ကိုဘိုကေနဲ့ မက်စင်ဂျာမှာ ဘိုကင်တင်
=============================
“အောင်ပါစေ စီးပွားရေးနဲ့ ကြီးပွားရေးနဲ့ သမီးရည်းစားအရေးလည်း အောင်ပါစေ”
အားသွင်းထားသော ကိုဘိုကေဖုန်းထံမှ Ringtone မြည်လာ…
ဖုန်းအားသွင်းကြိုးမှ ဖုန်းဖြုတ်ကာ
“ကြားသားမိုးကြိုး…..သူငယ်ချင်းပိုက်ပိုက်….. စောစောစီးစီး”
ကိုဘိုကေ ပြောလည်းပြော ဖုန်းကိုတွန်းဖွင့်ရင်း…..
“အေး သယ်ရင်း ပြော ဘာကိစ္စ”
တဖက်မှ
“ကေကြီးရေ ဟိုတရက်က မင်းမြို့ထဲထွက်လာတာ မင်းပြန်မှ ငါရောက်လာတာမို့လို့ ငါနဲ့မင်း လွဲသွားတာ။ မင်း စန်းဦးသမီးလေး သွေးလွန်တုပ်ကွေးပြပေးလိုက်တဲ့ ကျန်းမာရေးပေ့နာမည်က ဘာ….။ သူတို့ ပြောတော့ပြောတယ်။ ဘာကျန်းမာ”
“တယ်လီကျန်းမာပါကွ။ မင်းက ဘာဖြစ်လို့တုန်း”
“အေး အေး တယ်လီကျန်းမာ။ ငါ ခါးမျက်ချင်သလိုလို ဖြစ်နေလို့ဟ”
“ဟာ ဟေ့ရောင် ခါးတို့ ဘာတို့က လျှောက်နှိပ်တာတွေ ဘာတွေမလုပ်နဲ့ ကြီးမှ ဒုက္ခိတ ဖြစ်သွားမယ်”။
“ဖွီး မင်း ပြောလိုက်မှ၊ အေးပါ မနှိပ်ပါဘူး။ မင်းပြောတဲ့ အခမဲ့ အွန်လိုင်းဆေးခန်းက ဒီနေ့ပြောထားပြီး နောက်ရက်မှ ပြရတာလား။ အဲဒါဆို ခါးနာနေပါတယ်ဆိုမှ တရက်စောင့်နေရမှာစိုးလို့ ငါ့ကောင်ရေ”
“နိုး နိုး မဟုတ်ပါဘူးဟ။ ကြိုတင်ဘိုကင်ယူရပေမယ့် တစ်ရက်ကြီးတော့ စောင့်စရာမလိုလောက်ပါဘူး။ နောက်ပြီး လူနာအရေးကြီးရင် ကြီးသလို ချက်ချင်းကြည့်ပေးနိုင်ဖို့ စီစဥ်ထားသေးတယ်တဲ့ဟ ”
“မင်းပြောတာလွယ်တာ..ငါက ခါးနာတာနော် ဟေ့ယောင်…မင်းပြောတဲ့ဟာက အခြားရောဂါတွေပြသမှဆို ဘယ်နှယ့်လုပ်မလဲဟ ကေကြီးရ…”
“မဟုတ်ပါဘူးဆိုကွာ….သာမန် နှာစေးချောင်းဆိုးကအစ ရောဂါကြီးကြီးမားမားတွေထိ အခမဲ့ တိုင်ပင်ဆွေးနွေး ကုသလို့ရ ပါတယ်.. မက်စင်ဂျာမှာ ဘိုကင်တင်…ပြီးရင် လူနာအမှတ်ရယ် ပြသရမယ့်အချိန်ရယ် ပြရမယ့်ဆေးခန်းရဲ့ တယ်လီဂရမ် လင့်လေး အဲ့ဘက်က ပြန်ပေးလိမ့်မယ်….မင်းပြရမယ့် အချိန်ရောက်ရင် ဟိုင်း ပြီး ကျနော်ရောက်ပါပြီလို့ ပြောလိုက်ရုံပဲ..”
“ဟုတ်လား မိုက်သားနော် ဘာမှမခက်ဘူးဟ”
“အေး မိုက်တယ်ဟ.. ဆရာ၀န်တွေက လူနာတယောက်ကို ၁၅ မိနစ်တချိန်စာ လက်ခံဆွေးနွေးပေးပြီး လိုအပ်လာရင် လူနာတွေကို အထူးကုဆရာ၀န်ကြီးတွေဆီ ဆက်လွှဲပေးမှာဆိုတော့”
“အထူးကု ဆရာ၀န်ကြီးတွေနဲ့ပါ ပြရမှာဆိုတော့ ပိုက်ဆံတွေ ဘာတွေ”
“အားလုံး…တိုင်ပင်ဆွေးနွေးတာကအစ ကုသတာတွေထိ အခမဲ့ ဖရီး ဟုတ်ပြီလား..အေးနော် မင်းပြောထားရမယ်.. ဆရာ၀န်ကြီးတွေ ဆရာ၀န်တွေက အခမဲ့ကုသပေးတယ် ဆိုပေမယ့် မင်းအချိန်မှန်မှတော့ ရလိမ့်မယ်..အဲလိုမဟုတ်ဘဲ ကိုယ့်အချိန်ကျော်သွားရင် နောက်ပြန်စောင့်ရမယ်..အဲဒါတော့ မမေ့နဲ့”
“အေးပါ အေးပါ သယ်ရင်းရ…ငါလုပ်တတ်ပါတယ်ကွ…ငါ ခု မင်းနဲ့ဖုန်းပြောပြီးတာနဲ့ လိုင်းဖွင့်လုပ်လိုက်မယ်လေ။ မင်း မြို့ထဲထွက်ရင် ငါ့ ဖုန်းကြိုဆက်ဦး။ ခါးနာပျောက်ရင် ထွက်ခဲ့မလို့”
“အဲဒီကိစ္စကလည်း ချက်ချင်းတော့ မရဘူး။ ဘိုကင်ယူရတယ်ဟ ဟားဟား ဒါပဲ ဒါပဲ”
မဒါပဲလည်း…..မရ။ နောက်မှာ မဒမ်ကေ…ရောက်လာမှန်း ကိုဘိုကေ အလိုလို သိလိုက်တယ်လေ။
The End
ကျန်းမာရေးဝန်ကြီးဌာန၊
အမျိုးသားညီညွတ်ရေးအစိုးရ

ထုတ်ဝေသည့်နေ့စွဲ -- ၉ ဩဂုတ် ၂၀၂၂
နောက်ဆုံးမွမ်းမံသည့်နေ့စွဲ --- ၉ ဩဂုတ် ၂၀၂၂