၂၀၂၁ ခုနှစ်၊ ဩဂုတ်လ (၂) ရက်နေ့မှ (၅) ရက်နေ့အထိ အမျိုးသားညီညွတ်ရေးအစိုးရ၊ ကျန်းမာရေးဝန်ကြီးဌာနနှင့် တိုင်းရင်းသားကျန်းမာရေးအဖွဲ့အစည်းများ ပူးပေါင်းပြုလုပ်သော အမျိုးသားကျန်းမာရေးညီလာခံ (National Health Conference) ဒုတိယနေ့ကို ယနေ့ (၃-၈-၂၀၂၁) နေ့လယ် (၁၂) နာရီမှ ညနေ (၄) နာရီအထိ ဆက်လက်ကျင်းပခဲ့ရာ
ပညာရေးနှင့်ကျန်းမာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ပါမောက္ခဒေါက်တာဇော်ဝေစိုးနှင့် တာဝန်ရှိသူများ၊ ကျန်းမာရေးဝန်ကြီးဌာနနှင့် အခြားဝန်ကြီးဌာနအသီးသီးမှ တာဝန်ရှိသူများ၊ တိုင်းရင်းသားကျန်းမာရေးအဖွဲ့အစည်းများမှ ကိုယ်စားလှယ်များ၊ ပြည်တွင်းပြည်ပ ကျန်းမာရေးအင်အားစုများနှင့် ဆေးပညာရှင်များ၊ တတ်သိပညာရှင်များ၊ ဆေးနှီးနွှယ်ကျောင်းသားအဖွဲ့အစည်းများမှ ကိုယ်စားလှယ်များ စုစုပေါင်း ဦးရေ (၁၀၀) ခန့် တက်ရောက်ဆွေးနွေးခဲ့ကြပါသည်။ ညီလာခံဒုတိယနေ့တွင် KNPP မှ Khu Plu Reh က အဖွင့်အမှာစကားပြောကြားခဲ့ပြီး ကချင်၊ ကယား၊ ကရင်၊ ချင်း၊ မွန်၊ ရခိုင်၊ တအောန်း၊ ပအိုဝ်း နှင့် ဗမာ တိုင်းရင်းသားကျန်းမာရေးအဖွဲ့အစည်းများမှ ကိုယ်စားလှယ်အသီးသီးက ဒေသအလိုက် ဆောင်ရွက်လျက်ရှိသော ကျန်းမာရေးမူဝါဒများနှင့် ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းများကို တင်ပြဆွေးနွေးခဲ့ကြပါသည်။ ညီလာခံဒုတိယနေ့ အပိတ်အမှာစကားကို ပဒိုမန်းမန်းက ပြောကြားခဲ့ပြီး ညီလာခံကို ဩဂုတ်လ (၅) ရက်နေ့အထိ ဆက်လက်ကျင်းပပြုလုပ်သွားမည်ဖြစ်ပါသည်။
ထုတ်ဝေသည့်နေ့စွဲ -- ၃ သြဂုတ်လ ၂၀၂၁
နောက်ဆုံးမွမ်းမံသည့်နေ့စွဲ ၃ သြဂုတ် ၂၀၂၁