“Prediabetes Risk Test” (July 2023)

သင့်မှာ အကြိုဆီးချိုအဆင့် ဖြစ်နိုင်‌ခြေ ရှိနေလား (Prediabetes Risk Test)

ဆီးချိုရောဂါဟာ ကုသထိန်းညှိလို့ရတဲ့ ရောဂါဖြစ်ပေမယ့် ကောင်းစွာဂရုမပြုဘဲ နေမိရင် ဆီးချိုနှီးနွယ် နောက်ဆက်တွဲ ကျန်းမာရေးဆိုးကျိုးများစွာကို ဖြစ်စေနိုင်ပါတယ်။

သွေးတွင်းသကြားဓာတ်ပမာဏ ပုံမှန်ထက်မြင့်မားနေပေမယ့် ဆီးချိုဖြစ်နိုင်တဲ့ ပမာဏအထိ မရောက်သေးတဲ့ စပ်ကြားအချိန်ကို အကြိုဆီးချိုအဆင့်လို့ ခေါ်ပါတယ်။

အကြိုဆီးချိုရှိသူ ၉၀ ရာခိုင်နှုန်းကျော်ဟာ သူတို့ကိုယ်သူတို့ မသိကြပါဘူး။

အကြိုဆီးချို ရှိခြင်းဟာ အမျိုးအစား (၂) ဆီးချို ရောဂါကို ပိုမိုဖြစ်ပွားနိုင်ပြီး အခြားသော ကျန်းမာရေးဆိုးကျိုးများနဲ့လည်း ဆက်စပ်မှု ရှိပါတယ်။

အကြိုဆီးချိုဘဝထဲက ထိန်းညှိကုသထားရင် ဆီးချိုဖြစ်နိုင်ခြေကို နှောင့်နှေးနည်းပါးစေနိုင်ပါတယ်။ ဆီးချိုရောဂါကို စောလျှင်စွာ သိရှိကုသနိုင်ဖို့ အကြိုဆီးချို ဖြစ်နိုင်ခြေတွေကို သိရှိထားဖို့လိုပါတယ်။

ဒါကြောင့် သင့်မှာ အကြိုဆီးချို ဖြစ်နိုင်ခြေရှိနေလားဆိုတာ သိနိုင်ဖို့ အောက်ဖော်ပြပါ မေးခွန်းလေးတွေကို ဆက်လက်ဖြေဆိုပြီး ခန့်မှန်းတွက်ချက်နိုင်ပါတယ်။

(ဤမေးခွန်းလွှာဟာ အကြိုဆီးချိုဖြစ်နိုင်ခြေကို ခန့်မှန်းသိရှိနိုင်ရန်အတွက် ရည်ရွယ်သော စစ်ဆေးမှုမေးခွန်းလွှာသာဖြစ်ပြီး၊ အတိအကျသိရှိနိုင်ဖို့အတွက်ကတော့ သွေးတွင်းသကြားဓာတ်နဲ့ HbA1C ကို စစ်ဆေးဖို့လိုပါတယ်)

မေးခွန်းတွေဖြေရင်း ရတဲ့အမှတ်လေးတွေ ပေါင်းပြီးရင်တော့ အကြိုဆီးချို ခန့်မှန်းဖြစ်နိုင်ခြေ ရရှိမှာဖြစ်ပါတယ်။

👇

အကြိုဆီးချို ခန့်မှန်းဖြစ်နိုင်ခြေ မေးခွန်းလွှာ (Prediabetes Risk Test)

🔺(၁) သင်၏ အသက်

အသက် ၄၀ အောက် (၀ မှတ်)

၄၀-၄၉ နှစ် (၁ မှတ်)

၅၀-၅၉ နှစ် (၂ မှတ်)

၆၀ နှင့် အထက် (၃ မှတ်)

.

🔺(၂) ကျား/မ

အမျိုးသား (၁ မှတ်)

အမျိုးသမီး (၀မှတ်)

🔺(၃) ဖြေဆိုသူသည် အမျိုးသမီးဆိုရင် ကိုယ်ဝန်ဆောင်ဆီးချို ဖြစ်ဖူးပါသလား။

ဖြစ်ဖူးပါတယ် (၁ မှတ်)

မဖြစ်ဖူးပါ (၀မှတ်)

🔺(၄) မိသားစုတွင်းရှိ အဖေ၊ အမေ၊ ညီအစ်ကိုမောင်နှမသားချင်း အရင်းများထဲတွင် ဆီးချိုရောဂါ ရှိပါသလား။

ရှိပါတယ် (၁ မှတ်)

မရှိပါ (၀မှတ်)

🔺(၅) သင့်မှာ သွေးတိုးရောဂါ ရှိပါသလား။ ရှိသည်ဟု ဆရာဝန်က သတ်မှတ်ခြင်း ခံရဖူးပါသလား။

ရှိပါတယ် (၁ မှတ်)

မရှိပါ (၀မှတ်)

🔺(၆) သင် နေ့စဉ် ကိုယ်လက်လှုပ်ရှား လုပ်ပါသလား။

လုပ်ပါတယ် (၁ မှတ်)

မလုပ်ဖြစ်ပါ (၀ မှတ်)

🔺(၇) သင်၏ ကိုယ်အလေးချိန်သတ်မှတ်ချက်ကို ယခုပိုစ့်၏ပုံတွင် ဖော်ပြထားသော ဇယား၌ကြည့်ရှုပြီး အမှတ်ကို သတ်မှတ်ပါ။

အမှတ် ____

ကဲ… မေးခွန်း (၁) ကနေ (၇) အထိ ရခဲ့တဲ့ အမှတ်လေးတွေ ပေါင်းကြည့်ရအောင်။

🔹အမှတ် ၅ မှတ်နဲ့ အထက်ဆိုရင် –

သင့်မှာ ရတဲ့အမှတ်က ၅ မှတ်နဲ့အထက်ဆိုရင် သင်ဟာ အကြိုဆီးချိုရော၊ အမျိုးအစား(၂) ဆီးချိုရောဂါ ဖြစ်နိုင်ခြေပါ များနေပါတယ်။

ဆရာဝန်နဲ့ တိုင်ပင်ပြီး ဆက်လက်၍ အတည်ပြုရန် စမ်းသပ်စစ်ဆေးဖို့ လိုပါတယ်။

ဆီးချိုရောဂါဖြစ်နိုင်ခြေကို လျှော့ချရန် နည်းလမ်းများစွာ ရှိတဲ့အတွက် လိုအပ်သလို တယ်လီကျန်းမာမှာ လာရောက် မေးမြန်းတိုင်ပင်ဖို့လည်း ဖိတ်ခေါ်ပါတယ်။

.

🔹အမှတ် ၅ မှတ်အောက် –

အမှတ် ၅ မှတ်အောက်ဆိုရင်တော့ အကြိုဆီးချို ဖြစ်နိုင်ခြေ မများသေးပါဘူး။

ဒါပေမယ့် မပေါဆပါနဲ့။ ကျန်းမာရေးကို ဆက်လက်ထိန်းသိမ်းနိုင်ဖို့ ကိုယ်လက်လှုပ်ရှားလုပ်ပြီး အဝမလွန်အောင် ဂရုစိုက်ပါ။

.

Disclaimer –

အာရှတိုက်သားများဟာ ကိုယ်အလေးချိန် တအားမများလည်း မျိုးရိုးဗီဇအရ ဆီးချိုဖြစ်န်ိုင်‌‌ခြေ များပါတယ်။

အာရှတိုက်သားတွေအတွက် ယခု ကိုယ်အလေးချိန် သတ်မှတ်ချက်ဇယားထဲက အမှတ် (၁) မှတ်နေရာထက် ၁၅ ပေါင်ထက်နည်းရင်တောင် (15 pounds lower than 1 point Column ) အကြိုဆီးချိုဖြစ်နိုင်‌ခြေ များနိုင်သေးတာ သတိပြုရပါမယ်။

ခန့်မှန်းမေးခွန်းလွှာသာ ဖြစ်တာမို့ အတည်ပြုစစ်ဆေးချက်များ၊ ဆရာဝန်၏ စမ်းသပ်ချက်များ လိုအပ်ပါသေးတယ်။

ပိုမိုသေချာရန်အတွက် အသက် ၃၅ နှစ်အထက် ရောက်ရင် ဆီးချို တစ်ခါတော့ စစ်ကြည့်ပါ။ ကောင်းရင် ၃ နှစ်တစ်ခါလောက် ပြန်စစ်ပေးပါနော်။

..

အထူးကုသမားတော်တစ်ဦး

တယ်လီကျန်းမာ

Ref : 📚

https://www.cdc.gov/diabetes/takethetest/

ကျန်းမာရေးဝန်ကြီးဌာန၊
အမျိုးသားညီညွတ်ရေးအစိုးရ

Published on: 24 July 2023
Last updated: 24 July 2023