ကိုဘိုကေနဲ့ သွေးလေးဘက်နာလည်း အေးဆေးပါကွ
“ကိုဘိုကေ ကိုဘိုကေ အကိုရေ”
“ဟေ ဟေ လာပြီ ဒီမှာ အိမ်နောက်ထဲရောက်နေလို့”
ကိုဘိုကေ ပြောလည်းပြော၊ လက်ကခြံတံခါး ဂျိတ်ဖယ်ရင်း
“ လာ လာ ဝင် အောင်သူရေ (အမည်လွှဲ) ဘာထူးလို့”
အောင်သူမှာ ကိုဘိုကေတို့ လမ်းထိပ်ဘက်က ခြံမှာနေသည်။ ဇနီးနှင့် သားတယောက်ရှိပြီး လက်သမား အလုပ်လုပ်ကိုင်သည်။ အကြောင်းကိစ္စ တခုခုရှိတိုင်း ကိုဘိုကေနှင့်တိုင်ပင်လေ့ရှိပြီး မကြာမကြာ လာလည်တတ်သည်။
“ထူးတာကတော့ ပထမဆုံးပြောချင်တာက မနေ့ညက ခွေးတွေ ဟောင်ပြီးအူတာ သတိထားမိ လားဗျ၊ ကျနော်လည်း ထွက်မကြည့်ရဲဘူး၊ တော်ကြာ ဟိုကောင်တွေ ဖြစ်နေမှာ စိုးရတယ်။”
“အေး မကြည့်နဲ့ကွ၊ မီးသာမှိတ်ထားလိုက်..ဟိုကောင်တွေ ပတ်လို့ ခွေးတွေအူတာ”
“ဟုတ်တယ် ကိုဘိုကေရ.. နှစ်ရက်သုံးရက်ရှိပြီ..သူခိုးရန်က တမျိုး ခွေးရန်က တမျိုးနဲ့ဗျာ…
ဒါနဲ့ ကိုဘိုကေ ဒေါ်လာတွေလည်း တက်ချက်ဗျာ ဆန်ဈေး ဆီဈေးက အဆိုးဆုံးတက်”
“အေး..ဆို ဒေါ်လာဈေးကလဲ ၃၀၀၀ ပေါက်တော့မယ်..ခွေးတွေ ဇာတ်ရှည်နေသရွေ့ အကုန်ငါးပါး မက မှောက်နေရဉီးမှာ ထားပါကွာ ဒီဘူတာဆိုက်ပြီး စောစောစီးစီးသွေးတိုးမှာစိုးလို့ နို့ မင်းဘာ ကိစ္စရှိ”
“ဒီလို ကိုဘိုကေရ ကျနော်အခု လေးဘက်နာ အဲ သွေးလေးဘက်နာလိုလို ဖြစ်ချင်နေလို့ အဲဒါ အကိုလည်း မေးစရာရှိတယ်ဗျ မေးစရာရှိတယ်ဆိုတာက တခြားမဟုတ်ပါဘူး အင်တာနက်ကနေ အဲဒီရောဂါအကြောင်းလေးများရှာခိုင်းမလို့ ဟီး”
“ဒါပဲ အကူအညီတောင်းမယ်ဆိုလာပြီ..ဟင်းလေးတခွက်ကောင်းရင် အကို့အိမ် သတိမရဘူး”
“မဟုတ်ပါဘူး ကိုဘိုကေရာ..ဒီတခါ ဝက်စတူးချက်ရင် အကို့အိမ် လာပို့မယ် ခုကာလလည်း ဝက်စတူးနား မကပ်နိုင်တာကြာ..ပေါ့ဗျာ”
“အေးပါ အေးပါ ချက်ရင်သာ ငါ့မမေ့နဲ့ ဒါနဲ့မင်းကို ငါပြောမယ် လေးဘက်နာတို့ ဘာတို့က ဆေးကို ရမ်းသမ်းသောက်လို့ရတာမဟုတ်ဘူးနော် ဆေးပြင်းတယ် ကြားဖူးတယ်”
“အဲဒါကြောင့် အကို့ဆီလာတာပါဆို လေးဘက်နာအကြောင်းသိချင်လို့ အကို့ လာမေးတာ”
“အွန်လိုင်းက ငါတို့ပြနေကြ အခမဲ့ ဆေးခန်းပေ့မှာတော့ အဲဒီအကြောင်း(လေးဘက်နာ) တွေ့ လိုက်တယ်၊ ပေး ပေး မင်းဖုန်းပေး မင်းဖုန်းနဲ့ပဲ လိုင်းလွှင့်သုံးလိုက်မယ်၊ ငါ့ဖုန်းဘေလ်မထည့်ရ သေးဘူး၊ ဖုန်းဘေလ်တွေကလည်း ဖြတ်ချက်ကွာ၊ တော်တန်ရုံ ခိုးကြတာမဟုတ်ဘူး”
“ဖွင့်လေ ဖွင့် ဖွင့် ရော့”
“မင်း ပထမဆုံး လုပ်ရမှာက အင်တာနက်လေးဖွင့်..ဖေ့ဖုတ်ဆီသွား၊ ဒီမှာ တယ်လီကျန်းမာပေ့မှာ လိုက်လုပ်ပြီးရင် ပို့စ်တွေ တခုချင်းစီ ဆွဲတင်သွား..အဲ..ဒီမယ် သွေးလေးဘက်နာအကြောင်း သိ ကောင်း စရာတဲ့ ဖတ်ကြည့် မင်းဖြစ်နေတာနဲ့ ထပ်တူဖြစ်နေတယ်ဆိုရင် မင်း သွေးလေးဘက်နာ ဖြစ်နေပြီ၊ မတူဘူးဆိုရင် မဖြစ်ဘူးပေါ့ကွာ၊ ဖြစ်တော့လည်း အဲဒီမှာ ကုလိုက်ပေါ့..ပိုက်ဆံမကုန်ဘူး လုပ်ရမယ့်နည်းတွေကိုတော့ မင်းပို့စ်တွေ ဖတ်ရင်းသိလာမယ်”
“အင်းပါဗျာ ကျနော် ဒီသွေးလေးဘက်နာဆောင်းပါး အိမ်ပြန်ဖတ်လိုက်အုံးမယ်..ဖတ်လိုက်လို့ ဟုတ်နေခဲ့ရင် ဒီမှာပဲ ပြလို့ရတယ် မဟုတ်လား”
“ရပါတယ်ဆိုကွာ၊ မက်စင်ဂျာမှာ ဟိုင်းပြီး ဘိုကင်ယူလိုက်ရုံပဲ လေးဘက်နာဆိုရင်တော့ မင်းသွေး စစ်ရမယ်ထင်တယ်”
“ဟုတ် ဟုတ် အကို ကျနော်ဖြစ်နေတာနဲ့ လေးဘက်နာဆိုရင် အဲ့ဒီပေ့မှာပဲ ပြလိုက်မယ်လေ သွားပြီ အကိုရေ”
ကိုဘိုကေ ခြံတံခါးလိုက်ပိတ်ရင်း
“အေးဆေးပါကွ အောင်သူကြီးရ အေးဆေးပါ”
“တိုင်းပြည်က ပျက်နေပါတယ်ဆိုမှ ကျနော်ကလည်း..ဂီလာန ကလာဖြစ် နေတာ… ကလေး တွေဝင်လာရင် ကျနော်က ကူနိုင်တာကူမလို့ဗျ”
“မီပါတယ်ကွာ…ကူမယ့်စိတ်ကူးကကို တော်တော်ကောင်းနေပါပြီ ငါ့ညီရာ…တိုင်းပြည်အတွက် တော့တိုင်းပြည်အတွက်ပေါ့ကွာ..ကျန်းမာရေးကောင်းမှကူနိုင်မှာလေ ကျန်းမာရေးအရင်လုပ် အေးဆေး အေးဆေး”
The END
ကျန်းမာရေးဝန်ကြီးဌာန၊
အမျိုးသားညီညွတ်ရေးအစိုးရ
ထုတ်ဝေသည့်နေ့စွဲ -- ၂၂ ဩဂုတ် ၂၀၂၂
နောက်ဆုံးမွမ်းမံသည့်နေ့စွဲ --- ၂၂ ဩဂုတ် ၂၀၂၂