လူနာများ နှင့် သံသယလူနာများအတွက် ကိုဗစ်-၁၉ ရောဂါဆိုင်ရာ အထွေထွေအကြံပြုချက်များ

လူနာများအတွက် ကိုဗစ်-၁၉ ရောဂါဆိုင်ရာ အထွေထွေအကြံပြုချက်များ

အကယ်၍ လူနာသည် ကိုဗစ်-၁၉ လက္ခဏာများ (ချောင်းဆိုးခြင်း၊ လည်ချောင်းနာခြင်း၊ ချမ်းတုန်အဖျားတက်ခြင်း၊ အနံ့ပျောက်ခြင်း) များပေါ်ပေါက်လာပါကဒေသန္တရကျန်းမာရေး တယ်လီဖုန်းအကြံဥာဏ်လိုင်းကိုဆက်သွယ်၍ ကျန်းမာရေးစောင့်ရှောက်မှုဆိုင်ရာကျွမ်းကျင်သူနှင့်စကားပြောပါ။ ကျေးဇူးပြု၍ ဖုန်းမှ တဆင့်ဆရာဝန်နှင့်အရင် အကြံဉာဏ်မရယူပဲ ကျန်းမာရေးစောင့်ရှောက်မှုဆေးခန်းများ သို့မသွားပါနှင့်။

မိမိနေအိမ်တွင် လက်ဖျားထိပ်အောက်ဆီဂျင်တိုင်းတာသည့်ကိရိယာ (Pulse Oximeter) နှင့် ကိုယ်အပူချိန်တိုင်းကိရိယာ (Thermometer) ကို ဆောင်ထားရန်လိုအပ်ပါသည်။

ကိုဗစ်-၁၉ သံသယလူနာအတွက် သီးခြားနေထိုင်ရမည့်လမ်းညွှန်ချက်ကို လိုက်နာပါ။

လက်ဖျားထိပ်အောက်ဆီဂျင်ပြည့်ဝနှုန်း (SpO2) ၉၂% နှင့်အောက်ဆိုလျှင် နီးစပ်ရာ ဆေးကုသရေးဌာနများသို့ သွားရောက်၍ ဆေးရုံတက်ရောက်ကုသရန် လိုအပ်ပါသည်။

ကိုဗစ်-၁၉ သံသယလူနာများအတွက် သီးခြားနေထိုင်ရန် လမ်းညွှန်ချက်များ

ကိုဗစ်-၁၉ ရောဂါလက္ခဏာရှိသူအတွက် လက္ခဏာ စတင်ပေါ်ပေါက်သည့်နေ့မှစတင်၍ (၁၀) ရက်တိတိ သီးခြားနေထိုင်ရန် လိုအပ်ပါသည်။

လက္ခဏာရှိသူ၏ မိသားစုဝင် (သို့မဟုတ်) လက္ခဏာရှိသူနှင့်ထိတွေ့ထားသူအတွက် လက္ခဏာမပြသေးသော်လည်း (၁၀) ရက် သီးခြားနေထိုင်ရပါမည်။ ထိုရက်များအတွင်းလက္ခဏာပေါ်ပေါက်လာပါက ပေါ်လာသည့်နေ့ရက်မှ စတင်၍ (၁၀) ရက် သီးခြားနေထိုင်ရန် လိုအပ်ပါသည်။

သီးခြားနေထိုင်ခြင်းကို ဒေသအလိုက်သတ်မှတ်ထားသော ကိုဗစ်ထိန်းချုပ်ရေးစင်တာ နှင့် လူထုအခြေပြုစင်တာ (သို့မဟုတ်) မိမိနေအိမ်ရှိ သီးခြားအခန်းတစ်ခုတွင် ပြုလုပ်နိုင်ပါသည်။

သီးခြားနေထိုင်နေစဉ်အတွင်း ရောဂါလက္ခဏာများပိုမိုဆိုးရွားလာပါက ဆေးကုသရေးဌာနများသို့ သွားရောက်ဆေးကုသမှုခံယူရမည်။

ကိုဗစ်-၁၉ သံသယလူနာများ မိမိနေအိမ်တွင် သီးခြားနေထိုင်သည့်အခါ လိုက်နာရန်အချက်များ

ကိုဗစ်-၁၉ ထိန်းချုပ်ရေးစင်တာ၊ လူထုအခြေပြုစင်တာ စသည်တို့သို့ သွားရောက်နိုင်ခြင်း မရှိပါက မိမိနေအိမ်တွင် သီးခြားနေထိုင်သည့်အခါ အောက်ပါအချက်များကို တိကျစွာ လိုက်နာမှသာ မိမိချစ်သော အခြားသူများကို ရောဂါမကူးစက်နိုင်မည်ဖြစ်ပါသည်။

သီးသန့်အခန်း (သို့မဟုတ်) လေဝင်လေထွက်ကောင်းသော သီးသန့်နေရာတစ်ခု ပြင်ဆင်ပါ။

အသုံးအဆောင်ပစ္စည်းများကို သီးသန့်ထားရှိပါ။ အများနှင့်အတူ မလွှဲမရှောင်သာ၍ အသုံးပြုရပါက မကိုင်တွယ်မီနှင့် ကိုင်တွယ်အပြီး လက်ကို ဆပ်ပြာနှင့်ရေကို အသုံးပြု၍ စက္ကန့် (၂၀) ခန့် သေချာစွာဆေးပါ (သို့မဟုတ်) အယ်လ်ကိုဟော (၆၀) % ပါဝင်သည့် လက်သန့်ဆေးရည်ကို အသုံးပြုပါ။

အတူနေအိမ်သားများနှင့် တတ်နိုင်သမျှ တိုက်ရိုက်မတွေ့သောနည်းလမ်းများကို အသုံးပြု၍ ဆက်သွယ်ပါ (ဥပမာ- မိုဘိုင်းလ်ဖုန်း)။ မဖြစ်မနေ တိုက်ရိုက်ပြောဆိုရလျှင် အနည်းဆုံး (၆) ပေခွာ၍ စကားပြောဆိုပါ။ နှာခေါင်းစည်း (Mask) ကို စနစ်တကျတပ်ဆင်ပါ။

အိမ်သားများနှင့်အတူ မျှဝေသုံးစွဲရသောပစ္စည်းများ (ဥပမာ- တံခါးလက်ကိုင်၊ ရေပိုက်ခေါင်း စသည်) ကို အသုံးပြုပြီးပါက သေချာစွာ ပိုးသန့်စင်ပါ။

အသုံးပြုပြီးသော စွန့်ပစ်ရမည့်ပစ္စည်းများ (ဥပမာ - တစ်သျှူး၊ Mask စသည်) ကို အဖုံးပါသည့် အမှိုက်ပုံးတွင် စနစ်တကျစွန့်ပစ်ပါ။

ထုတ်ဝေသည့်နေ့စွဲ ၂ ဇွန် ၂၀၂၁
နောက်ဆုံးမွမ်းမံသည့်နေ့စွဲ ၂ ဇွန် ၂၀၂၁