Minor Head Injuries in Children ( February 2022 )

ကလေးတွေမှာ ဦးခေါင်းအနည်းငယ်ထိခိုက်ဒဏ်ရာရခြင်း ( February 2022 )

တစ်ခါတလေ ကလေးတွေဆော့ကစားရင်းဖြစ်စေ မတော်တဆဖြစ်စေ ခေါင်းကိုထိခိုက်မှုဖြစ်တဲ့အခါ မိဘအုပ်ထိန်းသူတွေအနေနဲ့ ဆေးရုံပို့ရမှာလား၊ ဦးနှောက်ထိပြီး ဉာဏ်ရည်များနိမ့်သွားတော့မှာလား၊ အသက်အန္တရာယ်များရှိလား စသဖြင့် စိုးရိမ်ပူပန်မှုများစွာ ဖြစ်စေပါတယ်။

🔹ဦးခေါင်းအနည်းငယ် ထိခိုက်ဒဏ်ရာရတယ်ဆိုတာ ဘာလဲ ?

သဘာဝတရားကြီးက အရမ်းနုနယ်တဲ့ဦးနှောက်ကို ကာကွယ်ဖို့အတွက် ဦးခေါင်းခွံမာကြီးနဲ့ အုပ်ပေးထားပါတယ်။ ခေါင်းကို တစ်ခုခုနဲ့ဆောင့်မိတဲ့အခါ ဦးနှောက်က အနည်းငယ်ခါယမ်းသွားပြီး ဦးခေါင်းခွံနဲ့ ပြန်ဆောင့်မိသလိုမျိုး ဖြစ်တာပါ။ ကုတင်ပေါ်က လိမ့်ကျတာမျိုး ၊ ဆော့ကစားရင်း နံရံနဲ့ဆောင့်မိတာမျိုးလိုတွေမှာ ဖြစ်တတ်ပါတယ်။

🔹ဦးခေါင်းအနည်းငယ် ထိခိုက်ဒဏ်ရာရတဲ့ အခြေအနေမှာ ဦးခေါင်းဓာတ်မှန် ရိုက်ဖို့လိုမလား ?

ကလေးငယ်တွေက လူကြီးတွေထက်စာရင် ဓာတ်ရောင်ခြည်ရဲ့ ဘေးထွက်ဆိုးကျိုး ရနိုင်ခြေပိုများလို့ ကလေးငယ်တွေကို တတ်နိုင်သမျှ မလိုအပ်ရင် ဓာတ်မှန်မရိုက်ပါဘူး။ မဖြစ်မနေ လိုအပ်မယ်ထင်မှသာ ဓာတ်မှန်ရိုက်ခိုင်းလေ့ ရှိပါတယ်။

ဒါပေမယ့် တစ်ခါတလေ ပြင်းပြင်းထန်ထန် ဒဏ်ရာရတဲ့လက္ခဏာတွေ ဘာမှမတွေ့ရဘဲ တဖြည်းဖြည်းနဲ့မှ ဦးနှောက်ထဲမှာ သွေးစိမ့်ထွက်တာမျိုးဖြစ်လာနိုင်ပါတယ်။

အများအားဖြင့် ကလေးမိဘတွေနဲ့ ဆေးရုံဆေးခန်းကြားမှာ နားလည်မှုလွဲတတ်တာက ဆရာဝန်ဆရာမတွေကလည်း လူနာအားနဲ့ ဆရာဝန်အားမမျှ၊ အလုပ်ကရှုပ်တော့ တစ်ခါတလေ စောင့်ကြည့်ရမယ့်အချက်တွေကို သေချာမရှင်းပြလိုက်ရဘဲ ဆေးရုံဆင်းခွင့်ပေးလိုက်၊ မိဘတွေဘက်ကလည်း ခေါင်းထိတာ ဓာတ်မှန်လေးတောင်ရိုက်မပေးဘဲ ဆေးရုံက ပြီးစလွယ်လုပ်တယ်ဆိုပြီး ထင်တတ်ကြပါတယ်။ အဲဒါကြောင့် သိပ်မစိုးရိမ်ရလို့ ဆေးရုံက ဆင်းခွင့်ပေးလိုက်ပေမယ့် ထိခိုက်ဒဏ်ရာရပြီး ပထမ (၂၄) နာရီ အိမ်မှာ ကလေးကို သေချာစောင့်ကြည့်ရပါမယ်။

🔹ဘာလက္ခဏာတွေဖြစ်မလဲ ?

ရောဂါလက္ခဏာတွေကတော့ ဘယ်လိုကြောင့် ထိခိုက်ဒဏ်ရာရလဲဆိုတာပေါ်မူတည်ပြီး အမျိုးမျိုးကွဲပြားနိုင်ပါတယ်။ တချို့က ခဏတစ်ဖြုတ် သတိလစ်သွားတာ၊ တချို့က ခဏလေးကြောင်တောင်တောင်ဖြစ်ပြီး သူဘယ်ရောက်နေမှန်းမသိတာတို့၊ ဘာဖြစ်သွားမှန်း ရုတ်တရက်မမှတ်မိတာမျိုးတို့ ဖြစ်နိုင်ပါတယ်။ အများအားဖြင့်တော့ ခေါင်းကိုက်ခေါင်းမူးတာ၊ ပျို့အန်ချင်တာ၊ အိပ်ချင်နေတာမျိုးတွေ ဖြစ်တတ်ပါတယ်။

🔹ဘာတွေစောင့်ကြည့်ရမလဲ ၊ ဘာလုပ်ပေးရမလဲ ?

  • ခေါင်းကိုက်ခြင်း — နာကျင်တာ/ ခေါင်းကိုက်တာတွေအတွက် ပါရာစီတမောကို ကလေးသောက်ရမယ့်ပမာဏနဲ့ ၄-၆ နာရီခြားပြီးတိုက်ပါ။ ရောင်နေ/ နာနေတဲ့နေရာကို ရေခဲကပ်ပေးပါ။
  • ပျို့အန်ခြင်း — ဒဏ်ရာရပြီး ပထမ ၁ နာရီမှာ ၂ကြိမ် ၃ ကြိမ်လောက် အန်တတ်ပါတယ်။ အကယ်၍ ဒါ့ထက် ပိုအန်ရင်/ ဆက်တိုက်အန်နေရင် ဆရာဝန်ဆီသွားပြပါ။
  • မှိန်းနေခြင်း — ဒဏ်ရာရပြီးပြီးချင်း ကလေးက အိပ်ချင်နေပါလိမ့်မယ်။ အကယ်၍ကလေးက အိပ်ချင်နေတယ်ဆိုရင် အတင်းနှိုးပြီး မအိပ်အောင်လုပ်ဖို့ မလိုပါဘူး။ ဒဏ်ရာရပြီး ပထမ (၄) နာရီမှာ (၁) နာရီခြားတစ်ခါ ကလေးကို နှိုးပြီး ပုံမှန်အခြေအနေ ရှိမရှိ ကြည့်ပါ။ (၄) နာရီနောက်ပိုင်း ကလေးအိပ်ပျော်နေရင် (၂) နာရီခြားတစ်ခါပဲ နှိုးပြီး ကလေးအခြေအနေကိုကြည့်ပါ။

🔺ဒါတွေဖြစ်ရင် ဆေးရုံချက်ချင်းပြန်သွားပါ

  • ခဏခဏ/ ဆက်တိုက်အန်နေရင်
  • ဆက်တိုက်/ ပြင်းပြင်းထန်ထန် ခေါင်းမူးခေါင်းကိုက်ရင်
  • တက်ရင်/ အကြောဆွဲရင်
  • ကြောင်တောင်တောင်ဖြစ်နေရင်
  • ပုံမှန်မဟုတ်ဘဲ ဂနာမငြိမ်ဖြစ်ရင်
  • အိပ်နေရာက နှိုးဖို့ခက်ရင်
  • ခြေလက်လှုပ်ရှားမှု အားနည်းခြင်း
  • လမ်းလျှောက်ပုံ မမှန်ခြင်း
  • လျှာလေးပြီး စကားပြော ဗလုံးဗထွေးဖြစ်ခြင်း
  • မျက်စိအမြင် ဝေဝါးခြင်း

🔹နောက်ရက်သတ္တပတ်ခန့် စောင့်ကြည့်ရန်

အချို့နောက်ဆက်တွဲပြသနာများဟာ ဒဏ်ရာရပြီး ရက်အနည်းငယ်နေမှ ပေါ်လာနိုင်ပါတယ်။ အဲဒါကြောင့် အကယ်၍ ကလေးက နေမကောင်းတဲ့ပုံစံဖြစ်ပြီး အရမ်းဂျီကျနေရင်/ စိတ်အတက်အကျအပြောင်းအလဲ အရမ်းဖြစ်နေရင်/ နုံးခွေနေရင်/ အာရုံစူးစိုက်မှုမှာ ပြဿနာဖြစ်နေရင်/ ပုံမှန်မဟုတ်တဲ့ အမူအရာဖြစ်နေရင် ဆရာဝန်နဲ့ ချက်ချင်း ပြန်ပြပါ။

References: 1. Minor Head Injuries in Children, Emergency Department Fact Sheets. Queensland Health. Australia. 2. Head Injury- gen

❤️ NUG, MOH…တယ်လီကျန်းမာ ၊ လူတိုင်းအတွက်ပါ ❤️

တယ်လီကျန်းမာ အခမဲ့အွန်လိုင်းဆေးခန်းများ ပြသရန်

https://m.me/telehealthmm )

လှူဒါန်းရန်- https://moh.nugmyanmar.org/donate/

ကျန်းမာရေးဝန်ကြီးဌာန၊

အမျိုးသားညီညွတ်ရေးအစိုးရ

ထုတ်ဝေသည့်နေ့စွဲ -- ၂၈ ဖေဖော်ဝါရီ ၂၀၂၂
နောက်ဆုံးမွမ်းမံသည့်နေ့စွဲ --- ၂၈ ဖေဖော်ဝါရီ ၂၀၂၂