International Lead Poisoning Prevention Week 2022 (23-29 October 2022)

အပြည်ပြည်ဆိုင်ရာ ခဲဆိပ်သင့်မှုအန္တရာယ် ကာကွယ်ရေး ရက်သတ္တပတ်၊ ၂၀၂၂ ခုနှစ်

International Lead Poisoning Prevention Week 2022 (23-29 October 2022)

“ခဲဆိပ်သင့်မှု အန္တရာယ် မရှိစေရ”
“Say no to lead poisoning”

ဒဿမ အကြိမ်မြောက် အပြည်ပြည်ဆိုင်ရာ ခဲဆိပ်သင့်မှု အန္တရာယ် ကာကွယ်ရေး ရက်သတ္တပတ်အဖြစ် အောက်တိုဘာလ ၂၃ ရက်နေ့မှ ၂၉ ရက်နေ့အထိ သတ်မှတ်ထားပါသည်။

ယခု ၂၀၂၂ ခုနှစ်အတွက် အစိုးရအဖွဲ့အစည်းများ၊ ပြည်သူအခြေပြု အရပ်ဖွဲ့ လူမှုအဖွဲ့အစည်းများ၊ ကျန်းမာရေး မိတ်ဖက်အဖွဲ့အစည်းများ၊ စက်ရုံများနှင့် အခြားသက်ဆိုင်ရာ အဖွဲ့အစည်းများအား ခဲဆိပ်သင့်မှုအန္တရာယ်၏ ဆိုးရွားသော ဘေးထွက်ဆိုးကျိုးများနှင့် ကာကွယ်ရေးလုပ်ငန်းစဉ်များ လိုအပ်နေမှုများကို အသိပေးနိုင်စေရန် ရည်ရွယ်၍ “ခဲဆိပ်သင့်မှု အန္တရာယ် မရှိစေရ” ဟူသော ဆောင်ပုဒ်ဖြင့် သတိပေး လှုံ့ဆော်ထားပါသည်။ ဤလှုံ့ဆော်မှုသည် ဓာတ်ဆီထုတ်လုပ်ရာတွင် ခဲ အသုံးပြုမှုကို ဥပဒေအရ အောင်မြင်စွာ တားမြစ်နိုင်ခဲ့ခြင်းနှင့် အိမ်သုတ်ဆေးများတွင် ခဲဓာတ်ပါဝင်နေခြင်းကို လျှော့ချနိုင်ရန်အတွက် နိုင်ငံအများစုတွင် ဥပဒေပြု တားမြစ်နိုင်မှုများကို အခြေခံ၍ ပိုမိုအောင်မြင်မှုရရှိအောင် ဆက်လက် အကောင်အထည်ဖော် ဆောင်ရွက်သွားကြရန် ရည်ရွယ်ပါသည်။ (အိမ်သုတ်ဆေးများတွင် ခဲဓာတ်ပါဝင်နေခြင်းကြောင့် အထူးအားဖြင့် ကလေးများအတွက် အန္တရာယ်ဖြစ်စေနိုင်ပါသည်။)

🎨 ခဲဆိပ်အန္တရာယ်ကို သတိပြုပါ။

ခဲဓာတ်သည် ခန္တာကိုယ်ထဲတွင် တဖြည်းဖြည်း စုလာခြင်းဖြင့် ကိုယ်တွင်းအင်္ဂါများစွာတို့ကို ထိခိုက်စေနိုင်သည့် အဆိပ်အတောက် ဖြစ်ပါသည်။ အထူးသဖြင့် ကလေးငယ်များကို ပို၍ အန္တရာယ်ဖြစ်စေပါသည်။ ခဲဆိပ်ကို ထိတွေ့ရာတွင် အန္တရာယ် မဖြစ်နိုင်သော ပမာဏအဖြစ် သတ်မှတ်ထားနိုင်ခြင်း မရှိပါ။ ထို့ကြောင့် ခဲဆိပ်သင့်မှု အန္တရာယ် (အထူးအားဖြင့် အိမ်သုတ်ဆေးများတွင် ခဲဓာတ် ပါဝင်နေခြင်းကြောင့် ခဲဆိပ်သင့်ခြင်း) နှင့် ၎င်း၏ နောက်ဆက်တွဲ ဆိုးကျိုးများအကြောင်း သတိပြုကြရန် လိုအပ်ပါသည်။

🎨 ကာကွယ်ရေး လုပ်ငန်းစဉ်များတွင် ပါဝင်ပါ။

ခဲဆိပ်သင့်မှု အန္တရာယ် (အထူးသဖြင့် ကလေးငယ်များအတွက် ခဲဆိပ်သင့်မှု အန္တရာယ်) ကို ကာကွယ်နိုင်ရန်အတွက် ကမ္ဘာလုံးဆိုင်ရာ ကာကွယ်ရေးလုပ်ငန်းစဉ်များတွင် ပူးပေါင်းဆောင်ရွက်ကြရန် လိုအပ်ပါသည်။ ခဲဆိပ်သင့်မှု ဖြစ်စေသော အကြောင်းအရင်းများ၊ ခဲဓာတ်နှင့် ထိတွေ့မိနိုင်သော အခြေအနေများကို သတိပြုမိနိုင်ရန်နှင့် ရှောင်ရှားနိုင်ရန်အတွက် ကာကွယ်ရေး လုပ်ငန်းစဉ်များကို အကောင်အထည်ဖော် ဆောင်ရွက်ကြရမည်။

🎨 ခဲဓာတ်ပါဝင်သော အိမ်သုတ်ဆေးများကို အပြီးတိုင် ဖယ်ရှားပါ။

ခဲဓာတ်ပါဝင်နေသော အိမ်သုတ်ဆေးများကို အရေးယူနိုင်ရန် ဥပဒေပြဌာန်းချက်များ အကောင်အထည်ဖော် ဆောင်ရွက်နိုင်ရေးနှင့် ထိုဥပဒေများ အသက်ဝင်မှု ရှိလာနိုင်ရေးအတွက် ကမ္ဘာ့နိုင်ငံများ အားလုံး၏ အစိုးရအဖွဲ့အစည်းများနှင့် သက်ဆိုင်ရာ ပတ်သက်ဆက်နွယ်သူများ အားလုံးတို့က ပူးပေါင်းလုပ်ဆောင်ကြရပါမည်။

Source:
https://www.who.int/campaigns/international-lead-poisoning-prevention-week/2022

ကျန်းမာရေးဝန်ကြီးဌာန၊

အမျိုးသားညီညွတ်ရေးအစိုးရ

 ထုတ်ဝေသည့်နေ့စွဲ -- ၂၂ အောက်တိုဘာ ၂၀၂၂
နောက်ဆုံးမွမ်းမံသည့်နေ့စွဲ --- ၂၂ အောက်တိုဘာ ၂၀၂၂