Ko Bo K ( Part- 6)

” ကိုဘိုကေနဲ့….မတက်တာဆိုလို့ စိတ်ဓာတ်ပဲရှိတယ် “

မဒမ်ကေ့ရုံးဖယ်ရီ အမီလိုက်ပို့။ ပြီးရင်မှတ်တိုင်ဘေးမှာ ကိုဘိုကေ တီးဝင်ဆွဲ။ ဘော်ဒါဘာညာနဲ့ တွေ့ရင် တိုးတိုးတိတ်တိတ် သတင်းအကြောင်းပြော။ စားဝတ်နေရေးကုန်ဈေးနှုန်း ဘာညာပွားပြီး အိမ်ပြန်။

ဖယ်ရီက မီမှ။

ခု ရန်ကုန်မှာ လိုင်းကားခတွေက တောင်းချင်သလိုတောင်း မောင်းချင်သလို မောင်းနေကြတာ……

ညနေ ၅ နာရီကျော်တာနဲ့ အောက်ဆိုက်ကားတွေဈေးက ၅၀၀/၁၀၀၀/၁၅၀၀ ဈေးတွေနဲ့ ဆွဲနေကြတာ။ ၈နာရီလောက်ဆို လိုင်းကားပျောက်သလောက် ဖြစ်သွားပြီ။ လုံခြုံရေးဘက် ကြည့်ဦးမလား။ အလုခံရမလား။ အဖမ်းခံရမလား မျိုးစုံ မျိုးစုံ။

ကိုဘိုကေ ဖတ်ခဲ့ဖူးတဲ့ ကဗျာတပုဒ်ထဲက “ တကယ်လှပပြီး နေချင်စဖွယ် ရန်ကုန်မြို့ကြီးဟာ ဖျားနာနေရတယ်။ ညဆို ခွေးတွေက အူလို့ ” ဆိုတဲ့ စာသားကို သွားသတိရတယ်။ ဟုတ်တယ်လေ…စစ်အာဏာသိမ်းပြီးကတည်းက သူတောင်းစားလည်း သူတောင်းစားအလျောက် သူဌေးလည်း သူဌေးအလျောက် ဒုက္ခတွေရောက်နေကြရတာ…

အဲ ထားပါတော့လေ။ ထားပါတော့လေ ဆိုတဲ့စကားကို ကွယ်လွန်သူ ဂန္တဝင်အဆိုတော်ကြီး တွံတေး သိန်းတန်ဟန်နဲ့ နိုင်ငံရေး ခဏထားပါ့မယ် ဟီး…

မထားလို့လည်း မရဘူး။ ဖေ့ဘုတ်မှာ ပရိုဖိုင်း ချိန်းတာတောင် လိုက်ဖမ်းနေကြတာ၊ နိုင်ငံရေးပြောဖို့ဆိုတာ ရာသီဥတုလည်း သိရသေးတယ် ဆိုတော့ ဒီနေရာမှာ ပြောချင်တာက ဖယ်ရီစီးတာ လုံခြုံတယ် ကောင်းတယ် ဆိုတာပါ။

ကိုဘိုကေ တယောက် တွေးလိုက်၊ ကဗျာလေးရွတ်လိုက်နဲ့ အိမ်ရှေ့သစ်ပင်တွေ ရေလောင်းရင်း ဖီးနေပါတယ်။

လမ်းထိပ်ဘက် လှမ်းကြည့်လိုက်တော့ ကြီးကြီးမူ ဈေးခြင်းတောင်းဆွဲကာ ဆွဲကာနဲ့ လမ်းထဲဝင် လာတာ တွေ့လိုက်တယ်။

ရေလောင်းပြီးသော်လည်း ကိုဘိုကေ ခြံရှေ့မှာပဲ ဆက်ရပ်နေရင်း ကြီးမူ အနားရောက်လာချိန် စောင့်နေလိုက်တယ်။ မစောင့်လို့လည်း မဖြစ်ဘူး။ ကြီးမူက မဒမ်ကေဘက် အမျိုးတော်သေးတယ်လေ။ ဟဲဟဲ…

“ဈေးပြန်လာပြီလား ကြီးမူ”

“အေး..မောင်ကေရေ..

ပြန်လာပြီလားကွဲ့…မင်းမိန်းမရော ရုံးသွားပြီလား”

“ဟုတ်…ကြီးမူ”

“ကုန်ဈေးနှုန်းတက်ချက်ကနော် မောင်ကေရေ..ဈေးထဲရော ဆိုင်တွေမှာရော ဘာမေးမေး အရင်ဈေးမရ..ဘိုးဘိုးအောင် နှစ်ဆတိုးတွေ ကြီးမူတသက် အတက်ကြမ်းချက်”

“ဟုတ်ပ ကြီးမူရေ…..ဆန်ဆီအပြင် ကန်စွန်းရွက်ကအစ လက်ဖက်ရည်ဈေးတွေပါ တက်နေတာ”

“အဆိုးဆုံးကတော့ အိမ်သုံး‌ဆေးတွေပါ ဈေးတွေတက်နေတာ မောင်ကေရေ”

“ဟာ ဟုတ်လားကြီးမူ…”

“ဟိုနေ့က ဆောင်ထားဖို့ အကိုက်အခဲပျောက်ဆေးနဲ့ နှလုံးဆေး သွား၀ယ်တာ…ဈေးတွေ အကုန် နှစ်ဆတက်နေတာ…ဆိုင်ရှင်ကောင်လေးပြောတာ ဒေါ်လာဈေးတွေတက်တာကြောင့် အရင်ဈေးနဲ့ ၀ယ်မရတာကြောင့် ဈေးတက်ရောင်းရတာတဲ့လေ…ကြီးမူတို့တော့ မဖြစ်မနေ ဆေးတွေတော့ ဈေးတက်လည်း ၀ယ်ထားရတယ်”

“ရှေ့လျောက်က ဘာမဆို တက်မယ့်သဘောတွေ မင်းတို့လည်း ဆေးဝါးနဲ့ အိမ်သုံးဆေးတွေ ဝယ် ထားကြလေ”

“ဟုတ် ဝယ်ထားတယ် ကြီးမူ၊ ခုလိုခေတ်ကြီးမှာ မတတ်တာဆိုလို့ စိတ်ဓာတ်ပဲရှိမယ် ကြီးမူရေ”

“ဟုတ်ပ ဟုတ်ပ။ ငါလည်း နောက်ကျနေပြီ အိမ်ပြန်ဟင်းချက်အုံးမယ်ကွဲ့ သွားပြီ သွားပြီ”

“ဟုတ် ဟုတ် ကြီးမူ”

ကြီးမူပြန်သွားမှ ကိုဘိုကေ ကိုယ့်စကားကိုယ် ထပ်ရွတ်မိသွားတယ်။

“အမှောင်ခေတ်ကြီးမှာ ကုန်ဈေးနှုန်းကအစ မတက်တာဆိုလို့ စိတ်ဓာတ်ပဲ ရှိတယ်။”

ဘေးဘီလည်း ကြည့်ရသေးတယ်။ ခုချိန်က ယူနီဖောင်းတွေက တမျိုး။ တချို့ မုန့်ဖတ်ထုပ်သည် လို တဖုံ၊ ရပ်ကွက်ထဲ လှည့်နေတာ။ ဖုန်းသုံးပြီး တယ်လီကျန်းမာပေ့က ဗဟုသုတတွေ ဖတ်ထားဖို့ ကိုဘိုကေတယောက် ခြံထဲပြန်ဝင်လိုက်တော့တယ်။

The End

ကျန်းမာရေးဝန်ကြီးဌာန၊

အမျိုးသားညီညွတ်ရေးအစိုးရ

ထုတ်ဝေသည့်နေ့စွဲ -- ၆ ဩဂုတ် ၂၀၂၂
နောက်ဆုံးမွမ်းမံသည့်နေ့စွဲ --- ၆ ဩဂုတ် ၂၀၂၂