အပူကြောင့် သတိလစ်ခြင်း (Heat stroke) (April 2024)

လက်ရှိအချိန်မှာ ရာသီဥတုက တအားပူနေပြီ ဖြစ်တဲ့အတွက် ဂရုစိုက်သင့်တဲ့၊ အဖြစ်များတတ်ကြတဲ့ အပူကြောင့် သတိလစ်ခြင်း (Heat stroke) အကြောင်းကို ပြောပြချင်ပါတယ်နော်။

ဒီအကြောင်းကို မပြောပြခင်မှာ အပူကြောင့်ဖြစ်ရတဲ့ နာမကျန်းမှုတွေ (Heat illnesses) အကြောင်းကိုလည်း အရင်ဆုံး ​သိထားသင့်ပါတယ်။

အပူကြောင့်ဖြစ်ရတဲ့ နာမကျန်းမှုတွေ (Heat illnesses) ဆိုတာဟာ မြင့်မားတဲ့အပူချိန် (Temperature) နဲ့ စိုထိုင်းဆ (Humidity) ကြောင့် ဖြစ်လာရတဲ့ နောက်ဆက်တွဲ ကျန်းမာရေးဆိုးကျိုးတွေကို ဆိုလိုတာပါ။

အဓိကအနေနဲ့ကတော့…

– မိတ်ထွက်တာ (Heat rash or miliaria)

– အပူကြောင့် ကြွက်တက်တာ (Heat cramps)

– အပူကြောင့် အားအင်ကုန်ခမ်းတာ (Heat exhaustion)

– အပူကြောင့် သတိလစ်တာ (Heat stroke) …. စတာတွေ ဖြစ်ကြပါတယ်။

ဒီလိုမျိုး ပြဿနာတွေထဲမှာ အပူကြောင့် သတိလစ်တာ (Heat stroke) ဟာ အပြင်းဆုံးနဲ့ အဆိုးဆုံးဖြစ်တာကြောင့် အခုလို နွေရာသီရဲ့ အပူပြင်းဆုံးအချိန်မှာ ကိုယ့်ရဲ့ အပြုအမူအနေအထိုင်တွေကို လုံးဝ (လုံးဝ) ဂရုစိုက်ကြရမှာပါနော်။

အပူကြောင့် သတိလစ်ခြင်း (Heat stroke) ဟာ ခန္ဓာကိုယ်အပူချိန် လွန်ကဲလွန်းလို့ ဖြစ်ရတာဖြစ်ပြီး နှစ်မျိုးခွဲလို့ ရပါတယ်။

(၁) တအားမြင့်တဲ့အပူချိန်အောက်မှာ အားအင်စိုက်ထုတ်ရတဲ့ လှုပ်ရှားမှုတွေ လုပ်လိုက်တဲ့အခါ ဖြစ်တတ်တဲ့ Exertional Heat stroke (နာရီပိုင်းအတွင်းဖြစ်လာနိုင်တာမျိုး) နဲ့

(၂) အသက်အရွယ်၊ ရှိရင်းစွဲ‌ရောဂါနဲ့ တခြားအကြောင်း‌အရာ‌တွေကြောင့် ဖြစ်ရတဲ့/အားစိုက်ထုတ်အလုပ်လုပ်ရခြင်းကြောင့်မဟုတ်တဲ့ Non-exertional Heat stroke (ရက်ပေါင်းများစွာကြာပြီးမှ ဖြစ်လာနိုင်တာ) ဆိုပြီး ခွဲခြားလို့ရပါတယ်။

❓အပူကြောင့် သတိလစ်တာ (Heat stroke) ကို ဘယ်လိုမျိုး သိနိုင်မလဲ….

• ခန္ဓာကိုယ်အပူချိန် မြင့်နေတာ

စအိုကနေ ထည့်သွင်းတိုင်းတာရတဲ့ အဖျားတိုင်းသာမိုမီတာ (Rectal thermometer) မှာ ခန္ဓာကိုယ်အပူချိန်ဟာ ၁၀၄ ဒီဂရီဖာရင်ဟိုက် (104°F) သို့ ၄၀ ဒီဂရီဆယ်လ်စီရက်စ် (40°C) နဲ့အထက်မှာ ရှိနေပါလိမ့်မယ်။

• စိတ်အခြေအနေနဲ့ အမူအကျင့်တွေ ပြောင်းလဲတာ

စိတ်ရှုပ်တာ၊ စိတ်လှုပ်ရှားတာ၊ စကားတွေ ဗလုံးဗထွေးပြောတာ၊ စိတ်တိုတာ၊ ကယောင်ကတမ်းဖြစ်တာ၊ တက်တာတွေအပြင် ကိုမာ (Coma) လို့ခေါ်တဲ့ နာတာရှည် သတိလစ်မေ့မြောတာမျိုးတွေအထိ ဖြစ်နိုင်ပါတယ်။

• ချွေးထွက်တဲ့ပုံစံ ပြောင်းလဲတာ

လှုပ်ရှားမှုကြောင့် မဟုတ်တဲ့၊ အခြားအကြောင်းတွေကြောင့်ဖြစ်ရတဲ့ အပူကြောင့် သတိလစ်ခြင်း (Non-exertional Heat stroke) မှာ အရေပြားက ပူနေပေမယ့် ထိကြည့်ရင် ချွေးမထွက်ဘဲ ခြောက်သွေ့နေတာမျိုးက အဖြစ်များပါတယ်။

ပြင်းထန်တဲ့ လေ့ကျင့်ခန်းတွေလုပ်လို့ ဖြစ်ရတဲ့ အပူကြောင့် သတိလစ်ခြင်း (Exertional Heat stroke) မှာတော့ လေ့ကျင့်ခန်းလုပ်တာ/အလုပ်လုပ်တာကို ရပ်လိုက်ပေမယ့် ချွေးက တအားထွက်နေတာမျိုးကို တွေ့ရတတ်ပါတယ်။

• အရေပြားနီရဲတာ (flushed skin)

ခန္ဓာကိုယ်အပူချိန်မြင့်လာတာနဲ့အမျှ အရေပြားကလည်း ပိုပိုပြီး နီရဲလာတာပါ။ ဒါပေမယ့် အရေပြား တအားဖြူဖျော့သွားတာ (Very pale skin) မျိုးလည်း ဖြစ်တတ်ပါတယ်။

• တခြားလက္ခဏာတွေအနေနဲ့….

– ပျို့တာ၊ အန်တာ

– အသက်ရှူမြန်လာတာ

– နှလုံးခုန်မြန်လာတာ

– ခေါင်းကိုက်တာ

– မူးမေ့လဲကျတာ/သတိလစ်တာ စတဲ့လက္ခဏာတွေ‌လည်း ဖြစ်နိုင်တာကြောင့် ဒါမျိုးတွေ ကြုံလာရတဲ့အခါ အပူကြောင့် သတိလစ်ခြင်း (Heat stroke) ဖြစ်နေပြီလို့ ယူဆသင့်ပြီး ဆေးကုသမှုကို ချက်ချင်းရယူနိုင်ဖို့ ဆောင်ရွက်ရပါမယ်။

အရေးပေါ်ဆေးကုသမှုပေးနိုင်မယ့် ဆေးရုံ/ဆေးခန်းတွေနဲ့ အရေးပေါ်ဆေးကုသဖို့ ဆက်သွယ်ရမယ့် ဖုန်းနံပါတ်တွေကို ကြိုတင်မှတ်သားထားသင့်ပါတယ်နော်။

✔️ ဆေးကုသမှု မခံယူနိုင်သေးခင် ဘာတွေကို ချက်ချင်း ဆောင်ရွက်ပေးနိုင်မလဲ….

– အပူကြောင့် သတိလစ်ခြင်း ခံစားနေရတဲ့သူကို အရိပ်ရတဲ့နေရာ ဒါမှမဟုတ် အိမ်အတွင်း‌ လေဝင်လေထွက်ကောင်းတဲ့နေရာ၊ ပန်ကာ/လေအေးပေးစက်ရှိတဲ့နေရာကို ရွှေ့ပေးပါ။

– ခြေရင်းကို မြှင့်ထား‌ပေးပြီး ပက်လက်အနေအထားမှာထားပါ။

– မလိုအပ်တဲ့/အပိုဖြစ်နေတဲ့ အဝတ်အစားတွေကို ဖယ်ရှားပေးပါ။

– ကောင်းကောင်းသတိရနေသေးမယ်ဆိုရင် ရေအေးအေး ဒါမှမဟုတ် ဓာတ်ဆားရည် တိုက်ပေးပါ။

– ရနိုင်တဲ့နည်းလမ်းကိုသုံးပြီး အေးအောင် လုပ်ပေးပါ။ (ဥပမာ – ရေ‌အေးအေးထည့်ထားတဲ့ ရေစိမ်ကန်ထဲမှာ စိမ်ခိုင်းတာ၊ ရေအေးအေးနဲ့ ရေချိုးပေးတာ၊ ရေပိုက်နဲ့ ဖျန်းပေးတာ၊ ရေအေးနဲ့ ရေပတ်တိုက်ပေးတာ၊ ရေအေးအငွေ့ထုတ်ပေးတဲ့ ပန်ကာရှေ့မှာထားတာ၊ ရေခဲ ဒါမှမဟုတ် ရေအေးဆွတ်ထားတဲ့ မျက်နှာသုတ်ပဝါကို နဖူး၊ လည်ပင်း၊ ချိုင်းကြားနဲ့ ပေါင်ခြံကြားတွေမှာ ထားပေးတာ စတဲ့နည်းလမ်းတွေကို လုပ်ဆောင်ရမှာပါ။)

❗️ဘယ်သူတွေမှာ ပိုဖြစ်နိုင်လဲ….

❗️ဘယ်သူတွေမှာ ပိုဂရုစိုက်ရမလဲ…

▪️ကလေးငယ်ငယ်လေးတွေနဲ့ အသက် ၆၅ နှစ်ကျော်တဲ့သူတွေ

လူတွေရဲ့ ခန္ဓာကိုယ်ဟာ ပြင်းထန်တဲ့အပူဒဏ်ကို လိုက်လျောညီထွေဖြစ်အောင် တုံ့ပြန်နိုင်စွမ်းရှိပြီး အဲဒီလိုတုံ့ပြန်နိုင်မှုဟာ ဗဟိုအာရုံကြောအဖွဲ့အစည်း (Central nervous system) ရဲ့ လုပ်ဆောင်နိုင်စွမ်းအပေါ်မှာ မူတည်ပါတယ်။ ဗဟိုအာရုံကြောအဖွဲ့အစည်း (Central nervous system) ဟာ တအားငယ်သေးတဲ့ ကလေးတွေမှာ ပြည့်ပြည့်ဝဝ မဖွံဖြိုးသေးသလို အသက် ၆၅ နှစ်ကျော်လာရင်လည်း စပြီး ပျက်စီးယိုယွင်းလာတတ်တာမို့ ဒီအသက်အုပ်စု နှစ်ခုအနေနဲ့ အပူကြောင့် သတိလစ်တာ (Heat stroke) ဖြစ်နိုင်ခြေ ပိုများပါတယ်နော်။

▪️နေပူထဲမှာ လှုပ်ရှားလုပ်ကိုင်ကြရသူတွေ

အရိပ်မရှိ၊ အမိုးအကာမရှိ၊ ပူပြင်းတဲ့ရာသီဥတုမှာ အလုပ်လုပ်ကိုင်နေကြရသူတွေနဲ့ အားကစားသမားတွေမှာလည်း အပူကြောင့် သတိလစ်တာ (Heat stroke) ဖြစ်လာနိုင်ပါတယ်။

▪️လေအေးပေးစက်မသုံးဘဲ ယပ်တောင်နဲ့ ပန်ကာကိုပဲ အသုံးပြုသူတွေ

ယပ်တောင်နဲ့ ပန်ကာတွေထက် လေအေးပေးစက်က အပူဒဏ်ကို အထိရောက်ဆုံး လျှော့ချပေးနိုင်သလို စိုထိုင်းဆကိုလည်း ကျဆင်းစေပါတယ်။

▪️ဆေးဝါးတချို့ကို မှီဝဲနေရသူတွေ

တချို့ဆေးတွေက လူရဲ့ အပူဒဏ်ကိုတုံ့ပြန်နိုင်မှုအပေါ်မှာ သက်ရောက်မှုရှိကြပါတယ်။ သွေးကြောကျဉ်းဆေးတွေ (Vasoconstrictors)၊ နှလုံးခုန်နှုန်းကို လျှော့ချပေးစေတဲ့ဆေးတွေ (Beta blockers)၊ ဆီးဆေးတွေ (Diuretics) နဲ့ စိတ်ကျန်းမာရေးအတွက်ဆေးတွေ (Antidepressants or Antipsychotics) သောက်နေရတယ်ဆိုရင် သတိထားရပါမယ်နော်။

▪️နာတာရှည်ရောဂါ ခံစားနေရသူတွေ

နှလုံးရောဂါနဲ့ အဆုတ်ရောဂါရှိနေတဲ့သူတွေ၊ အဝလွန်သူတွေ စတာအပြင် အရင်က အပူကြောင့် သတိလစ်တာ (Heat stroke) ဖြစ်ဖူးခဲ့ရင်လည်း ဖြစ်နိုင်ခြေ ပိုများပါတယ်။

▪️အရက်၊ ဘီယာ စတဲ့ အယ်ကိုဟော (Alcohol) ပါဝင်တဲ့အရည်ကို သောက်သုံးသူတွေ၊ စိတ်ကိုလှုံ့ဆော်ပေးတဲ့ ရာဘ/မြင်းဆေးနဲ့ ကိုကင်းတို့လို့ တရားမဝင်ပစ္စည်းတွေကို သုံးစွဲသူ‌တွေမှာလည်း အပူကြောင့် သတိလစ်ခြင်း (Heat stroke) ဖြစ်နိုင်ခြေ ပိုများပါတယ်။

▪️မိမိနေထိုင်ရာနေရာထက် ပိုပြီးပူတဲ့ နေရာဒေသတွေကို ခရီးသွားရသူတွေမှာလည်း အဖြစ်များကြပါတယ်။

အပူကြောင့် သတိလစ်ပြီးနောက် နောက်ဆက်တွဲ ဘာတွေဖြစ်လာနိုင်လဲ….

ဒါကတော့ ခန္ဓာကိုယ်အပူချိန်မြင့်တာကို ဘယ်လောက်ကြာကြာ ခံစားရခဲ့လဲဆိုတဲ့အပေါ်မှာ မူတည်ပါတယ်။

အပြင်းထန်ဆုံးအနေနဲ့ကတော့ အသက်ရှင်ဖို့ အရေးကြီးတဲ့ ကိုယ်အင်္ဂါအစိတ်အပိုင်းတွေ ထိခိုက်တာမျိုး (Vital organ damage) ဖြစ်လာနိုင်ပါတယ်။

ခန္ဓာကိုယ်အပူချိန်မြင့်လာတာကို မြန်မြန်ပြန်ပြီး မလျှော့ချနိုင်ရင် ဦးနှောက် ဒါမှမဟုတ် အသက်ရှင်ဖို့ အရေးကြီးတဲ့ ကိုယ်အင်္ဂါအစိတ်အပိုင်းတွေ (Vital organ) ကို ရောင်ရမ်းစေပြီး ယာယီမဟုတ်တဲ့၊ ပြန်လည်ပြင်ဆင် ကုစားလို့မရတဲ့ထိခိုက်မှု (Permanent damage) တွေဖြစ်တဲ့….

– ရုတ်တရက် အဆုတ်ပျက်ဆီးခြင်းရောဂါစု (Acute respiratory distress syndrome)

– အသည်းပျက်ဆီးခြင်း (Liver failure)

– ကျောက်ကပ် ပျက်ဆီးခြင်း (Kidney failure)

– နှလုံးသွေးစီးဆင်းမှု လျော့နည်းခြင်း

– အာရုံကြောထိခိုက်ခြင်း စတာတွေကိုပါ ဖြစ်သွားစေနိုင်ပါတယ်။

** အဆိုးဆုံးအနေနဲ့ သင့်တော်ပြီး ထိရောက်တဲ့ကုသမှုကို မခံယူနိုင်ခဲ့ရင် အသက်ပါဆုံးရှုံးရနိုင်ပါတယ် **

🔹ဒီလိုဆို ဘယ်လို ကာကွယ်ကြမလဲ….

• အဝတ်အစားကို ပေါ့ပေါ့ပါးပါး မကျဉ်းမကျပ် ဝတ်ဆင်ပါ။ အလင်းပြန်တဲ့ အဖြူရောင် ဒါမှမဟုတ် အရောင်ဖျော့ဖျော့ ချည်ထည်လိုမျိုးကို ဝတ်ပါ။ အမည်းရောင်က အပူစုပ်တဲ့အတွက် မဝတ်သင့်ပါ။

• နေလောင်တာကို ကာကွယ်ပါ။ အပြင်သွားရင်၊ နေပူထဲသွားရင် အရိပ်ကောင်းကောင်းရနိုင်မယ့် ဦးထုပ် ဒါမှမဟုတ် ထီးကြီးကြီးကို ဆောင်းတာ၊ နေကာမျက်မှန်တပ်တာ၊ နေရောင်ခြည်ကို ၁၅ ဆ ကာကွယ်နိုင်တဲ့ (SPF 15 ပါဝင်တဲ့) နေလောင်ကာခရင်မ် (Sunscreen) လိမ်းတာမျိုးတွေ ပြုလုပ်သင့်ပါတယ်။ နေလောင်ကာခရင်မ် (Sunscreen) ကို သေချာပျံ့နေအောင် နှစ်နာရီခြားတစ်ခါ လိမ်းသင့်သလို ရေကူးတာ ဒါမှမဟုတ် ချွေးထွက်များတာဆိုရင်တော့ ဒီထက်ပိုပြီး မကြာမကြာ လိမ်းပေးရပါမယ်နော်။

• ရေနဲ့ ဓာတ်ဆားကို လုံလောက်အောင်သောက်ပါ။

• နေပူထဲက ပြန်လာပြီး ချက်ချင်းရေချိုးတာမျိုး မလုပ်သင့်ပါ။ မနက် ၁၀ နာရီမှ ညနေ ၅ နာရီအတွင်း အမိုးအကာမရှိတဲ့နေရာတွေမှာ ရေချိုးတာ၊ အဝတ်လျှော်တာမျိုးကို ရှောင်ကြဉ်ပါ။

• နေပူထဲ နေနေရာကနေ အေးတဲ့အခန်း၊ အေးတဲ့နေရာကို ရုတ်တရက် ဝင်လိုက်တာ၊ အေးနေတဲ့ အခန်းနဲ့ကားပေါ်ကနေ နေပူထဲကို ရုတ်တရက် ထွက်လိုက်တာမျိုးတွေကို ရှောင်ကြဉ်ပါ။

• ဆေးဝါးတွေကို သောက်သုံးတဲ့အခါမှာလည်း ဆရာဝန်နဲ့ သေချာပြသတိုင်ပင် ဆွေးနွေးပါ။

• ကားရပ်ထားခဲ့ရင် ဘယ်သူ့ကိုမှ ကားထဲမှာ မထားခဲ့ပါနဲ့။ အပူကြောင့် ကလေးငယ်တွေ အသက်သေဆုံးရတဲ့ထဲမှာ ဒီလိုမျိုး ကားထဲမှာထားခဲ့လို့ သေဆုံးရတာက အဖြစ်များလို့ပါ။ ကားကို နေပူထဲမှာ ရပ်ထားရင် ဆယ်မိနစ်‌အတွင်း ကားထဲကအပူချိန်ဟာ ၂၀ ဒီဂရီဖာရင်ဟိုက် (20°F) သို့မဟုတ် ၁၁ ဒီဂရီဆယ်လ်စီရက်စ်ကျော်ကျော် (11°C) မြင့်တက်လာနိုင်ပါတယ်။

• အပူဆုံးအချိန်တွေမှာ ဖြည်းဖြည်းပဲ လှုပ်ရှားပါ။ တကယ်လို့ ရာသီဥတုပူနေတဲ့အချိန်မှာ အလုပ်တွေကို ပြင်းပြင်းထန်ထန်လည်း လုပ်ရမယ်။ ရှောင်လို့လည်း မရနိုင်ဘူးဆိုရင် ရေနဲ့ဓာတ်ဆားများများ သောက်သင့်သလို အေးတဲ့နေရာ၊ အရိပ်ရတဲ့နေရာမှာ ခဏခဏ နားနားပေးပါ။ ဖြစ်နိုင်ရင်တော့ လေ့ကျင့်ခန်းလုပ်တာ၊ အလုပ်လုပ်ရတာတွေကို နေအေးတဲ့အချိန်ဖြစ်တဲ့ မနက်အစော ဒါမှမဟုတ် ညနေခင်းဘက်တွေမှာ ပြောင်းလုပ်သင့်ပါတယ်နော်။

• တကယ်လို့ ဖြစ်နိုင်ခြေများတဲ့သူ‌တွေဆိုရင်တော့ သတိထားပါ။ အရေးပေါ်ဆေးကုသမှုခံယူနိုင်မယ့်နည်းလမ်းတွေကို မှတ်သားပြင်ဆင်ထားပါ။ တအားငယ်တဲ့ကလေးတွေ၊ အသက် ၆၅ နှစ်ကျော်တဲ့သူတွေ၊ အားကစားသမားတွေ၊ နေပူထဲ အလုပ်လုပ်ရသူတွေ၊ နာတာရှည်ရောဂါခံစား‌ နေရသူတွေ၊ အဝလွန်သူတွေ၊ တချို့ဆေး‌တွေကို ပုံမှန်သောက်နေရသူတွေအနေနဲ့ ပိုသတိထားရမှာပါနော်။

အခု ပြောပြသွားတာလေးတွေကို သေချာဖတ်ရှုမှတ်သားပြီး ဆင်ဆင်ခြင်ခြင် နေသွားကြမယ်ဆိုရင်တော့ဖြင့် နွေဂိမှာန်ရဲ့ အပူဒဏ်ကို ကြံ့ကြံ့ခံတွန်းလှန်နိုင်ကြပါလိမ့်မယ်လို့ ပြောကြားရင်း နိဂုံးချုပ်လိုက်ပါရစေနော်….။

Dr Frodo

တယ်လီကျန်းမာ ဆရာဝန်တစ်ဦး

တယ်လီကျန်းမာအခမဲ့အွန်လိုင်းဆေးခန်း

ကျန်းမာရေးဝန်ကြီးဌာန

အမျိုးသားညီညွတ်ရေးအစိုးရ

References : 📚

https://my.clevelandclinic.org/health/diseases/21812-heatstroke

https://my.clevelandclinic.org/health/diseases/16425-heatillness

https://www.mayoclinic.org/diseases-conditions/heat-stroke/symptoms-causes/syc-20353581

https://moh.nugmyanmar.org/my/heat-stroke/

Published on: April 19, 2024

Last updated: April 19,2024