ထုတ်ပြန်ကြေညာချက်အမှတ် (၈/၂၀၂၂)

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်
အမျိုးသားညီညွတ်ရေးအစိုးရ
ကျန်းမာရေးဝန်ကြီးဌာန
ထုတ်ပြန်ကြေညာချက်အမှတ် (၈/၂၀၂၂)
၂၀၂၂ ခုနှစ်၊ ဇူလိုင်လ (၈) ရက်

၁။ (၂၉-၆-၂၀၂၂) ရက်နေ့တွင် စစ်ကိုင်းတိုင်းဒေသကြီး၊ ရွှေဘိုမြို့နယ်၊ ပလိုင်းရွာအနီး၌ အကြမ်းဖက်စစ်ကောင်စီ၏ အကြမ်းဖက်သမားများသည် အသက်မပြည့်သေးသော ကလေး သူငယ်များ အပါအဝင် အပြစ်မဲ့ပြည်သူ (၉) ဦးကို ဖမ်းဆီးပြီး အစုလိုက် အပြုံလိုက် ရက်စက်စွာ နှိပ်စက်သတ်ဖြတ်မီးရှို့ခဲ့ကြောင်း သိရှိရပါသည်။ ကျဆုံးသူအမျိုးသမီးများမှာ မပပခိုင် (အသက် ၁၄ နှစ်)၊ မဝင်းအိကျော် (အသက် ၁၅ နှစ်)၊ မနိုင်နိုင်အောင် (အသက် ၂၄ နှစ်) နှင့် မသစ်သစ်လှိုင် (အသက် ၃၄ နှစ်) တို့ ဖြစ်ကြပါသည်။ ကျဆုံးသူအမျိုးသားများမှာ ကိုဖိုးထောင် (အသက် ၁၇ နှစ်)၊ ကိုဘုန်းကျော် (အသက် ၁၇ နှစ်)၊ ကိုသိန်းသန်းဦး (အသက် ၂၁ နှစ်)၊ ကိုအောင်ကျော်မိုး (အသက် ၂၇ နှစ်) နှင့် ကိုဖိုးငြိမ်း (အသက် ၂၇ နှစ်) တို့ ဖြစ်ကြပါသည်။

၂။ အဆိုပါ ကျဆုံးသူများမှာ ဝက်လက်မြို့နယ်မှ အရာတော်မြို့နယ်သို့ ရှေးဦးသူနာပြုစုနည်း ဆေးသင်တန်း တက်ရောက်ရန် သွားရောက်စဉ် ရွှေဘိုမြို့နယ်၊ ပလိုင်းရွာအနီး၌ အကြမ်းဖက် စစ်ကောင်စီတပ်၏ ဖမ်းဆီးခြင်းကို ခံခဲ့ရပြီး ရက်ရက်စက်စက် နှိပ်စက်သတ်ဖြတ်၊ မီးရှို့ခံခဲ့ ရခြင်း ဖြစ်ပါသည်။

၃။ အကြမ်းဖက်စစ်ကောင်စီသည် (၄-၇-၂၀၂၂) ရက်နေ့တွင်လည်း မြန်မာ-ထိုင်းနယ်စပ်အနီး၊ ကရင်ပြည်နယ်၊ KNLA တပ်မဟာ (၅) ဧရိယာထဲရှိ ရက္ခိုင့်တပ်တော် (Arakan Army - AA)၊ တပ်စခန်းတစ်ခုကို ဂျက်တိုက်လေယာဉ် (၂) စီးဖြင့် လေကြောင်းမှတစ်ဆင့် အကြောင်းမဲ့ ဗုံးကြဲတိုက်ခိုက်ခဲ့ရာ AA တပ်ဖွဲ့ဝင် (၆) ဦး ကျဆုံးခဲ့ပြီး စခန်းအတွင်းရှိ ဆေးရုံ၊ ဆေးခန်း၊ စက်ချုပ်စက်ရုံအပါအဝင် အဆောက်အအုံအချို့ ပျက်စီးဆုံးရှုံးခဲ့ကြောင်း သိရှိရပါသည်။

၄။ ကျန်းမာရေးလုပ်သားများ၊ ဆေးရုံ/ ဆေးခန်းများ၊ လူနာတင်ယာဉ်များ အပါအဝင်၊ ကျန်းမာရေး စောင့်ရှောက်မှုလုပ်ငန်းများအပေါ် အကြမ်းဖက်စစ်ကောင်စီက ရည်ရွယ်ချက်ရှိရှိ ပစ်မှတ် ထား၍ အကြမ်းဖက်တိုက်ခိုက်နေခြင်းသည် ဂျီနီဗာကွန်ဗန်းရှင်း (Geneva Conventions) နှင့် ကမ္ဘာ့ကုလသမဂ္ဂ လုံခြုံရေးကောင်စီ ဆုံးဖြတ်ချက် (၂၂၈၆) အပါအဝင် ပြည်တွင်းဥပဒေများနှင့် နိုင်ငံတကာဥပဒေများကို ပြောင်ပြောင်တင်းတင်း ဆက်လက်ချိုးဖောက်နေခြင်း ဖြစ်ပါသည်။

၅။ အကြမ်းဖက်စစ်ကောင်စီ၏ အဆိုပါအကြမ်းဖက်လုပ်ရပ်များကို အမျိုးသားညီညွတ်ရေးအစိုးရ၊ ကျန်းမာရေးဝန်ကြီးဌာနက ပြင်းထန်စွာ ရှုတ်ချလိုက်ပြီး နိုင်ငံတကာ အသိုင်းအဝိုင်းအနေဖြင့် ဖြစ်နိုင်သည့် နည်းလမ်းမှန်သမျှဖြင့် ထိရောက်စွာ တားဆီးအရေးယူ ဆောင်ရွက်ကြပါရန် တိုက်တွန်းအပ်ပါသည်။

၆။ အမျိုးသားညီညွတ်ရေးအစိုးရ၊ ကျန်းမာရေးဝန်ကြီးဌာနသည် ကျဆုံးခဲ့ရသော ကျန်းမာရေး လုပ်သားများ၊ အပြစ်မဲ့ပြည်သူများ၊ တော်လှန်ရေးတပ်ဖွဲ့ဝင်များ၏ မိသားစုများနှင့်ထပ်တူ ကြေကွဲဝမ်းနည်းရပြီး ဝန်ကြီးဌာနအနေဖြင့် အပြစ်မဲ့ကျဆုံးခဲ့ရသူများအတွက် တရားမျှတမှုကို မဖြစ်မနေ ပြန်လည်ရယူပေးမည်ဖြစ်ကြောင်း၊ အကြမ်းဖက်စစ်ကောင်စီနှင့်အတူ အကြမ်းဖက် လုပ်ရပ်များတွင် ပါဝင်ခဲ့သူများအားလုံးကို ပြည်သူ့တရားဥပဒေနှင့်အညီ ပြင်းထန်စွာ တုံ့ပြန် အရေးယူမည်ဖြစ်ကြောင်းနှင့် စစ်အာဏာရှင်စနစ် ကျရှုံးပြီး ဖက်ဒရယ်ဒီမိုကရေစီ ပြည်ထောင်စု ကြီး ပေါ်ပေါက်လာသည်အထိ ပြည်သူလူထုတစ်ရပ်လုံးနှင့် လက်တွဲ၍ အစွမ်းကုန် ကြိုးပမ်း တိုက်ပွဲဝင်သွားမည်ဖြစ်ကြောင်း ကတိသစ္စာပြု၊ ထုတ်ပြန်အပ်ပါသည်။

ကျန်းမာရေးဝန်ကြီးဌာန၊

အမျိုးသားညီညွတ်ရေးအစိုးရ

မြန်မာဘာသာဖြင့်ဒေါင်းလုပ်ရယူရန် Click Here

အင်္ဂလိပ်ဘာသာဖြင့်ဒေါင်းလုပ်ရယူရန် Click Here

ထုတ်ဝေသည့်နေ့စွဲ -- ၈ ဇူလိုင် ၂၀၂၂
နောက်ဆုံးမွမ်းမံသည့်နေ့စွဲ --- ၈ ဇူလိုင် ၂၀၂၂