည့်သွင်းစဉ်းစားရပါတယ်။

ဒီရောဂါဟာ ကြွက်သားတစ်ရှူးတွေ၊ အရွတ်တွေမှာ နာတာရှည် နာကျင်မှုဝေဒနာကို ခံစားရတာပါ။ အနည်းဆုံး သုံးလ‌ကြာတတ်ပြီး အများအားဖြင့် နှစ်ပေါက်အောင် ဖြစ်လိုက် ပြန်ကောင်းသွားလိုက်နဲ့ သံသရာလည်နေတတ်ပါတယ်။

◼️ Fibromyalgia ကို ဖြစ်စေတဲ့ အကြောင်းအရင်းက ဘာလဲ ?

ဘာအကြောင်းကြောင့် ဒီရောဂါ ဖြစ်ရသလဲဆိုတာ ခုချိန်ထိ တိကျတဲ့ အဖြေတစ်ခုမပေးနိုင်ပါဘူး။ သေချာတာကတော့ ဒီနာကျင်မှုဟာ ဒဏ်ဖြစ်ထားလို့၊ ထိခိုက်ထားလို့၊ တခြား စိတ်ပူစရာဆိုးဆိုးရွားရွား ရောဂါပုန်းတစ်ခုခုရှိ‌နေလို့ မဟုတ်ပါဘူး။ ဗဟိုအာရုံကြောအဖွဲ့အစည်းကနေ ပုံမှန်မဟုတ်ဘဲ ထွက်လာတဲ့ ဓာတုပစ္စည်းတစ်ချို့က တစ်ရှူးဆဲလ်တွေဆီ ရောက်လာပြီး နာကျင်မှုကို ပုံမှန်ထက် ပို၍ အကဲဆတ်စေ၊ တုံ့ပြန်စေတာပါ။ မိမိရဲ့ စိတ်နဲ့လည်း သက်ဆိုင်ပါတယ်။ စိတ်​နဲ့ဆက်နွယ်နေတဲ့ ရောဂါတစ်မျိုးလို့လည်း ဆိုနိုင်ပါတယ်။

◼️ ဘယ်လိုလူတွေမှာ အဖြစ်များသလဲ ?

လူတိုင်းမှာ ဖြစ်နိုင်ပါတယ်။ သို့သော် စစ်တမ်းတွေအရတော့ အသက် သုံးဆယ် နဲ့ လေးဆယ် တန်းတွေမှာ အဖြစ်များပါတယ်။ အမျိုးသမီးတွေမှာ အမျိုးသားတွေထက် ရောဂါဖြစ်နှုန်း ခြောက်ဆ ပိုများပါတယ်။

◼️ Fibromyalgia ရဲ့ ရောဂါလက္ခဏာတွေက ဘာလဲ ?
▪️ ခန္ဓာကိုယ်ရဲ့ တချို့ကြွက်သား‌တွေ အရွတ်တွေမှာ နာကျင်ကိုက်ခဲနေမယ်။ တောင့်တောင့်ကြီးဖြစ်နေမယ်။ တချို့နေရာတွေဆို အထိမခံနိုင်အောင်ကို နာနေမယ်။
▪️ပင်ပန်းပြီး အားကုန်ခမ်းနေသလို ဖြစ်မယ်။
▪️အိပ်ရခက်လာမယ်။
▪️နောက်ဆက်တွဲ စိတ်ပိုင်းဆိုင်ရာ ပြဿနာမျိုးတွေပါ ကြုံတွေ့လာရမယ်။
( ဘယ်လောက်နာမှာလဲ ဆိုတဲ့ ဒီဂရီအပြင်းအပျော့ကတော့ လူတစ်ဦးချင်းစီပေါ် မူတည်ပါတယ်။ လူတစ်ယောက်တည်းမှာတောင် တစ်ရက်နဲ့ တစ်ရက် မတူနိုင်ပါဘူး )
▪️အကြောတက်ရောဂါသမားများမှာ အစာအိမ်နဲ့အူလမ်းကြောင်း ဝေဒနာတွေလည်း တွဲလျက် ခံစားရနိုင်ပါတယ်

◼️ဒီဝေဒနာကို ပိုဆိုးစေတဲ့ အကြောင်းရင်းတွေက ဘာလဲ ?

အောက်ပါအချက်တွေဟာ Fibromyalgia ကို ပိုဆိုးစေပါတယ်…
▪️စိတ်ဖိစီးမှုများခြင်း
▪️အလုပ်များခြင်း
▪️လှုပ်ရှားမှုများခြင်း
▪️အစိုဓာတ်၊ အအေးဓာတ်နဲ့ ထိတွေ့ခြင်း

◼️ ဘယ်လိုကုသမလဲ ?

ကုသနည်းတွေရှိပေမယ့် ဥုံဖွဆိုပြီး အစွမ်းထက်လှတဲ့နည်းတော့ မရှိပါဘူး။ ပြီးတော့ ပျောက်ချင်ဇောနဲ့ ကိုယ့်အတွက်အကျိုးမများစေတဲ့ ကုသနည်းများစွာ ခံယူတာ ၊ လျှောက်စမ်းတာမျိုးကို အားမပေးပါဘူး။

◼️ ဒီတော့ ဘာလုပ်ရမလဲ ?

ရောဂါရဲ့သဘာဝကို နားလည်ပြီး ရှောင်ရန်၊ ဆောင်ရန် တွေကို မိမိဘာသာ ရှာဖွေကျင့်သုံးရမှာပါ
▪️ ရောဂါကို ပိုဆိုးစေမယ့် အလုပ်ဒဏ်၊ ပင်ပန်းမှုဒဏ်၊ စိတ်ဖိစီးမှုဒဏ်တွေကို တတ်နိုင်သမျှ လျှော့ချပါ။
▪️ ရေနွေးအိတ်ကပ်တာမျိုး၊ ရေပူနဲ့ ရေချိုးတာမျိုး လုပ်ပေးပါ
▪️နားနားနေနေ သက်သက်သာသာ နေပါ
▪️ ဝေဒနာကို အာရုံမထားမိအောင် မိမိပျော်မွေ့တဲ့ အလုပ်မှာ အာရုံနှစ်ပါ
▪️ မပြင်းထန်တဲ့ ကိုယ်လက်လှုပ်ရှားမှု ပုံမှန်လုပ်ပေးပါ
▪️ ယောဂ တို့လို ဟန်ချက်ထိန်းညှိရတဲ့ လေ့ကျင့်ခန်းမျိုး လုပ်ပေးပါ
▪️ ရေထဲမှာ ကိုယ်လက်လေ့ကျင့်ခန်းလုပ်ပြီး ကုသသော ရေကုထုံးမျိုး ခံယူပါ။
▪️နောက်ပြီး Support Program လို့ ခေါ်တဲ့ အထောက်အကူပြု ပရိုဂရမ်‌တွေယူပြီး လမ်းလျှောက်ခြင်း၊ ရေကူးခြင်း၊ စက်ဘီးစီးခြင်း စတဲ့ ပြန်လည်သန်စွမ်းရေး လေ့ကျင့်ခန်းများကို ကျွမ်းကျင်သူရဲ့ လမ်းညွှန်မှုအောက်မှာ လုပ်ပေးပါ။
▪️ ဆေးဝါးအနေနဲ့ကတော့ အများကြီး အားကိုးလို့ မရပေမယ့် တချို့ဆေးတွေကို ဆရာဝန်ရဲ့လမ်းညွှန်ချက်အရ သောက်သုံးနိုင်ပါတယ်။

◼️ Fibromyalgia နဲ့ ပတ်သက်ပြီး ဘာကိုမျှော်လင့် ထားရမလဲ ?

ဒီဝေဒနာဟာ ခံရခက်တယ် ပျောက်ကင်းဖို့ အချိန်ကြာတယ် ဆိုပေမယ့် အချိန်တစ်ခုမှာ အရှင်းပျောက်ကင်းဖို့ အလားအလာအများကြီးရှိပါတယ်။ ပြီးတော့ အသက်အန္တရာယ်ကို ခြိမ်းခြောက်ဒုက္ခပေးနိုင်တဲ့ ရောဂါမျိုးလည်း မဟုတ်ပါဘူး။

အဓိကကတော့ ဒီရောဂါကြောင့် ဖြစ်လာတဲ့ စိတ်ဖိစီးမှုဒဏ်ကို ခံနိုင်ရည်ရှိဖို့သာ အရေးကြီးတာပါ။ အကြံပေးချင်တာကတော့ ဝေဒနာကို အာရုံမမူဘဲ ကိုယ်စိတ်သန်ရာကို ပျော်ပျော်ရွှင်ရွှင် လုပ်ဆောင်ပြီး နေထိုင်ကြည့်ပါ။ ဒါဆို ကိုယ့်နေ့စဉ်ဆောင်တာတွေနဲ့ အလုပ်များပြီး ဝေဒနာအပေါ် သောကပွား စိတ်ရောက်နေတော့မှာ မဟုတ်ပါဘူး။

Reference 📚 Murtagh,J , 2016. Murtagh’s patient education. 6th Ed. Australia:Mcgraw-Hill Australia,pp. 188

❤️ NUG, MOH တယ်လီကျန်းမာ ၊ လူတိုင်းအတွက်ပါ ❤️

👉 တယ်လီကျန်းမာတွင် ဆရာဝန်များနှင့် အွန်လိုင်းမှ အခမဲ့တိုင်ပင်ဆွေးနွေးနိုင်ပါသည်
*** ပိတ်ရက်မရှိပါ ***

ကြိုတင်ဘိုကင်ယူရန်အတွက်( https://m.me/telehealthmm )ကို နှိပ်ပါ
( နေ့စဉ် မနက် ၈နာရီမှ ညနေ၆နာရီအထိ
ည၈နာရီမှ ည၁၀နာရီအထိ )

ကျန်းမာရေးဝန်ကြီးဌာန၊

အမျိုးသားညီညွတ်ရေးအစိုးရ

ထုတ်ဝေသည့်နေ့စွဲ -- ၁၇ ဩဂုတ် ၂၀၂၂
နောက်ဆုံးမွမ်းမံသည့်နေ့စွဲ --- ၁၇ ဩဂုတ် ၂၀၂၂