ထုတ်ပြန်ကြေညာချက်အမှတ် (၁၅/၂၀၂၁)

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်

အမျိုးသားညီညွတ်ရေးအစိုးရ

ကျန်းမာရေးဝန်ကြီးဌာန

ထုတ်ပြန်ကြေညာချက်အမှတ် (၁၅/၂၀၂၁)၊

ဒီဇင်ဘာလ ၂၆ ရက် 

၁။ နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း (AAPP) ၏ မှတ်တမ်းပြုချက်များ အရ (၂၄-၁၂-၂၀၂၁) ရက်နေ့အထိ စစ်အာဏာရှင်တော်လှန်ရေးကာလအတွင်း အကြမ်းဖက် စစ်ကောင်စီ၏ လက်ချက်ကြောင့် ကျဆုံးခဲ့ရသူ စုစုပေါင်း (၁,၃၇၅) ဦး ရှိပါသည်။ အပြစ်မဲ့ ပြည်သူစုစုပေါင်း (၈,၂၅၄) ဦး ဖမ်းဆီးချုပ်နှောင်ခံထားရပြီး ယင်းအနက် (၁၈) နှစ်အောက် ကလေး (၂) ဦးအပါအဝင် (၃၉) ဦးမှာ သေဒဏ်ချမှတ်ခံထားရပါသည်။ အကြမ်းဖက်စစ်ကောင်စီ၏ ဖမ်းဝရမ်းထုတ်ခံရသောကြောင့် တိမ်းရှောင်နေရသူ (၁,၉၆၄) ဦး ရှိပါသည်။ အမှန်တကယ်အရေအတွက်များမှာ ယခုထက် ပိုမိုများပြားနိုင်ပါသည်။  

၂။ ဒီဇင်ဘာလ (၂၄) ရက်နေ့၊ နံနက်ပိုင်းကလည်း ကယားပြည်နယ်၊ ဖရူဆိုမြို့နယ်တွင် ကလေးငယ်များ၊ အမျိုးသမီးများအပါအဝင် စစ်ဘေးရှောင် အရပ်သားပြည်သူ (၃၈) ဦး ထက်မနည်းကို အကြမ်းဖက်စစ်ကောင်စီက ဖမ်းဆီးခဲ့ပြီး မော်တော်ယာဉ်များနှင့်အတူ ရက်ရက်စက်စက် မီးရှို့ သတ်ဖြတ်ခဲ့ကြောင်း သိရှိရပါသည်။ Save the Children in Myanmar ဝန်ထမ်းနှစ်ဦးသည်လည်း အနီးအနားရှိ ရပ်ရွာများတွင် လူသားချင်းစာနာထောက်ထားမှုဆိုင်ရာလုပ်ငန်းများ ဆောင်ရွက်အပြီး တာဝန်ထမ်းဆောင်ရာ ရုံးသို့ ပြန်နေစဉ် ယင်းတိုက်ခိုက်မှုအဖြစ်အပျက်နှင့် ရင်ဆိုင်ကြုံတွေ့ခဲ့ရပြီး ပျောက်ဆုံးလျက်ရှိကြောင်းနှင့် ယင်းဝန်ထမ်းများ စီးနင်းလာသော မော်တော်ယာဉ်မှာလည်း မီးရှို့ဖျက်ဆီးခံခဲ့ရကြောင်း အတည်ပြုချက်ရရှိခဲ့ပါသည်။

၃။ ထို့အပြင် အကြမ်းဖက်စစ်ကောင်စီသည် ကရင်ပြည်နယ်၊ လေးကေကော်ဒေသအပါအဝင် မြန်မာနိုင်ငံအနှံ့အပြားတွင် ပြည်သူကို ရန်သူသဖွယ်ဆက်ဆံပြီး မီးရှို့ဖျက်ဆီးခြင်း၊ လုယက်ဓားပြတိုက်ခြင်း၊ ဖမ်းဆီးနှိပ်စက်သတ်ဖြတ်ခြင်း၊ လက်နက်ကြီးများ ပစ်ခတ်ခြင်းနှင့် လေကြောင်းဖြင့် ဗုံးကြဲပစ်ခတ်တိုက်ခိုက်ခြင်းတို့ကြောင့် ထိခိုက်သေဆုံးမှုများစွာ ဖြစ်ပေါ်လျက်ရှိပြီး အပြစ်မဲ့ပြည်သူများစွာ နေရပ်စွန့်ခွာ၍ တိမ်းရှောင်နေရလျက်ရှိပါသည်။ ယခုကဲ့သို့ လုပ်ဆောင်မှုများသည် လူသားမျိုးနွယ်စုများအပေါ် ရည်ရွယ်ချက်ရှိရှိ ကျူးလွန်သည့် ရက်စက်ကြမ်းကြုတ်မှုများနှင့် လူ့အခွင့်အရေးချိုးဖောက်မှုများ ဖြစ်ပါသည်။

၄။ အမျိုးသားညီညွတ်ရေးအစိုးရ၊ ကျန်းမာရေးဝန်ကြီးဌာနအနေဖြင့် စစ်အာဏာရှင်တော်လှန်ရေးကာလအတွင်း အကြမ်းဖက်စစ်ကောင်စီ၏ လူမဆန်စွာ နှိပ်စက်သတ်ဖြတ်မှုများကြောင့် ကျဆုံးခဲ့ရသော ပြည်သူများ၏ မိသားစုများနှင့်ထပ်တူ ကြေကွဲဝမ်းနည်းရပါကြောင်း၊ အကြမ်းဖက်စစ်ကောင်စီ၏ အဆိုပါအကြမ်းဖက်လုပ်ရပ်များကို ပြင်းထန်စွာ ပြစ်တင်ကန့်ကွက်ရှုတ်ချ ကြောင်းနှင့် မြန်မာနိုင်ငံတွင် စစ်အာဏာရှင်စနစ် အပြီးတိုင် ချုပ်ငြိမ်းရေးနှင့် ဖက်ဒရယ်ဒီမိုကရေစီရရှိရေးတို့အတွက် အစွမ်းကုန် ဆက်လက်ကြိုးပမ်းဆောင်ရွက်သွားမည်ဖြစ်ကြောင်း အလေးအနက်ထား၍ ထုတ်ပြန်အပ်ပါသည်။ 

ကျန်းမာရေးဝန်ကြီးဌာန၊

အမျိုးသားညီညွတ်ရေးအစိုးရ

မြန်မာဘာသာဖြင့်ဒေါင်းလုပ်ရယူရန်

ဤနေရာကိုကလစ်နှိပ်၍

အင်္ဂလိပ်ဘာသာဖြင့်ဒေါင်းလုပ်ရယူရန်

ဤနေရာကိုကလစ်နှိပ်၍

ထုတ်ဝေသည့်နေ့စွဲ -- ၂၆ ဒီဇင်ဘာ ၂၀၂၁
နောက်ဆုံးမွမ်းမံသည့်နေ့စွဲ --- ၃၀ ဒီဇင်ဘာ ၂၀၂၁