Hearing Problem in Children ( July, 2022)

ကလေးများ အကြားအာရုံချို့ယွင်းခြင်း ( July, 2022 )

ချစ်ရတဲ့ရင်သွေးငယ်‌တွေမှာ မွေးရာပါ (သို့) အကြောင်းတစ်ခုခုကြောင့် အကြားအာရုံဆုံးရှုံးတဲ့ ပြဿနာကို ကြုံတွေ့ရမယ်ဆိုရင် ဒါဟာမိဘတွေ အတွက် အတော်လေးကိုချောက်ချားစရာကိစ္စပါ။

မွေးရာပါဖြစ်လာတဲ့ပြဿနာအပြင် တချို့ကျ ကလေးမှာအဖြစ်များတဲ့ မကြာခဏနားပိုးဝင်ခြင်းရဲ့နောက်ဆက်တွဲအနေနဲ့ နားပြွန်ချောင်းအလယ်မှာ အရည်ပိတ်ဆို့ရင်းက‌နေ နားမကြားပြဿနာပါ ဆက်ဖြစ်တတ်တဲ့အတွက် မိဘတွေအနေနဲ့ ဒါကို ဂရုပြုသင့် သိထားသင့်ပါတယ်။

ဒါပေမယ့် အရမ်းတော့စိတ်မပူစေချင်တာက ဒီလိုပြဿနာကြုံလာရပြီဆိုလည်း ဒီနေ့ခေတ်မှာ ကလေးငယ်တွေအတွက် နည်းအမျိုးမျိုးနဲ့ကူညီပေးတဲ့အဖွဲ့အစည်းတွေ နည်းလမ်းတွေ ရှိလာပြီမို့လို့ ပုံမှန်ကလေးလိုကြီးပြင်းဖို့ အခွင့်အလမ်းတွေ အများကြီးရှိနေတယ် ဆိုတာပါပဲ။

အရင်ဆုံးအ‌နေနဲ့ ကလေးတစ်ယောက်ရဲ့ ပုံမှန် အကြားအာရုံ ဖွံ့ဖြိုးမှု ဖြစ်စဉ်လေးကို ရှင်းပြပါရစေ။

– တစ်လသားအရွယ်မှာ ရုတ်တရက်ကြားလိုက်ရတဲ့ အသံတွေကို သတိပြုမိတဲ့အရိပ်အယောင် ပြရပါမယ်။ ဒါပေမယ့် ဒါဟာသိမ်မွေ့လွန်းတာကြောင့် မိဘတွေအနေနဲ့ အကဲဖမ်းဖို့ခက်မယ်ထင်ပါတယ်။

– သုံးလသားအရွယ်လောက်လည်း ရောက်ရော ကျယ်လောင်တဲ့အသံပေးရင် တုံ့ပြန်မှုပြုလာတတ်တယ်။ (ဥပမာ ကလေးငိုလို့ လက်ခုပ်တီးချော့ရင် အငိုတိတ်သွားတာမျိုး)

– လေးလသား အရွယ်ကျတော့ သူတို့ဟာ အသံလာရာကိုတောင် လှည့်ကြည့်ဖို့ ခေါင်းကလေးလှည့်ပြီး ရှာဖွေတတ်ပြီ။ (ဥပမာ မေမေက အနောက်ကနေ စကားပြောနေတဲ့အခါ မေမေ့အသံကို ကျက်မိပြီး ခေါင်းကလေးလှည့်လာတာမျိုး)

– ခုနှစ်လသား အရွယ်မှာကျ အသံကြားတာနဲ့ ချက်ချင်းဆိုသလို လှည့်လာတတ်ပြီ။ တစ်ခါတလေ အခန်းထဲက ခပ်တိုးတိုးဆူညံသံကိုတောင် သတိပြုတတ်နေပြီ။

– ဆယ်လသား အရွယ်ရောက်ပြန်တော့ နေ့စဉ်ကြားနေကျ ရင်းနှီးကျွမ်းဝင်နေတဲ့ အသံတွေကိုတောင် နားစွင့်တတ်နေပါပြီ။

– တစ်နှစ်သား (အခါလည်) အရွယ်လည်းရောက်ရော ရင်းနှီးကျွမ်းဝင်နေတဲ့စကားလုံးတွေပြောတဲ့အခါ၊ သူ့နာမည်လေးကိုခေါ်တဲ့အခါ သိသိသာသာကိုတုံ့ပြန်တတ်နေပါပြီ။

❓ဆိုတော့ အကြားအာရုံ ဘယ်လိုဆုံးရှုံးသလဲ

တချို့ကျတော့ မျိုးရိုးလိုက်တာ။ တချို့ကျတော့ မိခင်ကိုယ်ဝန်ဆောင်စဉ်က ဂျိုက်သိုးလိုရောဂါပိုးဝင်ပြီး ကလေးမှာအကြားအာရုံ ဆုံးရှုံးမှုဖြစ်လာတာ။ တချို့ကျ မွေးဖွားစဉ်ကပုံမှန်ပေမယ့် မကြာခဏနားကိုပိုးဝင်ခြင်းကြောင့် နောက်ဆက်တွဲ ဖြစ်လာတာ။ ဒီနေရာမှာ Glue Ear လို့ခေါ်တဲ့ နားပြွန်ချောင်းအလယ်နေရာမှာ စေးကပ်ကပ် ပျစ်ချွဲချွဲ အရည်တည်ပြီး အကြားအာရုံပြဿနာကို ဖြစ်စေတဲ့ အခြေအနေက ကလေးငယ်တွေမှာအင်မတန် အဖြစ်များပါတယ်။

❓မိဘတွေ အနေနဲ့ ကလေး အခြေအနေကို ဘယ်လို သိနိုင်မလဲ

အပေါ်မှာရေးထားတဲ့ အကြားအာရုံဖွံဖြိုးမှုဖြစ်စဉ်ကိုနားလည်ပြီဆိုရင် ကလေးက သူ့အရွယ်မှာရှိရမယ့်တုံ့ပြန်မှု ပြုမပြု စောင့်ကြည့်ရမှာဖြစ်ပါတယ်။ Glue Ear လိုအခြေအနေမျိုးအတွက်ကတော့ မိမိကလေးရဲ့ ပြုမှုပုံအပြောင်းအလဲကို သတိပြုမိဖို့လိုပါလိမ့်မယ်။ တီဗွီသံကို အဆုံးထိဖွင့်ထားတာတောင် ကလေးက မသိတာမျိုး၊ ပြီးတော့ ကလေးမှာ စကားပြောရခက်တာ၊ စကားပြောရင် နားမထောင်တာ၊ သွန်သင်ရခက်တာ၊ စာသင်ရခက်တာ စတဲ့ အပြုအမူအပြောင်းအလဲတွေကို ဂရုပြုမိရင် ကလေးရင်ဆိုင်နေရတဲ့အခက်အခဲကို မိဘတွေက သိနိုင်မှာပါ။

❓ကလေးရဲ့ အကြားအာရုံကိုရော စမ်းသပ်လို့ ရသလား

ရပါတယ်။ သတိထားမိတာနဲ့ စောနိုင်သမျှစောစော စမ်းသပ်သိရှိထားရင် ပိုကောင်းပါတယ်။ စမ်းသပ်နည်းကမရှုပ်ထွေးဘဲ သက်သောင့်သက်သာရှိတာမို့ ကလေးကအရမ်းငယ်လို့ မစမ်းသပ်ရဲဘူးဆိုတာမျိုး ဖြစ်စရာမလိုပါဘူး။ ကျွမ်းကျင်နားအထူးကုနဲ့ တိုင်ပင်စမ်းသပ်လို့ ရပါတယ်။

❓Glue Ear ကိုရော ကုသလို့ ရလား

ရပါတယ်။ အများအားဖြင့် သူ့အလိုလိုပျောက်သွားတတ်ပါတယ်။ ဆရာဝန်ရဲ့ လမ်းညွှန်ချက်နဲ့ ပိုးသတ်ဆေးသောက်ရပါမယ်။ ဒါနဲ့မှ မပျောက်ရင် grommet လို့ခေါ်တဲ့ ပြွန်ချောင်းအသေးလေးသုံးပြီး ကုသရတာမျိုး လုပ်ဖို့လိုပါလိမ့်မယ်။ အ‌ဓိက အရေးကြီးဆုံးကတော့ မိမိကလေးရဲ့အခြေအနေကို နောက်မကျခင် စောလျင်စွာသိရှိပြီး ဂရုတစိုက်စောင့်ကြည့်ပေးဖို့ပါပဲ။

မိဘများရဲ့ အခန်းကဏ္ဍ

အကြားအာရုံဆုံးရှုံးထားတဲ့ ကလေးတွေကနေ ထူးချွန်ပုဂ္ဂိုလ်ဖြစ်လာတာ ကမ္ဘာမှာ ဒုနဲ့ဒေးပါပဲ။ ဒီဘက်ခေတ် နည်းပညာတိုးတက်မှု၊ အဖွဲ့အစည်းတွေရဲ့ချိတ်ဆက်အားကောင်းမှုတွေကြောင့် ပိုလို့တောင် ကလေးတွေအတွက် အခွင့်အလမ်းတွေများပါတယ်။ အဲ့အထဲမှာမှအဓိကကတော့ မိဘတွေဘက်က မိမိရင်သွေးငယ်ရဲ့အခက်အခဲကို ကိုယ်တိုင်နားလည်ပြီး ကမ္ဘာကြီးကိုလမ်းဖွင့်ပေးနိုင်ဖို့ပါပဲ။

Reference 📚
Murtagh,J , 2016. Murtagh’s patient education. 6th Ed. Australia:Mcgraw-Hill Australia,pp.39

❤️ NUG, MOH တယ်လီကျန်းမာ ၊ လူတိုင်းအတွက်ပါ ❤️

👉 တယ်လီကျန်းမာတွင် ဆရာဝန်များနှင့် အွန်လိုင်းမှ အခမဲ့တိုင်ပင်ဆွေးနွေးနိုင်ပါသည်
*** ပိတ်ရက်မရှိပါ ***
( နေ့စဉ် မနက် ၈နာရီမှ ညနေ၆နာရီအထိ )

ကြိုတင်ဘိုကင်ယူရန်အတွက်( https://m.me/telehealthmm )ကို နှိပ်ပါ

ချက်ချင်း တန်းစီ၍ ဆေးခန်းပြရန်အတွက် ( https://t.me/TelehealthMM )ကို နှိပ်ပါ

ကျန်းမာရေးဝန်ကြီးဌာန၊

အမျိုးသားညီညွတ်ရေးအစိုးရ

 ထုတ်ဝေသည့်နေ့စွဲ -- ၃၀ ဇူလိုင် ၂၀၂၂
နောက်ဆုံးမွမ်းမံသည့်နေ့စွဲ --- ၃၀ ဇူလိုင် ၂၀၂၂