—-|| ဆရာဝန်တွေ ဘယ်လိုအလုပ်လုပ်ကြသလဲ ||—- (April 2024)

၉၆ ပါး မကသောရောဂါတွေကို ဆရာဝန်တွေ ဘယ်လို ရောဂါနာမည်တပ်ကြသလဲ၊ နာမကျန်းမှုကို သက်သာအောင် ဘယ်လိုမျိုး ဆေးတွေပေးကြသလဲဆိုတာ တွေးကြည့်ဖူးကြပါသလား

ဖျားတယ်၊ ဟိုနားလေးကအောင့်တယ် ၊ ခေါင်းကိုက်တယ်၊ ခါးနာတယ် အစရှိတဲ့ များပြားလှတဲ့ ရောဂါ လက္ခဏာတွေထဲက တစ်ခုခုနဲ့ လူနာတစ်ယောက် ဆေးခန်းရောက်လာပြီဆိုပါစို့… ပထမဆုံးအနေနဲ့ ဆရာဝန်တစ်ယောက်ဟာ လူနာရဲ့ ရောဂါလက္ခဏာ အပြည့်အစုံကို မေးရပါတယ်။

အကြမ်းဖျင်းအားဖြင့်…

• လူနာ ဆေးခန်းလာရတဲ့ အကြောင်းအရင်း (presenting complaint)

• လူနာရဲ့ရောဂါလက္ခဏာ ဘယ်လိုစဖြစ်လဲ၊ ဘယ်အချိန်မှာ ဖြစ်သလဲ၊ ဘယ်လိုနေရင် သက်သာလဲ၊ ဘယ်အချိန်မှာ ပိုဆိုးသလဲ၊ သူနဲ့ဆက်စပ်နေတဲ့ လက္ခဏာတွေရှိလား၊ ဖြစ်နိုင်တဲ့ရောဂါတွေနဲ့ ဆက်စပ်နေတဲ့ ရောဂါလက္ခဏာတွေ (history of presenting complaints)

ဥပမာ – လူနာ တစ်ယောက်က ဗိုက်နာတယ်ဆိုပြီး ဆေးခန်းလာတယ်ဆိုရင် ဆရာဝန်အနေနဲ့ ဗိုက်ရဲ့ဘယ်နားက နာတာလဲ၊ တောက်လျှောက် နာနေတာလား၊ ဘယ်လိုအချိန်မျိုးမှာ နာတာလဲ၊ ဘာလုပ်လိုက်ရင် သက်သာသွားပြီး ဘာလုပ်လိုက်ရင် ပိုဆိုးလာလဲ၊ တခြားလက္ခဏာတွေဖြစ်တဲ့ အန်တာရှိလား၊ ဝမ်းသွားလား၊ ဖျားလား စတဲ့လက္ခဏာတွေကို မေးရပါတယ်။ ဘာလို့မေးရတာလဲဆိုရင် ရင်ခေါင်းဝမှာ နာနေပြီဆိုရင် ရင်ခေါင်းဝမှာရှိတဲ့ အစာအိမ်၊ သရက်ရွက်၊ အူ၊ သည်းခြေအိတ်တို့မှာ ပြဿနာရှိတာ ဖြစ်နိုင်ပါတယ်။ ရောဂါအတိအကျကို စမ်းသပ်စစ်ဆေးခြင်း၊ အာထရာဆောင်း ဓာတ်မှန်ရိုက်ခြင်းတို့ဖြင့် သေချာအောင် အတည်ပြုနိုင်မှာ ဖြစ်ပေမယ့်လည်း ရောဂါရာဇဝင်ကနေပြီး အကြမ်းဖျင်း ဘာရောဂါဖြစ်နေတယ်ဆိုတာ ခန့်မှန်းနိုင်ပါတယ်။

• ထို့နောက် လူနာရဲ့ အရင်တုန်းကဖြစ်ဖူးတဲ့ ရောဂါတွေအကြောင်း မေးရပါတယ်။ အရင်က ခွဲစိတ်ဖူးလား၊ ဆေးရုံတက်ဖူးလား၊ ဒီလို အလားတူဖြစ်ဖူးလား၊ တခြား သွေးတိုး၊ ဆီးချို၊ နှလုံး နာတာရှည်ရောဂါတွေ ဖြစ်နေသလား။

ဘာလို့ ဒါတွေ မေးဖို့လိုတာလဲဆိုတော့ ဖြစ်ဖူးတဲ့ ရောဂါ၊ နာတာရှည်ရောဂါတွေပေါ်မှာ မူတည်ပြီး ရောဂါကုသပုံ ကုသနည်း ပြောင်းလဲသွားနိုင်လို့ပါ။ ဥပမာ – ကျန်းမာတဲ့လူတစ်ယောက်ရဲ့ တုပ်ကွေးကို ကုသတာနဲ့ နာတာရှည်ရောဂါသည်ရဲ့ တုပ်ကွေးကို ကုသတာ မတူနိုင်ပါဘူး။

• ပြီးရင် လူနာတစ်ယောက်ရဲ့ လိုအပ်တဲ့ အကြောင်းအရာတွေကို အကြမ်းဖျင်းသိအောင် မေးရပါတယ်။ အိမ်ထောင်ရှိလား မရှိဘူးလား၊ ဘာအလုပ်လုပ်လဲ၊ အရက်၊ ဆေးလိပ်၊ ကွမ်း သောက်သုံးနေတာ မျိုးရှိလား၊ ဘယ်မှာနေလဲ စသဖြင့်ပေါ့။ ဒီအကြောင်းအရာတွေကို ဘာလို့ သိဖို့လိုတာလဲဆိုရင် လိင်မှတစ်ဆင့်ကူးစက်တတ်တဲ့ ရောဂါတွေကို ကုသတဲ့အခါ အိမ်ထောင်ဖက်ကိုပါ ဆေးတိုက်ဖို့လိုတာမျိုး၊ တချို့သော အလုပ်ကြောင့်ဖြစ်တဲ့ရောဂါတွေ (ဥပမာ – မိုင်းတွင်းထဲမှာ အကြာကြီး အလုပ်လုပ်နေတဲ့သူဆို အဆုတ်ရောဂါ ဖြစ်တာမျိုး) ၊ ဆေးလိပ်၊ အရက် လုံးဝ မသောက်မှ ဖြစ်တဲ့ ရောဂါမျိုးတွေ အစရှိတဲ့ ဖြစ်နေတဲ့ရောဂါလက္ခဏာပေါ်မူတည်ပြီး လိုအပ်တာကို မေးရပါတယ်။

• ရောဂါကုသရာမှာ မိသားစုရာဇဝင်ကလည်း အရေးကြီးလှပါတယ်။ ကင်ဆာမျိုးရိုး၊ ပန်းနာရင်ကျပ်မျိုးရိုး အစရှိတဲ့ မိသားစုရာဇဝင်ကလည်း ဆေးကုသရာမှာ လိုအပ်ပါတယ်။ (ဥပမာ- ပန်းနာရင်ကျပ် မျိုးရိုးရှိရင် Beta blocker လိုမျိုး ဆေးပေးရင် အသက်ရှူကျပ်တတ်လို့ သတိထားပြီးပေးဖို့ လိုအပ်တာကြောင့်ပါ)

• ပြီးတော့ သောက်သုံးနေတဲ့ဆေးဝါးတွေကိုလည်း သိဖို့လိုပါတယ်။ ဥပမာ- အကိုက်အခဲပျောက်ဆေးကြောင့် အစာအိမ်နာနေတဲ့သူကို အကိုက်အခဲပျောက်ဆေး ရပ်ခိုင်းဖို့လိုပြီး ဆေးအချင်းချင်း ဓာတ်ပြုနိုင်မှုကြောင့် တချို့ဆေးတွေကို တွဲမသောက်ခိုင်းဖို့ လိုအပ်တာမျိုးကြောင့် ဖြစ်ပါတယ်။

ဒီလိုရောဂါရာဇဝင်မေးပြီးနောက်မှာ ဆရာဝန် – လူနာ ဆက်ဆံရေးကောင်းခဲ့ရင် တချို့သောရောဂါတွေကို မှန်းဆနိုင်တယ်လို့ စာတွေမှာ ရေးကြပါတယ်။ ဒါကြောင့် ဆရာဝန်ဘက်ကလည်း လူနာ သိချင်တာ၊ စိုးရိမ်တာ၊ မေးဖို့လိုအပ်တာ မေးရန်လိုသလို လူနာ ဘက်ကလည်း အပြည့်အစုံပြောဖို့ လိုအပ်ပါတယ်။ တချို့သော လူနာတွေ ပြောလေ့ရှိတတ်တာ တစ်ခုရှိပါတယ်။ ဆရာဝန်ကို ကြောက်လို့၊ တခြားဆရာဝန်နဲ့ပြထားတာ ပြောရမှာအားနာလို့၊ ဆရာ မခိုင်းဘဲနဲ့ လုပ်မိလို့ မပြောတာဆိုပြီး ပြောလေ့ရှိပါတယ်။ လူနာရဲ့ အကြောင်းကို လူနာသာလျှင် အသိဆုံးမို့ ထိန်ချန်ထားတဲ့အခါ ကုသမှုလွဲတာ၊ မထိရောက်တာမျိုးတွေ ဖြစ်လာနိုင်ပါတယ်။ အရင်ဖြစ်ဖူးတာတွေ၊ ကိုယ့်ရဲ့ စိုးရိမ်မှုတွေ ပြောပြခြင်းသည် တချို့နေရာတွေမှာ ဆရာဝန်တွေရဲ့အလုပ်ကို ချောမွေ့စေပါတယ်။ ဒါကြောင့် ကိုယ်ဖြစ်တဲ့လက္ခဏာအကြောင်း၊ ကိုယ်သိချင်တာ၊ စိုးရိမ်တာကို ဆရာဝန်က မမေးရင်လည်း ပြောပြပါ။

ဆရာဝန်ဆိုတာကလည်း လူပါပဲ။ ဆေးကျောင်းကို ၇ နှစ်တက်ထားလို့ လူ့ခန္ဓာကိုယ်အကြောင်း သူများထက်ပိုသိထားတာကလွဲရင် သူလိုကိုယ်လိုလူပါပဲ။ ကြောက်စရာလန့်စရာ မလိုအပ်ပါဘူး။ စက္ခုဉာဏ်မရထားတဲ့ အတွက်ကြောင့် ရောဂါလက္ခဏာတစ်ခုတည်း ပြောပြရုံနဲ့ ဆေးမကုနိုင်ပါဘူး။

ဆေးကုသတာ ဖြစ်တဲ့အတွက်ကြောင့် ကိုယ်မေးတာ၊ သိချင်တာကို ဖြေပေးဖို့လည်း ဆရာဝန်တစ်ယောက်မှာ တာဝန်ရှိပါတယ်။ အဲလိုပဲ ဆရာဝန်ကို ကိုယ့်ရောဂါ အကြောင်းမေးဖို့၊ ဘာဆက်လုပ်မယ်၊ ဘာဆက်ဖြစ်မယ်ဆိုတာကို မေးဖို့က လူနာမှာလည်း တာဝန်ရှိပါတယ်။

အဲဒီလို ရောဂါရာဇဝင်အကြောင်း မေးပြီးတဲ့အခါမှာ ရောဂါလက္ခဏာပေါ်လိုက်ပြီး စမ်းသပ်ရပါတယ်။ ဗိုက်နာတဲ့အခါ ဗိုက်ကိုစမ်းဖို့လိုအပ်သလို အနာဖြစ်တဲ့ အခါ အနာကိုကြည့်ဖို့ လိုပါတယ်။ ဥပမာ – လူနာတစ်ယောက်က ပေါင်ခြံမှာအနာပေါက်တာ လာပြတယ်ဆိုရင် ဆရာဝန်တစ်ယောက်အနေနဲ့ အနာကို ရောဂါရာဇဝင်မေးခြင်းဖြင့် မှန်းဆလို့သာရမယ်။ ဘာရောဂါလဲ သေချာမသိနိုင်ပါဘူး။ အနာကို ကြည့်ကိုကြည့်မှ ရပါမယ်။ အနာကို မမြင်ရတဲ့အခါ မှိုကြောင့်ဖြစ်တာလား၊ ဘတ်တီးရီးယားကြောင့်ဖြစ်တာလား၊ နှင်းခူလား၊ ဝဲပေါက်တာလားဆိုတာ ကြည့်ပြီးမှ ခွဲလို့ရပါတယ်။ တချို့သောအနာတွေဆိုရင် ဖြစ်သမျှနေရာတိုင်းကို ကြည့်ဖို့လိုအပ်သလို၊ တချို့ဆို ကြည့်ရုံနဲ့ မလုံလောက်လို့ ဓာတ်ခွဲစစ်ဆေးရတာမျိုးပါ ရှိနိုင်ပါတယ်။ စမ်းသပ်စစ်ဆေးခြင်းဆိုတာလည်း ကုသမှုမှာ အခရာပါ။ ဥပမာ- ဝက်ခြံပေါက်တာဆိုရင်တောင် ဝက်ခြံပေါက်တဲ့နေရာ၊ ပေါက်တဲ့ပုံစံ၊ အနာအခြေအနေပေါ်လိုက်ပြီး တချို့ကို ဆေးသောက်ခိုင်းတယ်။ တစ်ချို့ကို ဆေးလိမ်းခိုင်းတယ်။ ဆေးလိမ်းတာမှ မှိုသတ်ဆေး၊ ဘတ်တီးရီးယားပိုးသတ်ဆေး အစရှိသဖြင့် မတူညီတဲ့ကုသမှုတွေ ပေးရပါတယ်။

ဒါကြောင့် တယ်လီကျန်းမာက ဆရာတွေက တစ်ချို့သောရောဂါတွေကို ဓာတ်ပုံတောင်းတဲ့အခါ သေချာလေးပို့ပေးဖို့ မေတ္တာရပ်ခံချင်ပါတယ်နော်။

လူနာ ရာဇဝင်မေးပြီးပြီ၊ စမ်းသပ်ပြီးပြီဆိုတာနဲ့ ပြီးပြီလားဆိုတော့ တချို့သောရောဂါတွေက ဆီး၊ ဝမ်း၊ သွေး အစရှိတဲ့ ဓာတ်ခွဲစစ်ဆေးမှုတွေ လိုအပ်နိုင်ပါတယ်။ များသောအားဖြင့် တတ်နိုင်သလောက် ဓာတ်ခွဲစစ်ဆေးမှုတွေ မလုပ်ခိုင်းပေမယ့် အသက်အန္တရာယ်ရှိတဲ့ရောဂါ မဟုတ်ကြောင်း အတည်ပြုဖို့ လိုအပ်တဲ့ အခါ၊ ဓာတ်ခွဲစစ်ဆေးမှ ရောဂါအခြေအနေကို သေချာသိနိုင်မယ့့်အခါ၊ နာတာရှည်ရောဂါလို ဖြစ်လာတဲ့အခါမှာ ဆရာဝန်က စစ်ဆေးဖို့ တောင်းဆိုလာနိုင်ပါတယ်။ အဲဒီအခါမှာ ဖြစ်လေ့ရှိတာက အခက်အခဲရှိလို့ဖြစ်စေ၊ ငွေရေးကြေးရေးကြောင့်ဖြစ်စေ လူနာက မစစ်ဆေးနိုင်တဲ့အခါမှာ ဆေးမြီးတိုနဲ့ ကုသတာမျိုး၊ ဆေးခန်းပြန်မသွားတာမျိုးတွေ ပြုလုပ်တတ်ကြပါတယ်။ အဲအခါမှာ ရောဂါမသက်သာတဲ့အပြင် ပိုဆိုးလာတာ၊ နောက်ဆက်တွဲတွေ ခံစားရတာမျိုးတွေ ရှိလာနိုင်ပါတယ်။ ကျွန်တော် ဒီနေရာမှာ အကြံပေးချင်တာက ဆေးဝယ်ဖို့ ဓာတ်ခွဲစစ်ဆေးဖို့ အခက်အခဲ တစ်စုံတစ်ရာရှိရင် သက်ဆိုင်ရာဆရာဝန်ကို ပြောပြပါ။ အကြံဉာဏ်တောင်းပါ။ ပွင့်ပွင့်လင်းလင်း ပြောပြတဲ့ အခါ ရောဂါအကြောင်းသိတဲ့ ဆရာဝန်က အခက်အခဲကို ဖြေရှင်းပေးနိုင်သလို မဖြေရှင်းပေးနိုင်ရင်တောင် ကူညီပေးနိုင်တဲ့ နည်းလမ်းတွေ ကူစဉ်းစားပေးနိုင်ပါတယ်။ ဥပမာ – ခွဲဖို့ အခက်အခဲရှိရင် ပရဟိတဆေးရုံညွှန်ပေးနိုင်တာမျိုး၊ ဓာတ်ခွဲစစ်ဆေးတာကို အင်မတန်လိုအပ်တာပဲ စစ်ဆေးပေးတာမျိုးတွေ လုပ်ပေးလို့ရနိုင်ပါတယ်။

ဆရာဝန်က ဖြစ်နိုင်တဲ့ရောဂါကို မှန်းဆပြီးတဲ့အခါ အတည်ပြုပြီးတဲ့အခါ သောက်ဆေး၊ လိမ်းဆေး၊ထိုးဆေး အစရှိတဲ့ သက်ဆိုင်ရာကုသမှု ပေးပါတယ်။ အဲဒီအခါ တချို့သောရောဂါတွေက ချက်ချင်း ပျောက်ကင်းအောင် ဆေးပေးနိုင်ပေမယ့် တချို့သော ရောဂါတွေက ရက်ချိန်းပြန်ခေါ်ဖို့ လိုအပ်ပါတယ်။ ဥပမာ- ဆီးချိုရောဂါသည်တွေ မှာ ဆေးပေးရင် လိုအပ်တဲ့ သွေးတွင်းအချိုဓာတ်ပမာဏကို ထိန်းထားနိုင်သည်အထိ ဆေးညှိဖို့ လို့အပ်ပါတယ်။ ဒါကြောင့် ဆီးချိုဆေး ပေးတယ်၊ ဆေးပေးပြီး ဆီးချိုဖောက်ခိုင်းပြီး ပြန်ပြန်ကြည့်ရခြင်း ဖြစ်ပါတယ်။ ဒီလိုမျိုးပဲ ပွေး ဆိုတဲ့ အရေပြားရောဂါ ကုသတဲ့အခါမှာလည်း တချို့က တစ်လ တစ်လခွဲ၊ တချို့က ဒီထက်ပိုပြီး ဆေးလိမ်းဖို့လိုအပ်တာ၊ ရက်ချိန်းပြန်ခေါ်ရင်း သောက်ဆေးထည့်တာ လိမ်းဆေးပြောင်းတာ ဒါတွေလုပ်ဖို့ လိုအပ်ပါတယ်။ လူနာက မပျောက်ကင်းတဲ့အခါ ဆေးခန်းပြန်မသွားဘဲ ကိုယ့်ဘာသာ ဆေးလိမ်းတာမျိုးနဲ့ တခြားဆေးခန်းပြောင်းပြတဲ့အခါ အချိန်တစ်လနဲ့ ပျောက်မယ့်ရောဂါ ကြာရှည်နေတာမျိုး ဖြစ်နိုင်ပါတယ်။ ဒါကြောင့် ကုသမှုပေးတဲ့ဆရာဝန်ကို ယုံကြည်ဖို့၊ မိမိရောဂါအကြောင်း နားလည်ဖို့ တကယ်အရေးကြီးတာပါ။

အထက်ပါအချက်တွေကို ကြည့်မယ်ဆိုရင် ရောဂါ တစ်ခု အောင်အောင်မြင်မြင် ကုသနိုင်ဖို့ ဆရာဝန်ရဲ့ အသိပညာ အတတ်ပညာ အရေးကြီးသလို လူနာရဲ့ ပူးပေါင်းပါဝင်မှုကလည်း တကယ်လိုအပ်တာပါ။ ရောဂါရာဇဝင်၊ ကိုယ်ဘယ်လိုခံစားရလဲ၊ ကိုယ့်ဆီမှာ ဘယ်လိုလက္ခဏာတွေ ဖြစ်နေလဲ၊ ကိုယ့်နေထိုင်မှုပုံစံ ဒီလိုအရာတွေက လူနာကိုယ်တိုင်သာလျှင် အသိဆုံးပါ။ တခြား မိသားစု၊ ချစ်ခင်ရတဲ့သူတွေအနေနဲ့ ပြောပြလို့ သိနိုင်ပေမယ့် လူနာလောက် ကိုယ့်အခြေအနေအကြောင်း ဘယ်သူမှ မသိနိုင်ပါဘူး။ ဒါကြောင့်လည်း ဆေးခန်းပြတဲ့အခါ လူနာကိုယ်တိုင်ပြသဖို့ လိုအပ်ရခြင်းပါ။ ဆရာဝန်ဘက်ကလည်း doctor-patient confidentility လို့ခေါ်တဲ့ လူနာရဲ့လုံခြုံရေး၊ အတွင်းရေးကို ထိန်းသိမ်းဖို့လိုတာမို့ လူနာရဲ့ ရောဂါအခြေအနေအကြောင်းကို လူနာနဲ့ သူ့အုပ်ထိန်းသူက လွဲရင် ပြောပြလို့မရတဲ့ စည်းကမ်းရှိပါတယ်။ လူနာက တောင်းဆိုရင် အုပ်ထိန်းသူကိုတောင် ပြောပြလို့မရတဲ့ စည်းကမ်းပါ။ ဒါကြောင့် ကူညီရိုင်းပင်းတဲ့ မြန်မာလူမျိုးတွေကို နားလည်ပေးနိုင်ပေမယ့် ဆေးခန်းကို လူနာအစားပြပေးတာမျိုးကို မလုပ်စေချင်ပါဘူး။ ရောဂါအတိမ်အနက်ကို လူနာပြောပြတာကို နားမထောင်ရတဲ့အခါ ပိုတဲ့/လျော့တဲ့ ကုသမှုမျိုးတွေက လူနာကို အသက်အန္တရာယ်ရှိနိုင်လို့ပါ။

ဒီလောက်ဆိုရင် ဆရာဝန်တွေ ရောဂါကို ဘယ်လိုကုသကြသလဲ အကြမ်းဖျင်းခန့်မှန်းမိပြီလို့ ယူဆပါတယ်။

ရောဂါအမြန်ပျောက်ကင်းစေဖို့ ဆရာဝန်နဲ့ လူနာ ဆက်ဆံရေးကောင်းမွန်စေဖို့ ရည်ရွယ်ပြီး ရေးလိုက်ရခြင်း ဖြစ်ပါတယ်။ ကျန်းမာချမ်းသာကြပါစေနော်…။

Reference : 📖

Oxford Handbook of Clinical Medicine

Dr.Latte

တယ်လီကျန်းမာ အခမဲ့အွန်လိုင်းဆေးခန်း

ကျန်းမာရေးဝန်ကြီးဌာန

အမျိုးသားညီညွတ်ရေးအစိုးရ

Published on: April 7, 2024

Last updated: April 7, 2024