MOH Announcement (5/2022)

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်
အမျိုးသားညီညွတ်ရေးအစိုးရ
ကျန်းမာရေးဝန်ကြီးဌာန
ထုတ်ပြန်ကြေညာချက်အမှတ် (၅/၂၀၂၂)
၂၀၂၂ ခုနှစ်၊ မေလ (၂၂) ရက်

၁။ ဆေးတက္ကသိုလ်-မန္တလေး၊ တတိယနှစ်သင်တန်း၊ ၁၂/၂၀၁၇ Batch မှ CDM ကျောင်းသား မောင်ကျော်ညီဇင်၊ အသက် (၂၁) နှစ်သည် (၂၀-၅-၂၀၂၂) ရက်နေ့၊ နံနက်ပိုင်းတွင် မန္တလေး-မုံရွာကားလမ်းမပေါ်၊ မြင်းမူမြို့နယ်အတွင်း၌ မိသားစုနှင့်အတူ အိမ်စီးကားတစ်စီးဖြင့် သွားလာနေစဉ် အကြမ်းဖက်စစ်ကောင်စီမှ အကြမ်းဖက်သမားများ၏ လူစိတ်မဲ့ ပစ်ခတ်မှုကြောင့် မောင်ကျော်ညီဇင်၏ ဦးခေါင်းကို ကျည်ထိမှန်၍ အပြစ်မဲ့ကျဆုံးခဲ့ရကြောင်း သိရှိရပါသည်။

၂။ အကြမ်းဖက်စစ်ကောင်စီသည် အထူးကုဆရာဝန်ကြီးများ၊ ဆရာဝန်များ၊ သူနာပြုများ၊ ကျန်းမာရေးလုပ်သားများ၊ ဆေးနှင့်ဆေးနှီးနွှယ် ကျောင်းသားကျောင်းသူများကို ဥပဒေမဲ့ ဖမ်းဆီးထောင်ချခြင်း၊ နှိပ်စက်သတ်ဖြတ်ခြင်း၊ ဆေးကုသခွင့်လိုင်စင်များကို အဓိပ္ပာယ်မဲ့ ရုပ်သိမ်းခြင်း၊ လူနာများ၏ လျှို့ဝှက်အပ်သော အချက်အလက်များကို ကျင့်ဝတ်နှင့် မလျော်ညီစွာ စောင့်ကြည့်ရယူခြင်း၊ ဆေးရုံ/ဆေးခန်းများကို အဓမ္မဝင်ရောက်စီးနင်းခြင်း၊ စစ်ဆေးအရေးယူခြင်းနှင့် လုယက်ချိတ်ပိတ်သိမ်းပိုက်ခြင်း အစရှိသည့် အကြမ်းဖက်လုပ်ရပ်များကို အစဉ်တစိုက် ကျူးလွန်လျက်ရှိပါသည်။

၃။ နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း (AAPP) ၏ ထုတ်ပြန်ချက်အရ (၁၉-၅-၂၀၂၂) ရက်နေ့အထိ အကြမ်းဖက်စစ်ကောင်စီ၏ အကြမ်းဖက်သတ်ဖြတ်မှုများကြောင့် ကျဆုံးခဲ့ရသည့် ပြည်သူစုစုပေါင်း (၁,၈၅၁) ဦးရှိခဲ့ပြီ ဖြစ်ပြီး အမှန်တကယ်ကျဆုံးခဲ့သူများမှာ အဆိုပါအရေအတွက်ထက် ပိုများနေနိုင်ပါသည်။ AAPP ၏ မှတ်တမ်းပြုချက်များအရ (၂၀-၅-၂၀၂၂) ရက်နေ့အထိ ဖမ်းဆီးချုပ်နှောင်ခြင်းခံထားရသည့် ပြည်သူစုစုပေါင်း (၁၀,၇၁၆) ဦးရှိပြီး ၎င်းတို့အနက်မှ (၁,၀၇၇) ဦးမှာ ထောင်ဒဏ်ချမှတ်ခြင်း ခံထားရပါသည်။

၄။ အမျိုးသားညီညွတ်ရေးအစိုးရ၊ ကျန်းမာရေးဝန်ကြီးဌာနသည် မောင်ကျော်ညီဇင် အပါအဝင် ကျဆုံးပြည်သူများ၏ မိသားစုများနှင့်ထပ်တူ ကြေကွဲဝမ်းနည်းရပါကြောင်း၊ အပြစ်မဲ့ ကျဆုံးခဲ့ရသော ဆေးနှင့် ဆေးနှီးနွှယ် ကျောင်းသားကျောင်းသူများ၊ ကျန်းမာရေးလုပ်သားများ၊ ပြည်သူများအတွက် တရားမျှတမှုကို မဖြစ်မနေ ပြန်လည်ရယူပေးမည်ဖြစ်ကြောင်း၊ အကြမ်းဖက်စစ်ကောင်စီနှင့်အတူ အကြမ်းဖက်လုပ်ရပ်များတွင် ပါဝင်ခဲ့သူများအားလုံးကို ပြည်သူ့တရားဥပဒေနှင့်အညီ ပြင်းထန်ထိရောက်စွာ စီရင်မည်ဖြစ်ကြောင်းနှင့် စစ်အာဏာရှင်စနစ် ကျရှုံးပြီး ဖက်ဒရယ်ဒီမိုကရေစီ ပြည်ထောင်စုကြီး ပေါ်ပေါက်ရေးအတွက် ပြည်သူလူထုတစ်ရပ်လုံးနှင့် လက်တွဲ၍ အစွမ်းကုန် ကြိုးပမ်းတိုက်ပွဲဝင်သွားမည်ဖြစ်ကြောင်း ကတိသစ္စာပြု၊ ထုတ်ပြန် အပ်ပါသည်။

ကျန်းမာရေးဝန်ကြီးဌာန
အမျိုးသားညီညွတ်ရေးအစိုးရ
https://moh.nugmyanmar.org/

မြန်မာဘာသာဖြင့်ဒေါင်းလုပ်ရယူရန် Click Here

အင်္ဂလိပ်ဘာသာဖြင့်ဒေါင်းလုပ်ရယူရန် Click Here

ထုတ်ဝေသည့်နေ့စွဲ -- ၂၂ မေ ၂၀၂၂
နောက်ဆုံးမွမ်းမံသည့်နေ့စွဲ --- ၂၂ မေ ၂၀၂၂