Mental Health in Aging

🧓 အလေးပေး ဂရုစိုက်စောင့်ရှောက်ရမဲ့ တတိယအရွယ်တွေရဲ့ စိတ်ကျန်းမာရေး 👴

ကမ္ဘာ့ကုလသမဂ္ဂရဲ့ (၂၀၂၁) ကိန်းဂဏန်းတွေအရ ဘဝတစ်လျှောက်လုံးမှာ မိသားစုအရေး၊ လူမှုအရေး၊ တိုင်းပြည်အရေးကိစ္စတွေကို ကိုယ်စီကိုယ်စီစွမ်းသလောက် အားထုတ်လုပ်ဆောင် ခဲ့ကြပြီးဖြစ်တဲ့ တတိယအရွယ်ရောက် ဦးလေးအဒေါ်၊ အဖိုးအဖွားအရေအတွက်ဟာ ကမ္ဘာ့လူဦးရေရဲ့ လေးပုံတစ်ပုံနီးပါး ဖြစ်ပါတယ်။ ပြီးတော့ မြန်မာ့လူဦးရေ (၁၀၀) မှာ (၉) ယောက်ကလည်း ဒီအရွယ်တွေ ဖြစ်ကြပါတယ်။

သူတို့တတွေ အသက်ရလာတာနဲ့အမျှ အသုံးပြုလာတာကြာခဲ့ပြီဖြစ်တဲ့ သူတို့ရဲ့ခန္ဓာကိုယ်တွေဟာ ဟိုနေရာဒီနေရာ ယိုယွင်းလာနေခဲ့ပြီ ဖြစ်ပါတယ်။ အထိုင်အထမကောင်းတော့တာမျိုးအစရှိတဲ့ ရုပ်ခန္ဓာကျန်းမာရေးကနေ အထီးကျန်ခံစားရတာမျိုး အစရှိတဲ့စိတ်ကျန်းမာရေးတွေအထိ ကိုယ်စိတ်နှစ်ပါးစလုံးမှာ ဝေဒနာတွေကို ပိုပြီးကြုံတွေ့ရနိုင်တဲ့အချိန် ဖြစ်နေပါပြီ။

ဦးလေးအဒေါ်၊ အဖိုးအဖွားတွေရဲ့ ရုပ်ခန္ဓာကျန်းမာရေးအပိုင်းမှာဆိုရင် ရောဂါတိုက်ဖျက်တဲ့ခုခံအား စနစ်က တစ်စတစ်စလျော့ရဲအားနည်းလာတာမို့ ငယ်ရွယ်စဥ်ကထက် ဖျားလွယ်၊ နာလွယ်၊ ရောဂါဘယဝင်လွယ် တတ်ပါတယ်။ မကျန်းမမာဖြစ်တဲ့အခါမှာလည်း ပြုစုစောင့်ရှောက်မဲ့သူမရှိ ဖြစ်တတ်ကြုံတတ်ပါတယ်။

လက်တွေ့ကိစ္စရပ်တွေမှာဆိုရင် အငြိမ်းစားယူထားတဲ့အရွယ်မို့ ငွေရေးကြေးရေးအခက်အခဲ အနည်းနဲ့အများ ရှိတတ်ပါတယ်။ ပြီးတော့ ခေတ်သစ်နည်းပညာတွေနဲ့အလှမ်းဝေးပြီး လူတွေနဲ့ ချိတ်ဆက်မိဖို့ ခက်ခဲတာမျိုး ရှိနိုင်ပါသေးတယ်။

သူတို့တတွေဟာ လူမှုအဝန်းအဝိုင်းအတွင်းမှာ အရင်အချိန်ကလောက် မဝင်ဆံ့တော့တဲ့အခါ စိုးရိမ်သောကနဲ့ စိတ်ကျရောဂါတွေ ပိုပြီးခံစားရနိုင်တဲ့အပြင် နှလုံးရောဂါ၊ ဆီးချိုရောဂါ၊ နဲ့ ဦးနှောက်စွမ်းရည်အားနည်းယိုယွင်းမှုတွေကိုလည်း ခံစားရနိုင်ပါတယ်။

ပြီးတော့ ရွယ်တူ သူငယ်ချင်းမိတ်ဆွေတွေရဲ့ နာရေးသတင်းတွေခဏခဏကြားသိလက်ခံရတာမို့ စိတ်ဖိစီးမှုတွေလည်း ခံစားကြရပါတယ်။ အဲဒါအပြင် စကားပြောဖော်တွေ တဖြည်းဖြည်း နည်းသွားတော့ အထီးကျန်ခံစားမှုတွေ ပိုပိုတိုးလာနိုင်ပါတယ်။

အသက်အရွယ်မရွေး အထီးကျန်ခံစားမှုရှိနိုင်တယ်ဆိုပေမဲ့ တတိယအရွယ်တွေမှာတော့ ကျန်တဲ့ အရွယ်တန်းတွေထက် ပိုလွန်ပြီး (၁၀) ယောက်မှာ (၄) ယောက်က အမြဲလို အထီးကျန်ခံစားမှု ရှိနေ တယ်ဆိုတာကို လေ့လာမှုတွေက ဆိုပါတယ်။

ကိုယ့်ရဲ့မိသားစုအထဲက ဦးလေးအဒေါ်၊ အဖိုးအဖွားတွေ အထီးကျန်ခံစားနေရသလား အောက်မှာ ဖော်ပြထားတဲ့ လက္ခဏာရပ်တွေကို ကြည့်ပြီး သိရှိနိုင်ပါတယ်။

👉 အပျက်သဘောခံစားမှု များနေမယ်၊
👉 ဘဝကြီးက အဓိပ္ပါယ်မရှိပါဘူးကွာလို့ ခဏခဏရေရွတ်နေမယ်၊
👉 ငါက ဘာမှ အသုံးမဝင်တော့ပါဘူးကွာလို့ ပြောနေမယ်၊
👉 နောက်ဆုံးတော့ ငါတစ်ယောက်တည်း ချန်ထားခံရတာပဲဆိုပြီး ခံစားရေရွတ်နေမယ်၊
👉 ဘယ်သူနဲ့မှ ထိတွေ့ဆက်ဆံမှုမရှိဘူးဖြစ်နေမယ်၊
👉 ရှိတဲ့ ဆက်ဆံရေးတွေကလည်း အပေါ်ယံတွေပဲဖြစ်နေမယ်၊
👉 မိတ်ဆွေအပေါင်းအသင်း အင်မတန်မှ နည်းနေမယ်၊
👉 မိသားစုဝင်တွေအပေါ်တအား မှီခိုတွယ်တာနေမယ်၊
👉 မောပန်းနွမ်းနယ်လွယ်နေမယ်၊
👉 အအိပ်အစား နည်းပါးနေမယ်။

ဒါကြောင့်မို့လို့ တတိယအရွယ်ဝင် မိမိတို့ရဲ့ ဦးလေးအဒေါ်၊အဖိုးအဖွားတွေ ကိုယ်စိတ်နှစ်ပါး ကျန်းမာရွှင်လန်းနေနိုင်ပြီး မြန်မာ့လူမှုအဝန်းအဝိုင်းမှာ သူတို့စွမ်းသလောက် ဆက်လက်ပါဝင် နေနိုင်စေဖို့ အငယ်တွေဖက်က တတ်နိုင်သမျှ ထောက်ကူပံ့ပိုးကြရပါမယ်။

👉 သူတို့တွေနဲ့ အဖော်ပြုပေးပါ။
👉 သူတို့တွေနဲ့ ပုံမှန်စကားစမြည်ပြောပေးပါ။
👉 သူတို့တွေကို နားလည်မှုပေးပါ။
👉 သူတို့တွေဆီကကိုယ်ရရှိခဲ့ဖူးတဲ့ ကျေးဇူးတရားတွေကို အခါအားလျော်စွာထုတ်ပြောပါ။
👉 သူတို့တွေကို လေးစားဂါရဝထားပြီး ဆက်လက်ဆက်ဆံပေးပါ။
👉 သူတို့လိုအပ်တဲ့ ဂရုစိုက်စောင့်ရှောက်မှုတွေပေးပါ။
👉 သူတို့လိုအပ်တဲ့ ကျန်းမာရေးစောင့်ရှောက်မှုတွေ လက်လှမ်းမီရရှိအောင် ကူညီချိတ်ဆက်ပေးပါ။

ဆိုရရင် သူတို့တွေငယ်နုချိန်တွေကထက် သူတို့ရဲ့ ကိုယ်စိတ်နှစ်ပါးကို ဂရုစိုက်စောင့်ရှောက် ပေးနိုင်သူတွေ ဝန်းရံနေစေဖို့နဲ့ ဖေးမစောင့်ရှောက်ပေးတဲ့ စနစ်ရှိဖို့ ဝိုင်းဝန်းလုပ်ဆောင်ကြရမှာ ဖြစ်ပါတယ်။

ကိုးကား
1) psychologytoday.com/sg/basics/aging/mental-health-in-aging
2) psychologytoday.com/sg/basics/aging/caring-aging-loved-ones

International Society of Myanmar Scholars and Professionals

https://ismsp-mm.org/

စိတ်ကျန်းမာရေးပြဿနာများနှင့် စိတ်ပိုင်းဆိုင်ရာအခက်အခဲများကို အခမဲ့ (အခမဲ့) (အခမဲ့) တိုင်ပင်ဆွေးနွေးနိုင်ရန်-

တယ်လီကျန်းမာ ဆေးခန်း (8 AM to 6 PM Daily)
https://facebook.com/telehealthmm

တိုင်ပင်ဖော် ဝန်ဆောင်မှု
https://facebook.com/taingpinphaw

Mind Healers -စိတ်ခွန်အားပေးသူများ
https://facebook.com/MindHealersMM

ဝန်ကြီးဌာနသို့ လှူဒါန်းရန်-
https://moh.nugmyanmar.org/donate/

ကျန်းမာရေးဝန်ကြီးဌာန၊

အမျိုးသားညီညွတ်ရေးအစိုးရ

ထုတ်ဝေသည့်နေ့စွဲ -- ၃ မေ ၂၀၂၂
နောက်ဆုံးမွမ်းမံသည့်နေ့စွဲ --- ၃ မေ ၂၀၂၂