ထုတ်ပြန်ကြေညာချက်အမှတ် (၆/၂၀၂၂)

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်
အမျိုးသားညီညွတ်ရေးအစိုးရ
ကျန်းမာရေးဝန်ကြီးဌာန
ထုတ်ပြန်ကြေညာချက်အမှတ် (၆/၂၀၂၂)
၂၀၂၂ ခုနှစ်၊ ဇွန်လ (၆) ရက်

၁။ မကွေးတိုင်းဒေသကြီး၊ ဆောမြို့နယ်မှ CDM ပြုလုပ်ထားသော ပြည်သူ့ကျန်းမာရေး ကြီးကြပ် - ၂ ကျန်းမာရေးဝန်ထမ်း ကိုအောင်ကိုလင်း (ခ) ကိုဘဏ်၊ အသက် (၃၂) နှစ်သည် (၃၁-၅-၂၀၂၂) ရက်နေ့တွင် ဆောမြို့နယ်၊ လောင်းရှည်ဒေသ၊ ဆီမီးကျေးရွာ၌ အခြားပြည်သူ (၄) ဦးနှင့်အတူ အကြမ်းဖက်စစ်ကောင်စီတပ်၏ အကြမ်းဖက်၊ ဖမ်းဆီးခေါ်ဆောင်သွားခြင်းကို ခံခဲ့ရပါသည်။ ထို့နောက် (၂) ရက်အကြာ (၂-၆-၂၀၂၂) ရက်နေ့တွင် ကိုအောင်ကိုလင်းသည် အကြမ်းဖက်စစ်ကောင်စီ၏ စစ်ကြောရေးစခန်း၌ ရက်ရက်စက်စက် ညှဉ်းပန်းနှိပ်စက်ခံရမှုများကြောင့် ကျဆုံးခဲ့ရကြောင်း သိရှိရပါသည်။ ကျဆုံးခဲ့သော ကိုအောင်ကိုလင်း၏ ကျန်ရစ်သူ ဇနီးမှာလည်း CDM ပြုလုပ်ထားသော ပညာရေးဝန်ထမ်းတစ်ဦး ဖြစ်ပါသည်။

၂။ Insecurity Insight အဖွဲ့၏ ၂၀၂၂ ခုနှစ်၊ မေလတွင် ထုတ်ပြန်ချက်အရ ဥပဒေမဲ့ စစ်အာဏာသိမ်းခဲ့သည့် (၁-၂-၂၀၂၁) ရက်နေ့မှ (၃၁-၃-၂၀၂၂) ရက်နေ့အထိ မြန်မာနိုင်ငံအတွင်း ကျန်းမာရေးလုပ်သားများ၊ ဆေးရုံ/ဆေးခန်းများ၊ လူနာတင်ယာဉ်များအပါအဝင်၊ ကျန်းမာရေး စောင့်ရှောက်မှုလုပ်ငန်းများအပေါ် အကြမ်းဖက်စစ်ကောင်စီ၏ အကြမ်းဖက်တိုက်ခိုက်မှုပေါင်း (၄၉၂) ခုအထိ ရှိခဲ့ပါသည်။ အဆိုပါထုတ်ပြန်ချက်အရ အကြမ်းဖက်စစ်ကောင်စီသည် ကျန်းမာရေးလုပ်သား (၅၆၄) ဦးကို ဖမ်းဆီးခြင်း၊ ဆေးရုံ/ဆေးခန်း (၁၂၆) ခုကို ဝင်ရောက်စီးနင်းဖျက်ဆီးခြင်းနှင့် ကျန်းမာရေးလုပ်သား (၃၆) ဦးကို သတ်ဖြတ်ခြင်းတို့အား ကျူးလွန်ခဲ့ပါသည်။ (shcc.pub/MMRHealthMay2022)

၃။ အမျိုးသားညီညွတ်ရေးအစိုးရ၊ ကျန်းမာရေးဝန်ကြီးဌာနသည် CDM ကျန်းမာရေးဝန်ထမ်း ကိုအောင်ကိုလင်း အပါအဝင် ကျဆုံးပြည်သူများ၏ မိသားစုများနှင့်ထပ်တူ ကြေကွဲဝမ်းနည်းရပြီး အပြစ်မဲ့ကျဆုံးခဲ့ရသော ကျန်းမာရေးလုပ်သားများနှင့် ပြည်သူများအတွက် တရား မျှတမှုကို ပြန်လည်ရယူပေးမည်ဖြစ်ကြောင်း ကတိသစ္စာပြုအပ်ပါသည်။ ထို့အပြင် အကြမ်းဖက် စစ်ကောင်စီနှင့်အတူ အကြမ်းဖက်လုပ်ရပ်များတွင် ပါဝင်ခဲ့သူများအားလုံးကို ပြည်သူ့တရားဥပဒေနှင့်အညီ ပြင်းထန်စွာ တုံ့ပြန်အရေးယူမည်ဖြစ်ကြောင်းနှင့် စစ်အာဏာရှင်စနစ် ကျရှုံးပြီး ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စုကြီး ပေါ်ပေါက်လာသည်အထိ ပြည်သူလူထုတစ်ရပ်လုံးနှင့် လက်တွဲ၍ အစွမ်းကုန် ကြိုးပမ်းတိုက်ပွဲဝင်သွားမည်ဖြစ်ကြောင်း ထုတ်ပြန်အပ်ပါသည်။

ကျန်းမာရေးဝန်ကြီးဌာန၊
အမျိုးသားညီညွတ်ရေးအစိုးရ
https://moh.nugmyanmar.org/

မြန်မာဘာသာဖြင့်ဒေါင်းလုပ်ရယူရန် Click Here

To Download English Version : Click Here

ထုတ်ဝေသည့်နေ့စွဲ ၆ ဇွန် ၂၀၂၂
နောက်ဆုံးမွမ်းမံသည့်နေ့စွဲ ၆ ဇွန် ၂၀၂၂