မြန်မာနိုင်ငံတွင် စစ်အာဏာသိမ်းမှု နောက်ဆက်တွဲပြဿနာအနေဖြင့် အသက် (၅) နှစ်အောက် ကလေးငယ်များတွင် ကာကွယ်ဆေးထိုးနှံခွင့် မရရှိခြင်းကြောင်း ကူးစက်ဖြစ်ပွားမှုနှုန်း ပြန်လည်မြင့်တက်လာနိုင်သည့် ကာကွယ်ဆေးဖြင့် ကာကွယ်နိုင်သော ကူးစက်ရောဂါများ (Vaccine-Preventable Diseases – VPDs)
၃။ ပိုလီယိုအကြောသေရောဂါ (Poliomyelitis)
ပိုလီယိုအကြောသေရောဂါသည် အလွန်ကူးစက်မြန်သောရောဂါဖြစ်ပြီး ပိုလီယိုဗိုင်းရပ်စ်ပိုး အမျိုးအစား (၁)၊ (၂) နှင့် (၃) တို့ကြောင့် ဖြစ်ပွားပါသည်။ ဗိုင်းရပ်စ်ပိုးအမျိုးအစားသည် သဘာဝအလျောက် လှည့်ပတ်လျက် လူများကို ကူးစက်ပါသည်။ အသက် (၅) နှစ်အောက် ကလေးများတွင် ပိုမိုဖြစ်ပွားတတ်ပါသည်။ ပိုလီယိုအကြောသေရောဂါပိုး ကူးစက်ခံရသော ကလေးငယ် (၂၀၀) ဦးလျှင် (၁) ဦးသည် ကြွက်သားများကို ထိန်းချုပ်သော ကြောရိုးမအတွင်းရှိ အာရုံကြောမအတွင်းမှ အာရုံကြောဆဲလ်များကို ထိခိုက်ပျက်စီးစေပြီး ထာဝရမသန်စွမ်းခြင်း ဖြစ်စေပါသည်။
တစ်ကမ္ဘာလုံးဆိုင်ရာ ပိုလီယိုရောဂါပပျောက်ရေးလုပ်ငန်းကို (၁၉၈၈) ခုနှစ်တွင် စတင်အကောင်အထည်ဖော်ဆောင်ရွက်ခဲ့ရာ ယခုအခါ ပိုလီယိုရောဂါ အမြစ်တွယ်ဖြစ်ပွားနေသော နိုင်ငံ (၂) နိုင်ငံသာ ကျန်ရှိပါတော့သည်။
👉 ရောဂါကူးစက်ပြန့်ပွားပုံ
ရောဂါရှိသူ၏ မစင်တွင် ပါရှိနေသော ရောဂါပိုးသည် အခြားသူတစ်ဦး၏ ပါးစပ်မှတစ်ဆင့် တိုက်ရိုက်ဝင်ရောက်ကူးစက်ပါသည်။ ပတ်ဝန်းကျင်သန့်ရှင်းမှု မကောင်းသောနေရာများတွင် မစင်ဖြင့် ထိတွေ့ထားသော အစားအစာများနှင့် ရေများကို စားသောက်မိခြင်းဖြင့် ပါးစပ်မှတစ်ဆင့် ခန္ဓာကိုယ်တွင်းသို့ ဝင်ရောက်ကူးစက်ပါသည်။
ပိုလီယိုအကြောသေရောဂါပိုး ကူးစက်ခံရသော လူအတော်များများသည် အကြောသေခြင်း မဖြစ်ကြပါ။ သို့သော် အခြားသူအား ကူးစက်စေနိုင်ပါသည်။
👉 ရောဂါလက္ခဏာများ
ပိုလီယိုရောဂါပိုး ကူးစက်ခံရသူများအနက် (၂၅) ရာခိုင်နှုန်းသည် ဖျားခြင်း၊ ခေါင်းကိုက်ခြင်း၊ လည်ချောင်းနာခြင်း စသော သာမန်ဝေဒနာများ ဖြစ်တတ်သည်။ အကြောသေခြင်းသည် ရောဂါပိုးကူးစက်ခံရသူများ၏ (၁) ရာခိုင်နှုန်းတွင် ဖြစ်ပွားတတ်ပါသည်။ အကြောသေသူများအနက် (၅) ရာခိုင်နှုန်းမှ (၁၀) ရာခိုင်နှုန်းထိ သေဆုံးနိုင်ပါသည်။
👉 ပိုလီယိုရောဂါ ကာကွယ်ရေးနည်းလမ်းများ
ပိုလီယိုအကြောသေရောဂါဖြစ်ပွားမှုကို ပိုလီယိုအစက်ချ ကာကွယ်ဆေးနှင့်/ သို့မဟုတ် ပိုလီယိုကာကွယ်ဆေးထိုးဆေး (Inactivated polio vaccine – IPV) များ ထိုးနှံတိုက်ကျွေးခြင်းဖြင့် ကာကွယ်နိုင်ပါသည်။ ကမ္ဘာ့ကျန်းမာရေးအဖွဲ့က ပိုလီယိုအစက်ချ ကာကွယ်ဆေး တစ်မျိုးတည်းသာ အသုံးပြုသော နိုင်ငံအားလုံးသည် ပုံမှန်ကာကွယ်ဆေးထိုးအစီအစဉ်တွင် ပိုလီယိုရောဂါကာကွယ်ဆေး ထိုးဆေး အနည်းဆုံး (၁) ကြိမ် ထည့်သွင်းထိုးနှံရန် ထောက်ခံအကြံပြုထားပါသည်။
ကျန်းမာရေးဝန်ကြီးဌာန၊ အမျိုးသားညီညွတ်ရေးအစိုးရ
၁။ ဆုံဆို့နာရောဂါ (Diphtheria) အကြောင်း ဖတ်ရှုရန်
https://www.facebook.com/MoHNUGMyanmar/posts/pfbid0oCNuFcdNNYotmjCVuUYiCe9qHf8akU8DJ1BQUtPxcb1kPCmedFoHUd6F5HczPHQdl
၂။ ကြက်ညှာချောင်းဆိုးရောဂါ (Whooping cough or pertussis) အကြောင်း ဖတ်ရှုရန်
https://www.facebook.com/MoHNUGMyanmar/posts/pfbid02NHRFL8UDX7WMi8tWPTosygRdbaNbLxW2p5ogrZRFYD48gp6CrXvSkj28PJz9yqyzl
nugmoh #polio #poliomyelitis #VPD #IPV
ကျန်းမာရေးဝန်ကြီးဌာန၊
အမျိုးသားညီညွတ်ရေးအစိုးရ

Published on: 8 November 2022
Last Updated: 8 November 2022