ဘိုကင်ဆေးခန်းနှင့် အထူးကုဆေးခန်းများ စတင်ဖွင့်လှစ်

*** MOH တယ်လီကျန်းမာ အစီအစဉ်သစ်များ (၂၆-၆-၂၀၂၁) ***

MOH တယ်လီကျန်းမာတွင် Booking ယူစနစ်နှင့် အထူးကုဆရာဝန်ကြီးများနှင့် တိုင်ပင်ကုသခြင်းအစီအစဉ်တို့ကို ထပ်မံထည့်သွင်းလိုက်ပါပြီ!!!

အမျိုးသားညီညွတ်ရေးအစိုးရ၊ ကျန်းမာရေးဝန်ကြီးဌာနသည် ခေတ်မီတယ်လီနည်းပညာများ (Telemedicine & Teleconsultation) အသုံးပြု၍ ပြည်သူလူထု၏ ကျန်းမာရေးကို စဉ်ဆက်မပြတ် စောင့်ရှောက်မှု ပေးအပ်လျက်ရှိပါသည်။

ကျန်းမာရေးဝန်ကြီးဌာနသည် တယ်လီကျန်းမာအစီအစဉ်ဖြင့် ကိုဗစ်-၁၉ ရောဂါအပါအဝင် ပြည်သူလူထု၏ ကျန်းမာရေးပြဿနာများကို အကြံဉာဏ်ပေးခြင်းနှင့် ကုသမှုပေးခြင်းတို့ကို ဆောင်ရွက်ပေးလျက်ရှိပါသည်။

(၁၉-၆-၂၀၂၁) ရက်နေ့က စတင်ခဲ့သည့် MOH တယ်လီကျန်းမာဆေးခန်းသို့ မြန်မာနိုင်ငံ၊ အရပ်ဒေသအသီးသီးမှ လူနာများ၊ စစ်ဘေးသင့်ဒေသများမှ ပြည်သူများ၊ နိုင်ငံရပ်ခြားရောက် ရွှေ့ပြောင်းလုပ်သားများ စသဖြင့် လူနာအများအပြား လာရောက်ပြသခဲ့ကြပါသည်။

တယ်လီကျန်းမာဆေးခန်းတွင် ပြသရန် လူနာအချို့အတွက် နည်းပညာအခက်အခဲအချို့ ရှိကြောင်း တွေ့ရှိရသည့်အတွက် အဆိုပါ အခက်အခဲများအား မည်သို့ကျော်လွှားရမည်ကို Facebook Page – “တယ်လီကျန်းမာ – MoH, NUG of Myanmar” (https://facebook.com/telehealthmm) မှတစ်ဆင့် အသေးစိတ်ရှင်းလင်းတင်ပြပေးလျက်ရှိပါသည်။

တယ်လီကျန်းမာဆေးခန်းသို့ ဝင်ရောက်ကုသမှုခံယူရန် တန်းစီရာတွင် လူနာများပြားသဖြင့် စောင့်ဆိုင်းရမှုများ ပြေလည်နိုင်စေရန် Booking ယူစနစ်နှင့် အထူးကုဆရာဝန်ကြီးများနှင့် တိုက်ရိုက်တိုင်ပင်ကုသခြင်းအစီအစဉ်တို့ကို (၂၇-၆-၂၀၂၁) ရက်နေ့မှစတင်၍ အသစ်ထပ်မံထည့်သွင်းလိုက်ပါသည်။

တယ်လီကျန်းမာအစီအစဉ်တွင် ကုသမှုခံယူမည့် လူနာအနေဖြင့်-

၁။ အင်တာနက်ရှိရန် လိုအပ်ပါမည်။

၂။ Booking မယူဘဲ ဆရာဝန်နှင့် တိုက်ရိုက်ပြသလိုသော လူနာများသည် မူလကြော်ငြာထားသည့်အတိုင်း တယ်လီကျန်းမာဆေးခန်း၏ အင်တာနက်လိပ်စာ – https://doxy.me/telehealthmm သို့ ဝင်ရောက်တန်းစီရပါမည်။ ဆရာဝန်က တန်းစီလူနာများအနက် တစ်ဦးချင်းစီကို အစဉ်လိုက်ခေါ်ယူ၍ အကြံဉာဏ်နှင့် ကုသမှုများ ပေးအပ်မည်ဖြစ်ပါသည်။ မိမိရှေ့တွင် တန်းစီလူနာများပြားပါက အချိန်စောင့်ဆိုင်းရမှု ရှိနိုင်ပါသည်။

၃။ သတ်မှတ်အချိန်တစ်ခုတွင် Booking ယူ၍ ဆေးခန်းပြလိုသူများသည် Facebook Page – “တယ်လီကျန်းမာ – MoH, NUG of Myanmar” (https://facebook.com/telehealthmm) ၏ ပင်မစာမျက်နှာတွင်ရှိသော “Book Now” ခလုတ်ကိုနှိပ်၍သော်လည်းကောင်း၊ Page Messenger သို့ Message ပို့၍သော်လည်းကောင်း Booking ယူနိုင်ပါသည်။ ပြသလိုသော လူနာအရေအတွက်၊ ပြသလိုသော နေ့ရက်နှင့် အချိန်တို့ကို Message ပေးပို့ရပါမည်။ Page Admin အဖွဲ့က အကြောင်းပြန်ကြားပေးမည်ဖြစ်ပါသည်။

၄။ တိုက်ရိုက်ပြသလိုသော လူနာများနှင့် Booking ယူ ပြသလိုသော လူနာများအားလုံးသည် နေ့စဉ် နံနက် (၈) နာရီမှ ညနေ (၄) နာရီအတွင်း ကုသမှုခံယူနိုင်မည်ဖြစ်ပါသည်။ ပိတ်ရက်မရှိပါ။

၅။ အထူးကုဆရာဝန်ကြီးများနှင့် တိုင်ပင်ကုသမှုခံယူရန် လိုအပ်သော လူနာများသည် ပထမဦးစွာ တယ်လီကျန်းမာဆေးခန်းတွင် ပြသရမည်ဖြစ်ပါသည်။ တာဝန်ကျဆရာဝန်များက “တယ်လီကျန်းမာအထူးကုဆေးခန်းများ” သို့ သက်ဆိုင်ရောဂါအလိုက် ဆက်လက်ညွှန်းပို့ပေးမည်ဖြစ်ပါသည်။ အထွေထွေ၊ ခွဲစိတ်၊ သားဖွားမီးယပ်၊ ကလေး၊ အရိုး၊ နှလုံးနှင့် ကျောက်ကပ်ရောဂါဝေဒနာရှင် လူနာများ တိုင်ပင်ဆွေးနွေးပြသနိုင်ပြီဖြစ်ပါသည်။ အခြားအထူးကုဆရာဝန်ကြီးများနှင့် ပြသနိုင်ရန်အတွက်လည်း စီစဉ်လျက်ရှိပါသည်။

၆။ အရေးပေါ်ဆေးကုသမှုခံယူရန် လိုအပ်သူများအနေဖြင့် ယခုတယ်လီကျန်းမာအစီအစဉ်တွင် အကြံဉာဏ် ရယူရန် မသင့်တော်ပါ။

၇။ ကုသမှုအားလုံးသည် အခမဲ့ (အခမဲ့) ဖြစ်ပါသည်။

ပြည်သူ့အကျိုးကို ရှေးရှု၍ မိမိအကျိုးကို စွန့်လွှတ်ကာ တယ်လီကျန်းမာအစီအစဉ်တွင် တာဝန်ထမ်းဆောင်လျက်ရှိသော ပြည်တွင်း၊ ပြည်ပမှ ဆရာဝန်များနှင့် အထူးကုဆရာဝန်ကြီးများကို အထူးကျေးဇူးတင်ရှိပါသည်။

“MOH တယ်လီကျန်းမာ … လူတိုင်းအတွက်ပါ”

ကျန်းမာရေးဝန်ကြီးဌာန၊

အမျိုးသားညီညွတ်ရေးအစိုးရ

ထုတ်ဝေသည့်နေ့စွဲ ၂၆ ဇွန် ၂၀၂၁
နောက်ဆုံးမွမ်းမံသည့်နေ့စွဲ ၂၆ ဇွန် ၂၀၂၁