“Gestational Hypertension and Pre-eclampsia” (September 2023)

“ကိုယ်ဝန်ဆောင်ချိန် သွေးတိုးခြင်းနှင့် ကိုယ်ဝန်ဆိပ်တက်ခြင်း”

🔺ကိုယ်ဝန်ဆောင်ချိန်မှာဖြစ်တဲ့ သွေးတိုးရောဂါဆိုတာ ဘာလဲ

ကိုယ်ဝန်ဆောင်ချိန်မှာ သွေးပေါင်ချိန်များစေတဲ့ အမျိုးအစားကို အဓိကအားဖြင့် (၂) မျိုး ခွဲခြားနိုင်ပါတယ်။

(၁) Gestational hypertension ဆိုတာကတော့ ကိုယ်ဝန်ဆောင်ချိန်မှာမှဖြစ်တဲ့ သွေးတိုးရောဂါပါ။ ကိုယ်ဝန် အပတ် ၂၀ အကြာမှာ စဖြစ်တတ်ပါတယ်။ အများအားဖြင့် ဘာရောဂါလက္ခဏာမှ မရှိတတ်ဘဲ (မိခင်ရော ကလေးရောအတွက် အန္တရာယ်မရှိဘဲ) ကလေးမွေးဖွားပြီး ၁၂ ပတ်အတွင်း ပြန်ပြီးပျောက်သွားတတ်ပါတယ်။ ဒါပေမယ့် နောက်ပိုင်းမှာတော့ သွေးတိုးရောဂါ ဖြစ်နိုင်ခြေကို မြင့်တက်စေပါတယ်။

တစ်ခါတစ်ရံမှာတော့ ရောဂါလက္ခဏာ ပြင်းထန်နိုင်ပြီး ပေါင်မပြည့်ဘဲမွေးတာနဲ့ လမစေ့ဘဲမွေးတာတွေအထိ ဖြစ်စေနိုင်ပါတယ်။ Gestational hypertension ရှိတဲ့ အမျိုးသမီးအချို့ဟာ နောက်ပိုင်းမှာ ကိုယ်ဝန်ဆိပ်တက်ခြင်း (Preeclampsia) ဖြစ်လာတတ်ပါတယ်။

(၂) Chronic hypertension ကတော့ ကိုယ်ဝန်အပတ် ၂၀ မတိုင်မီ (သို့မဟုတ်) ကိုယ်ဝန်မဆောင်ခင်ထဲက သွေးတိုးရောဂါရှိနေခြင်း ဖြစ်ပါတယ်။ အချို့သူတွေမှာ ကိုယ်ဝန်မဆောင်ခင်ထဲက သွေးတိုးရောဂါရှိနေပေမယ့် သွေးပေါင်ချိန်ကို ပုံမှန်မစစ်ဆေးတာကြောင့် မသိကြပါဘူး။ တစ်ခါတစ်ရံမှာ chronic hypertension ကနေလည်း ကိုယ်ဝန်ဆိပ်တက်ခြင်း (Preeclampsia) ကို ဖြစ်စေနိုင်ပါတယ်။

..

..

🔺ကိုယ်ဝန်ဆိပ်တက်ခြင်း (Preeclampsia)

ကိုယ်ဝန်ဆိပ်တက်ခြင်းဆိုတာ ကိုယ်ဝန်အပတ် ၂၀ နောက်ပိုင်းမှာ ရုတ်တရက် သွေးပေါင်ချိန် တိုးလာခြင်းနဲ့ အခြားလက္ခဏာများ ပါဝင်ပါတယ်။ အများအားဖြင့် ကိုယ်ဝန်နောက်ဆုံးသုံးလမှာ ဖြစ်တတ်ပါတယ်။ မွေးဖွားပြီးတဲ့အချိန်အထိ ရောဂါလက္ခဏာ မပြတာမျိုးတွေရှိပေမယ့် ရှားပါတယ်။

တကယ်လို့ မီးဖွားပြီးမှသာ ကိုယ်ဝန်ဆိပ်တက်တဲ့ လက္ခဏာတွေ ဖြစ်လာခဲ့ရင်တော့ ဒါမျိုးကို postpartum preeclampsia လို့ခေါ်ပါတယ်။

ကိုယ်ဝန်ဆိပ်တက်ခြင်းမှာ အသည်း၊ ကျောက်ကပ်စတဲ့ ကိုယ်အင်္ဂါအစိတ်အပိုင်းအချို့ကို ပျက်စီးစေနိုင်တဲ့ လက္ခဏာတွေ ပါဝင်ပြီး၊ ဆီးထဲမှာ ပရိုတင်းဓာတ်များနေခြင်းနဲ့ သွေးပေါင်ချိန် အလွန်မြင့်မားနေခြင်းတို့ဟာ အဖြစ်အများဆုံး ဖြစ်ပါတယ်။ ကိုယ်ဝန်ဆိပ်တက်တာ ပြင်းထန်ရင် မိခင်ရော ကလေးကိုပါ အသက်အန္တရာယ် ဖြစ်စေနိုင်ပါတယ်။

..

..

🔺ကိုယ်ဝန်ဆိပ်တက်ခြင်းက ဘယ်သူတွေမှာ ဖြစ်နိုင်ခြေပိုများလဲ

ဘာကြောင့်ဖြစ်ရသလဲဆိုတဲ့ အကြောင်းအရင်းကိုတော့ မသိရပေမယ့် အောက်ဖော်ပြပါ အခြေအနေတွေမှာတော့ ပိုပြီးအဖြစ်များတာကို တွေ့ရပါတယ်…

– ကိုယ်ဝန်မဆောင်ခင် နာတာရှည် သွေးတိုး (သို့မဟုတ်) နာတာရှည် ကျောက်ကပ်ရောဂါ ရှိဖူးခြင်း

– ယခင်ကိုယ်ဝန်ဆောင်စဉ် သွေးတိုးဖူးခြင်း၊ ကိုယ်ဝန်ဆိပ်တက်ဖူးခြင်း

– အဝလွန်ခြင်း

– အသက်ကြီးခြင်း (အသက် ၄၀ ကျော်မိခင်)

– အမြွှာကိုယ်ဝန်ဆောင်ထားခြင်း

– အာဖရိကန်အမေရိကန်လူမျိုးဖြစ်ခြင်း

– ကိုယ်ဝန်ဆိပ်တက်မှု (preeclampsia) မျိုးရိုးရှိခြင်း

– ဆီးချိုရောဂါ၊ lupus နဲ့ thrombophilia ရောဂါများရှိခြင်း

– မျိုးဥ၊ သုတ်ရည် အလှူခံပြီး ကိုယ်ဝန်ဆောင်ခြင်းနဲ့ ဖန်ပြွန်သန္ဓေဆောင်ခြင်း စတာတွေမှာ ကိုယ်ဝန်ဆိပ်တက်ခြင်း ဖြစ်နိုင်ခြေ ပိုများပါတယ်။

..

..

🔺ကိုယ်ဝန်ဆိပ်တက်ခြင်းဟာ ဘယ်လိုပြဿနာတွေကို ဖြစ်စေနိုင်လဲ

– အချင်းကွာခြင်း

– အာဟာရဓာတ်နှင့် အောက်ဆီဂျင်ချို့တဲ့ခြင်းကြောင့် သန္ဓေသားကြီးထွားမှု အားနည်းခြင်း

– လမစေ့ဘဲမွေးခြင်း

– ပေါင်မပြည့်ဘဲမွေးခြင်း

– ကလေးအသေမွေးခြင်း

– ကျောက်ကပ်၊ အသည်း၊ ဦးနှောက်နှင့် အခြားသော ကိုယ်တွင်းအင်္ဂါများနှင့် သွေးစနစ်များကို ပျက်စီးစေခြင်း

– နှလုံးရောဂါဖြစ်နိုင်ခြေ ပိုများခြင်း

– ကိုယ်ဝန်ဆိပ်တက်မှု အရမ်းဆိုးချိန် preeclampsia မှ eclampsia အဆင့့်သို့ ရောက်သွားတတ်ပြီး ဦးနှောက်ကို ထိခိုက်ခါ တက်ခြင်းနဲ့ မေ့မြောခြင်းတို့ ဖြစ်နိုင်ခြင်း

– HELLP Syndrome လို့ခေါ်တဲ့ အသည်းနဲ့ သွေးဆဲလ်များပျက်စီးခြင်း စတာတွေ ဖြစ်နိုင်ပါတယ်။

..

..

🔺ရောဂါလက္ခဏာတွေကဘာတွေလဲ

အဖြစ်များတဲ့ ရောဂါလက္ခဏာတွေကတော့…

– သွေးတိုးခြင်း

– ဆီးထဲတွင် ပရိုတင်းဓာတ်များလွန်းခြင်း

– မျက်နှာနဲ့လက်များ ဖောရောင်ခြင်း (ပုံမှန်အားဖြင့်လည်း ကိုယ်ဝန်ဆောင်အများစုဟာ ခြေထောက်တွေ ဖောရောင်တတ်ကြပါတယ်)

– ခေါင်းကိုက်မပျောက်ခြင်း

– အမြင်အာရုံမှုန်ဝါးခြင်း၊ အစက်အပျောက်များ မြင်ရခြင်း

– ညာဘက်ဝမ်းဗိုက်အပေါ်ပိုင်း နာကျင်ခြင်း

– အသက်ရှုကျပ်ခြင်း

– Eclampsia လက္ခဏာတွေဖြစ်တဲ့ တက်ခြင်း၊ ပျို့အန်ခြင်း၊ ဆီးသွားနည်းခြင်း

– HELLP syndrome မှာ တွေ့ရတဲ့ သွေးထွက်လွယ်ခြင်း၊ ပွန်းပဲ့လွယ်ခြင်း၊ ပင်ပန်းနွမ်းနယ်ခြင်းနဲ့ အသည်းပျက်ဆီးခြင်းတို့ ဖြစ်ပါတယ်။

..

..

🔺ကိုယ်ဝန်ဆိပ်တက်တာကို ဘယ်လို စစ်ဆေးအတည်ပြုနိုင်လဲ

ကိုယ်ဝန်ဆောင်စဉ် သွေးပေါင်ချိန်နှင့် ဆီးစစ်တာတွေ လုပ်နိုင်ပါတယ်။ ကိုယ်ဝန် အပတ် ၂၀ နောက်ပိုင်းမှာ သွေးပေါင်ချိန်ဟာ ၁၄၀/၉၀ အထက် ဖြစ်နေရင်တော့ စမ်းသပ်စစ်ဆေးမှုအချို့ပြုလုပ်ဖို့ လိုအပ်ပါတယ်။ ဆီးစစ်တာနဲ့ သွေးစစ်တာအပြင် အခြားလိုအပ်တဲ့စစ်ဆေးမှုတွေလည်း လုပ်နိုင်ပါတယ်။

..

..

🔺ဘယ်လို ကုသမလဲ

ကလေးမွေးဖွားပြီးနောက်မှာ preeclampsia ဟာ ပျောက်သွားတတ်ပါတယ်။ တစ်ယောက်နဲ့တစ်ယောက် ကုသမှုတော့ မတူနိုင်ပါဘူး။

ကိုယ်ဝန် ၃၇ ပတ်ထက် ကျော်နေရင်တော့ ကလေးမွေးလိုက်သင့်ပါတယ်။

ကိုယ်ဝန် ၃၇ ပတ်အောက်ဆိုရင်တော့ မိခင်နဲ့ကလေးကို အနီးကပ်စောင့်ကြည့်ပြီး လိုအပ်တဲ့ သွေးနဲ့ ဆီးစစ်ဆေးမှုတွေ လုပ်ရပါမယ်။ Ultrasound ရိုက်တာ၊ ကလေးနှလုံးခုန်နှုန်း စောင့်ကြည့်တာနဲ့ ကလေးရဲ့ကြီးထွားမှုကို စောင့်ကြည့်တာတို့ ပါဝင်နိုင်ပါတယ်။

သွေးပေါင်ချိန်ထိန်းဖို့ ဆေးဝါးများသောက်ရန် လိုအပ်နိုင်ပါတယ်။ အချို့မှာ ကလေးရဲ့အဆုတ်တွေ ရင့်ကျက်မှုပိုမိုမြန်ဆန်စေဖို့ မိခင်ကို စတီးရွိုက်ထိုးဆေးများပေးတာမျိုး ရှိပါတယ်။ Preeclampsia ပြင်းထန်ရင်တော့ ကလေးကို စောစီးစွာ မွေးဖို့လိုနိုင်ပါတယ်။

ရောဂါလက္ခဏာတွေက ကလေးမွေးဖွားပြီး ၆ ပတ်အတွင်း ပျောက်ကင်းသွားတတ်ပါတယ်။ အချို့မှာ ရောဂါလက္ခဏာတွေက မပျောက်သွားတာရှိတတ်သလို မီးဖွားပြီးတဲ့နောက်မှာတောင် ရောဂါလက္ခဏာ မပေါ်တာမျိုးတွေလည်း ရှိတတ်ပါတယ်။

ဘယ်လိုပဲဖြစ်ဖြစ် ကိုယ်ဝန်ဆိပ်တက်မှုတစ်ခု ဖြစ်လာခဲ့ရင် မိခင်ရော ကလေးပါ အသက်အန္တရာယ် ရှိနိုင်တာမို့ ကုသမှုချက်ချင်းခံယူဖို့ အရေးကြီးပါတယ်။

Reference : 📚

https://medlineplus.gov/highbloodpressureinpregnancy.html

❤️ NUG, MOH တယ်လီကျန်းမာ၊ လူတိုင်းအတွက်ပါ ❤️

👉 တယ်လီကျန်းမာတွင် ဆရာဝန်များနှင့် အွန်လိုင်းမှတစ်ဆင့် အခမဲ့ (အခမဲ့) တိုင်ပင်ဆွေးနွေးနိုင်ပါသည်။

*** ပိတ်ရက်မရှိပါ ***

ကြိုတင်ဘိုကင်ယူရန်အတွက် တယ်လီကျန်းမာ messenger ကို ဆက်သွယ်ပါ။

(နေ့စဥ် မနက် ၈ နာရီမှ ည ၁၀ နာရီအထိ)

#nugmoh#telehealth#telemedicine

#teleconsultation#တယ်လီကျန်းမာ#Telekyanmar

#preeclampsia

ကျန်းမာရေးဝန်ကြီးဌာန၊
အမျိုးသားညီညွတ်ရေးအစိုးရ

Published on: September 26, 2023
Last updated: September 26, 2023