မှက်ခရုကတော့ Candida လို့ခေါ်တဲ့ Yeast မှိုတစ်မျိုးကြောင့်ဖြစ်တာပါ။ အဖြူဖတ်လေးကို ဖယ်လိုက်ရင် သွေးထွက်တတ်ပါတယ်။ အဖြူဖတ်တွေရဲ့ အောက်ခြေမှာ ရောင်နေတတ်တာကြောင့် (တစ်ခါတစ်ရံ) လျာ/ခံတွင်း နာကျင်ခြင်း၊ မအီမသာဖြစ်ခြင်၊း အစားအသောက်ပျက်ခြင်း၊ နို့ မစို့နိုင်ခြင်းတို့ ဖြစ်နိုင်ပါတယ်။
ရောဂါကူးစက်ပုံ
Candida က လူတို့၏ အရေပြား၊ အစာအိမ်အူလမ်းကြောင်း၊ ဆီးလမ်းကြောင်းနှင့် မျိုးပွားလမ်းကြောင်းများတွင် ရောဂါလက္ခဏာမပြဘဲ သဘာဝအတိုင်းရှိနေတတ်ပါတယ်။
အောက်ပါအခြေအနေတွေမှာ ရောဂါကူးစက်နိုင်ပါတယ်။
- တစ်လအောက်ကလေးများတွင် အဖြစ်များပြီး မီးဖွားချိန်တွင် အမေ၏ မွေးလမ်းကြောင်းတွင် Candida မှိုရှိနေလျှင် ကလေးသို့ ကူးတတ်ပါတယ်။
- မသန့်ရှင်းသော အရုပ်၊ ချိုလိမ်များ ပါးစပ်ထဲထည့်ခြင်းကြောင့်လည်း ကူးနိုင်ပါတယ်။
- နို့တိုက်မိခင်၏ နို့သီးခေါင်းတွင် ဖြစ်ပွားနေသော Candida မှိုမှ ကလေးငယ်၏ ပါးစပ်တွင်းသို့ လည်းကောင်း၊ ကလေး၏ ပါးစပ်တွင်းရှိ Candida မှိုမှ မိခင်၏ နို့သီးခေါင်းသို့လည်းကောင်း အပြန်အလှန်ကူးနိုင်ပါတယ်။
- ခုခံစွမ်းအားစနစ်ကျနေသည့် အခြေအနေမျိုး (ဥပမာ- ဆီးချိုရောဂါ၊ HIV/ AIDS ရောဂါ) တွင် ရောဂါလက္ခဏများပေါ်လာတတ်သလို အသက်ခြောက်လအောက်ကလေးများတွင် ခုခံစွမ်းအားစနစ် အပြည့်အဝ မဖွံ့ဖြိုးသေးသောကြောင့် ရောဂါဖြစ်ပွားလွယ်ပါတယ်။
- ပိုးသတ်ဆေးများကလည်း လူကိုကောင်းကျိုးပေးသော ပိုးများကိုပါ သေစေပြီး Candida မှိုစွဲခြင်းကို အားပေးပါတယ်။ (အဲဒါကြောင့် မလိုအပ်ဘဲ ပိုးသတ်ဆေးတိုက်သည့် အကျင့်မလုပ်သင့်ပါဘူး)
ဘယ်အချိန် ဆရာဝန်ဆီသွားပြမလဲ ?
သင့်ကလေးမှာ အောက်ပါအခြေအနေများ ဖြစ်ပေါ်နေလျှင် ဆရာဝန်နဲ့ပြပါ
- ပါးစပ်တွင်း အဖြူဖတ်များဖြစ်နေခြင်း
- အကြောင်းမရှိဘဲ အဖျားရှိနေခြင်း/ကလေးမလန်းခြင်း
- ဆရာဝန်ညွန်ကြားသည့်အတိုင်း လိုက်နာသော်လည်း ရောဂါမကြာခဏပြန်လည်ဖြစ်ပွားခြင်း
ကုသခြင်း
- Nystatin လို့ခေါ်တဲ့ မှိုသတ်အစက်ချဆေး/ Gel ကို အစာစားပြီး ကလေး၏ ပါးစပ်တွင်းသို့ သန့်စင်ရန် ဆရာဝန်က ညွှန်ကြားပါလိမ့်မယ်။
- အကယ်၍ ကလေးတင်ပါးတွင် nappy rash ဟုခေါ်သည့် အနီပြင်များဖြစ်နေလျှင် တစ်ပြိုင်တည်းကုသရမယ်။
- မှတ်ခရုပေါက်နေစဉ် မိခင်နို့ တိုက်နိုင်ပါတယ်။
- ဆရာဝန်က နို့သီးခေါင်းကို လိမ်းရန် မှိုသတ်ဆေး ပေးပါလိမ့်မယ်။
- ဒါပေမဲ့ နို့တိုက်ခါနီးတွင် နို့သီးခေါင်းကိုပြန်လည်သန့်စင်ရန် မမေ့ပါနဲ့။
ကာကွယ်ခြင်း
- ချိုလိမ်၊ နို့ဘူး များကို အသုံးပြုပြီးတိုင်း သေချာစွာဆေးကြောပါ။
ကလေးတို့ပါးစပ်ထဲက အဖြူဖတ်တွေက နို့ပွေးမဖြစ်နိုင်ဘူးလား?
- နို့ပွေးဆိုတာ ပါးစပ်ထဲကျန်ခဲ့သည့် နို့အစအနလေးများကြောင့် ဖြစ်တာပါ။
- ရေစိုအဝတ်/ဂွမ်းလုံးလေးနဲ့ပွတ်ပြီး အလွယ်တကူဖယ်လို့ရပါတယ်။
- အစားအသောက်မပျက်တတ်ပါဘူး။ နာကျင်တာမျိုးလည်း မခံစားရပါဘူး။
- ပုံမှန် ခံတွင်းသန့်ရှင်းရေးလုပ်ပေးဖို့ပဲ လိုပါတယ်။
References: Royal children hospital, Melbourne. Australia Child Health InfoRaising Child Network, Australia. Oral health in babies and children Factsheet
“NUG, MOH…တယ်လီကျန်းမာ ၊ လူတိုင်းအတွက်ပါ”
တယ်လီကျန်းမာ အခမဲ့အွန်လိုင်းဆေးခန်းများ ပြသရန်( https://m.me/telehealthmm )
လှူဒါန်းရန်-https://moh.nugmyanmar.org/donate/
ကျန်းမာရေးဝန်ကြီးဌာန၊
အမျိုးသားညီညွတ်ရေးအစိုးရ
ထုတ်ဝေသည့်နေ့စွဲ -- ၂၁ ဇန်နဝါရီ ၂၀၂၂
နောက်ဆုံးမွမ်းမံသည့်နေ့စွဲ --- ၂၁ ဇန်နဝါရီ ၂၀၂၂