ခွေးရူးပြန်ရောဂါ (May 2024)

၁၂ နှစ်အရွယ် ကိုရင်လေး ဆေးရုံရောက်တာ တစ်ပတ်ရှိပြီ။ ဒီတစ်ပတ်အတွင်း ဆေးရုံပေါ်မှာ အဖျားလည်း အဲဒီလောက်မတက်၊ တခြားပြောပလောက်စရာဆိုလို့ ချောင်းဆိုးချင်တာ၊ အစားပျက်တာ၊ နှုံးခွေနေတာပဲ ရှိသည်။

အရင်က တက်တက်ကြွကြွ စာအံနေတတ်ပြီး ကျောင်းကအလုပ်တွေကို မညည်းမညူ ဝိုင်းလုပ်ပေးနေတတ်သဖြင့် အားလုံးက ဝိုင်းချစ်နေကြတဲ့ ကိုရင်လေးကို ပြီးခဲ့တဲ့တစ်ပတ်ဆယ်ရက်လောက်က မလန်းမဆန်း မှိုင်နေပြီး အစားမစား၊ ရွှင်ရွှင်ပျပျမရှိလို့ ကျောင်းကဦးဇင်းတွေက ဆေးရုံခေါ်လာခဲ့ခြင်း ဖြစ်သည်။

အဖျားငွေ့ငွေ့လည်းရှိ သွေးလွန်တုတ်ကွေးရာသီလည်း ဖြစ်တော့ ကလေးအထူးကုက ဆေးရုံခေါ်ထားပြီး စောင့်ကြည့်ရန်၊ သွေးတွေစစ်ဆေးရန် ခေါ်ထားလိုက်ခြင်းဖြစ်သည်။ စစ်ဆေးမှုတွေက ပုံမှန်ဖြစ်ပေမယ့် ကိုရင်က ဒီအတိုင်းမသက်သာ၊ ပိုးသတ်ဆေးတွေ ထိုးပြီးခါမှ ဂယောက်ဂယက် ဖြစ်လာသည်။ ဆေးလာထိုးသည့် ဆရာမတွေကို ရန်ရှာသည်။ လူနာလာမေးသောသူငယ်ချင်း ကိုရင်များ ဦးဇင်းများကို မမှတ်မိသလိုလို ပြောချင်ရာတွေ ပြောလာသည်။ ဦးနှောက်နှင့်ပတ်သက်သောရောဂါ (Encephalitis/ Brain Tumor) တစ်ခုခု ဖြစ်နေမလားဆိုပြီး ဦးနှောက်ဓာတ်မှန် (CT Scan) ရိုက်ရန် ရက်ချိန်းယူထားသည်။ ဆေးရုံရောက်ပြီးမှ အစားပျက်လာသည်ဟု ပြောသည်။

တစ်နေ့မနက် တာဝန်ကျဆရာမက အကြောဆေးထိုးရန် ကိုရင်လေးလက်ကို ကိုင်လိုက်တဲ့အချိန်မှာ ဆရာမလက်ကို ကုန်းကိုက်ပါလေရော။ သွက်လက်တဲ့ဆရာမက ရှောင်လိုက်နိုင်ပြီး ကိုရင်ကို အဖော်များက ဝိုင်းချုပ်ထားရသည်။ အခြားသူများကိုပါ ရန်လိုလာ၍ သီးသန့်ခွဲထားလိုက်ရသည်။ ယခုလို အပြုအမူပြောင်းလဲမှုကို စောင့်ကြည့်သတိထားရတော့မှာဖြစ်ကြောင်း ဆရာမက တာဝန်ကျဆရာဝန်ကို ချက်ချင်းအကြောင်းကြားသည်။ ကလေးအထူးကုဆရာဝန်ကြီးက ကိုရင်နှင့်အတူနေ ဇာတိမြို့ရွာမှ အတူလာသော ဦးဇင်း၊ ကိုရင်များအား ကိုရင်အကြောင်း သေချာထပ်မေးရန် ခေါ်ရသည်။ လတ်တလောဖြစ်သော ရောဂါရာဇဝင်သာမက အရင်ဖြစ်ဖူးတာတွေပါ မေးရတော့သည်။

အဓိကမေးရတာက “ခွေးကိုက်ခံရဖူးလား”

လွန်ခဲ့သောတစ်နှစ်ခန့်က အညာကရွာမှာ ကိုက်ခံရဖူးခဲ့သည်။ ညာဖက်ခြေထောက်မှာ အရမ်းတော့ မများပါဘူး။ သွေးထွက်ပြီး အသားတော့နည်းနည်းလန်သွားတယ်။ ရွာမှာ ရေမန်းဆရာနဲ့ကုတာ အနာကတော့ကျက်သွားတယ်။ ဆေးရုံသွားဖို့ကလည်း ဝေးတော့မသွားဖြစ်။ အနီးရွာက ကျန်းမာရေးဆရာမဆီမှာလည်း ခွေးရူးပြန်ရင် ထိုးဖို့ဆေးက မရှိပါဘူး။ ခွေးကိုတော့ အခြေအနေမကောင်း၍ သတ်ပစ်ခဲ့ကြသည်။ ဒီလောက်ကြာပြီဆိုတော့ မဖြစ်လောက်ဘူးဟု အဖော်နေသူ ဦးဇင်းများက ထင်သည်။ သို့သော် ကိုရင်လေးမှာ ခွေးရူးပြန်ရောဂါလက္ခဏာများ ဖြစ်ပေါ်လာပြီး ၃-၄ ရက်အတွင်း ဆုံးသွားရှာသည်။

.

——————-xxxxxxxxxxx——————

.

ခရိုင်ဆေးရုံကြီး၏ ညနေဘက် ဆေးရုံပြင်ပလူနာဌာနသို့ အသက် ၆၀ ကျော်ခန့်အရွယ် ရည်ရည်မွန်မွန်ဦးလေးတစ်ယောက် ရောက်လာသည်။ သူဝင်လာတာ အေးအေးဆေးဆေးပင်။ ဆေးရုံကုလားထိုင်မှာ ဝင်ထိုင်ပြီး ​ဖြည်းဖြည်းချင်းပြောသည်။

“ကျွန်တော် ပင်စင်ယူပြီး ဒီမှာအိမ်လေးတစ်လုံးဝယ်ပြီး တစ်ယောက်ထဲလာနေတာ တစ်နှစ်လောက်ရှိပါပြီ။ အမျိုးသမီးလည်းမရှိတော့ သားတစ်ယောက်ကလည်း အိမ်ထောင်ကျပြီး အလုပ်နဲ့ နိုင်ငံခြားမှာနေပါတယ်။ သူကလှမ်းခေါ်ပေမယ့် မသွားချင်တာနဲ့ တစ်ယောက်ထဲပဲ အေးအေးဆေးဆေး စာလေးတွေဖတ် အပင်လေးတွေစိုက်ပြီးနေပါတယ်။”

(ဪ ဒီဦးလေးနှယ်… စကားပြောစရာ လူမရှိလို့ ဆေးရုံမှာ စကားပြောဖို့လာတာဖြစ်မယ်လို့ လူနာရှင်းချိန် နားမယ်လို့အားတင်းထားတဲ့ ဆရာဝန်လေး ထင်မိသည်)

“အိမ်နားက ခွေးလေခွေးလွင့်လေးတွေ၊ ကြောင်လေးတွေ၊ ငှက်ကလေးတွေ အစာ​ကျွေးရင်း အပျင်းပြေ အဖော်ရှာရတယ်။ တစ်ခါတလေတော့ သူငယ်ချင်းတွေနဲ့ချိန်းပြီး လက်ဖက်ရည်ဆိုင် ထိုင်ဖြစ်ပါတယ်။ လွန်ခဲ့တဲ့ ၃ လလောက်က ကျွန်တော် ခွေးတွေအစာကျွေးရင်း လာစားနေကျ ခွေးအညိုလေးတစ်ကောင်က လှမ်းဟပ်ပါတယ်။ လက်မှာပါ။ အနာကသေးပေမယ့် နက်ပါတယ်။ သွေးနည်းနည်းထွက်သွားတယ်။ အဲဒီကလေးက တစ်ခါမှတော့ အဲဒီလိုမကိုက်ဖူးဘူး၊ တခြားခွေးတွေနဲ့ ရန်ဖြစ်ထားလို့ ရန်လိုနေတယ်လို့ထင်လိုက်လို့ အိမ်ရောက်တော့ ရေတွေဘာတွေဆေးပြီး ဆေးဝါလေး လိမ်းထားလိုက်တယ်။ ၂ ရက်လောက်နေတော့ အနာပျောက်သွားတယ်။ ဒါပေမယ့် နောက်နေ့ကစပြီး အဲဒီခွေးလေးကို မတွေ့တော့ဘူး။ တစ်ယောက်ယောက် ဖမ်းသွားပြီလို့ ထင်လိုက်မိတယ်။

တစ်ပတ်လောက်ကြာတော့မှ အနားကဆိုက်ကားသမားလေးမေးကြည့်တော့ ဟိုဘက်လမ်းက မြောင်းထဲမှာ သေနေတာတွေ့တယ် ပြောတယ်။ လွန်ခဲ့တဲ့ တစ်ပတ်လောက်ကစပြီး ကျွန်တော် နေရတာတစ်မျိုးဖြစ်လာတယ်။ စိတ်ထဲက မရိုးမရွနဲ့ ဘယ်လိုမှန်းမသိဘူး။ ကုတ်ဖဲ့ချင်စိတ်တွေ ဖြစ်လာတယ်။ ညဘက် ခေါင်းကိုက်လို့ အိပ်မရဘူး။ ဖျားချင်သလိုလိုပဲ။ အဖျားတိုင်းကြည့်တော့လည်း မရှိဘူး။ အစားလည်း ပျက်လာတယ်။

မနေ့က ခွေးကိုက်ခံရတဲ့နေရာက ပြန်ရောင်လာပြီး ယားလာလို့ ကျွန်တော် ပြန်သတိရသွားတယ်။ ခွေးကိုက်ခံရတာ ကြာပေမယ့်လည်း ခွေးရူးပြန်ရောဂါ ဖြစ်တတ်တဲ့အကြောင်း သတိရသွားတယ်။ စာအုပ်တွေ ရှာဖတ်မိတယ်။ ကျွန်တော့်မှာ လက္ခဏာတွေဖြစ်နေတာ သိလိုက်ရတော့ ကြောက်သွားတယ်။ တုန်လှုပ်မိသွားတယ်။ ကျွန်တော်ကိုယ့်ဘာသာ ပေ့ါလျော့မိလို့ဖြစ်တာကြောင့် ကိုယ့်စိတ်ကိုယ် ပြင်ဆင်လိုက်ပါတယ်။ အလုပ်ကနားပြီးထဲက တစ်ယောက်ထဲ တရားစခန်းဝင်လိုက်၊ အိမ်မှာကျင့်ကြံလိုက်နဲ့ ကျွန်တော်သေဖို့လည်း ပြင်ဆင်လာပြီးပါပြီ။ ကုသဖို့ဆေးမရှိဘူးဆိုတာ သိပါတယ်။ ဆေးရုံမှာ ဆရာတို့ကို ဒုက္ခလာပေးတာ မဟုတ်ပါဘူး။ အိမ်မှာကလည်း တစ်ယောက်ထဲဆိုတော့ သေသွားရင် ဘယ်သူမှသိလိုက်မှာ မဟုတ်ဘူး။ ကျွန်တော် အသိရှိနေသေးသ၍ တရားရသရွေ့မှတ်နေမှာပါ။ ကျွန်တော် အသိလွတ်သွားတဲ့အချိန်မှာ အသက်သာဆုံးနဲ့ အညင်သာဆုံး အဆုံးသတ်ချင်ပါတယ်။ ကျွန်တော့်ကို ကူညီပါဆရာရယ်။”

(ဆရာဝန်လေး အံ့သြမှင်သက်သွားရသည်။ သူ့လုပ်သက်ကလည်း သိပ်မရှိသေးတော့ သေရမှာသိတဲ့ လူတစ်ယောက်က သူ့ရှေ့မှာ တည်တည်ငြိမ်ငြိမ်ကြီး အကျိုးအကြောင်း လာရှင်းပြနေလိုက်တာ၊ ခွေးရူးပြန် လူနာလည်း သူတစ်ခါမှ မကြုံဖူးသေး) “မဖြစ်နိုင်သေးပါဘူး ဦးလေးရာ ..စစ်ကြည့်ရအောင်ပါ။”

“ကျွန်တော် စာတွေသေချာဖတ်ပြီးပါပြီ ဆရာ..စစ်ကြည့်ဖို့လည်း မလွယ်ပါဘူး..ဦးနှောက်ကို စစ်ကြည့်ဖို့ဆိုတာ ခွေးလည်းမရှိတော့ ကျွန်တော်သေသွားရင်တော့ ဆရာတို့ ရောဂါမှန်/မမှန် စစ်ကြည့်လို့ရပါတယ်။

ကျွန်တော် ပေါ့လျော့မိတာလည်း ပါပါတယ်။ ဆေးရုံကိုလာရင် ချက်မှာ ဆေး ၁၄ လုံး ထိုးရမှာစိုးတာလည်း ပါတယ်။ အဲဒါကလည်း ကိုက်ပြီးသားဆို မသေချာဘူးဆိုတာလည်း သိထားတာလည်း ပါတယ်။ အပြင်မှာ ခွေးကိုက်ခံရပြီး ထိုးရတဲ့ဆေးကလည်း သိန်းချီပြီးပေးရတာဆိုတော့လည်း မတတ်နိုင်ဘူးဆရာ။ ကိုယ့်ပင်စင်လေးနဲ့ပဲ စားနေရတာဆိုတော့။ ကျွန်တော့်ကို ဆေးရုံတက်ခွင့်ပေးပါ။ အားလုံးပြင်ဆင်ပြီးပါပြီ။”

ဆရာဝန်လေးခမျာ စိတ်မကောင်းစွာနဲ့ သီးသန့်ကူးစက်ရောဂါ ဆေးကုသဆောင်သို့ တင်ပေးလိုက်ရသည်။ သမားတော်ဆရာကြီးထံသို့ အကြောင်းကြားရသည်။ နောက်ရက်များမှာ စုံစမ်းကြည့်တော့ တဖြည်းဖြည်းရောဂါဆိုးလာပြီး သူမှန်းထားသလို သတိလွတ်လာသည်။ သက်သာအောင် ဆေးများပေးပြီး ညင်ညင်သာသာပဲ အသက်ထွက်သွားခဲ့သည်ဆိုသည်။ သူ့အိမ်သော့နှင့် ဘဏ်စာအုပ်ကလေးကို ရှေ့နေခေါ်၍ သားထံလွှဲခဲ့ပြီး သမားတော်ကြီးထံ အပ်ခဲ့သည်။ သူရဲ့နောက်ဆုံးအချိန်တွေကို ဆွေမျိုး၊ မိတ်ဆွေများ ဘယ်သူကိုမှ အကြောင်းမကြားခဲ့။ ဆေးရုံကသဂြိုလ်ပေးဖို့ ပြောသည်။ သတင်းစာထဲ ထည့်ပေးဖို့ စာစီသွားပေးခဲ့သေးသည်။

.

——————-xxxxxxxxx—————–

.

တချို့ ခွေးရူးပြန်တာကို လက်မခံနိုင်ကြဘဲ သရဲပူးတယ်၊ ပြုစားခံရတယ်ဟုဆိုကာ ဆရာဆိုသူများခေါ်၍ အပူးလွတ်အောင် ရိုက်နှက်ခံရရင်း သေဆုံးရသူများကိုလည်း တွေ့ဖူးခဲ့ကြမည်။

ပညာတတ် ကျန်းမာရေးဗဟုသုတရှိသူများကမူ ခွေးကိုက်ခံရသည်နှင့် ကာကွယ်ဆေး အချိန်မီထိုးနိုင်လိုက်ကြ၍ အသက်ဘေးမှ လွတ်ခဲ့ရသည်ကိုလည်း ကြားဖူးကြမည် ။

ကာကွယ်ဆေးကို တစ်ချိန်က နိုင်ငံတော်က တာဝန်ယူထိုးပေးသော ချက်ပတ်လည် အရေပြားအောက် ၁၄ လုံး ထိုးရသည်။ ခေတ်မီခွေးရူးပြန်ကာကွယ်ဆေးများလည်း ဆေးရုံတွေမှာ ပေးခဲ့ဖူးကြသည်။ လိုအပ်သည့်သူရော မလိုအပ်သည့်သူများရော ထိုးကြသည်။ လောက်လောက်ငင မဖြစ်ခဲ့။ ခွေးရူးရောဂါ မည်မျှကာကွယ်နိုင်ပြီလည်း မသိ။

လက်ပံဖူးချိန်၊ ခွေးရူးချိန်ဟူ၍ လှပနီစွေးသော လက်ပံကို ခွေးရူးနှင့် မည်သို့တွဲမြင်လိုက်ကြသည်မသိ။ နွေရောက်လျှင် ပန်းများစုံလင်ပွင့်ကြသလို ခွေးများလည်း ရူးတတ်သည်။ ခွေးရူးဟေ့ ခွေးရူးဟ ဟုရပ်ကွက်ထဲ အော်ဟစ်ပြေးလွှားကြရင်း အကိုက်ခံရ၊ ခွေးဝိုင်းသတ်ကြလည်း ကြားဖူးကြလိမ့်မည်။ ခွေးရူးပြန်ပါက ရာနှုန်းပြည့် အသက်အန္တရာယ်ပြုနိုင်သည်။

.

◾️ခွေးတွေ ဘာလို့ရူးသလဲ

ကမ္ဘာတွင် ဩစတြေးလျနှင့် နယူးဇီလန်နိုင်ငံတို့မှအပ အမေရိကန်နိုင်ငံအပါအဝင် ဖွံ့ဖြိုးပြီးနိုင်ငံများတွင်ပင် ခွေးရူးရောဂါ ဖြစ်ပွားလျက်ရှိသည်။ အမေရိကန်နိုင်ငံ၌ပင် တစ်နှစ်လျှင် လူ ၄၀,၀၀၀ ခန့် ခွေးရူးရောဂါဖြစ်ပွားမှုကြောင့် ဆေးကုသမှု ခံယူလျက်ရှိသည်။ ကမ္ဘာမှာ ခွေးရူးရောဂါကြောင့် သေဆုံးသူပေါင်း ၆၀,၀၀၀ နီးပါးခန့် ရှိပြီး အရှေ့တောင်အာရှဒေသများတွင် သေဆုံးမှုအများဆုံး ဖြစ်သည်။ မြန်မာနိုင်ငံတွင် ခွေးရူးရောဂါကို ၁၉၁၅ ဝန်းကျင်လောက်တွင် စတင်ဖြစ်ပွားခဲ့ကြောင်း မှတ်တမ်းများအရ သိရှိခဲ့ရပြီး နှစ်စဉ်ခွေးရူးပြန်ရောဂါကြောင့် လူ ၁၀၀၀ ခန့် သေဆုံးလျက်ရှိသည်။

ခွေးရူးပြန်ရောဂါ (Rabies) သည် ကျည်ဆန်ထိပ်ဖူးပုံရှိသည့် ရပ်ဘဒိုဗီရီဒေး (Rhabdoviridae) အုပ်စုဝင် ရေးဗီးဗိုင်းရပ်စ်ရောဂါပိုးကြောင့် ဖြစ်ပွားရပြီး ခရစ်တော်မပေါ်မီ ၂၃၀၀ ခုနှစ်ခန့်မှ စတင်၍ ကမ္ဘာတွင် ဖြစ်ပွားခဲ့ခြင်းဖြစ်သည်ဟု ဆိုခဲ့ကြသည်။ ၎င်းရောဂါသည် ခွေးတွင် မူလအစ၌ဖြစ်ပေါ်ခဲ့ခြင်းဖြစ်ပြီး ထိုမှတစ်ဆင့် အခြားတိရစ္ဆာန်နှင့် လူတို့သို့ ကူးစက်ပြန့်ပွားခြင်းဖြစ်သည်ဟု ဆိုသည်။ ခွေးရူးရောဂါစွဲကပ်သော တိရစ္ဆာန် သို့မဟုတ် လူ၏အာရုံကြောဆဲလ်များတွင် နက်ဂရီဗောဒီကို တွေ့ရ၏။ နက်ဂရီအမည်ရှိ သူတစ်ဦးက ၁၉၀၃ ခုနှစ်တွင် ခွေးရူးပြန်ရောဂါ ဖြစ်နေသူများတွင်သာရှိနိုင်သော အာရုံကြောဆဲလ်များအတွင်းရှိ ပစ္စည်းတစ်ခုအနေနှင့် (cytoplasmic inclusion bodies) စတင်တွေ့ရှိသောကြောင့် ထိုပုဂ္ဂိုလ်၏အမည်ကို အစွဲပြု၍ခေါ်ခြင်း ဖြစ်သည်။ ထိုနက်ဂရီဗောဒီကို အခြားရောဂါမျိုးတွင် မတွေ့ရချေ။

ထို့ကြောင့် ခွေးရူးပြန်ရောဂါဖြစ်သည်ဟု မသင်္ကာသော လူနာနှင့် တိရစ္ဆာန်များကို စစ်ဆေးသောအခါ ထိုနက်ဂရီဗောဒီများကို ဦးနှောက်နှင့် အာရုံကြောဆဲလ်များတွင် တွေ့ရသည်။ မြေခွေး၊ ဝံပုလွေ၊ ခွေးအ၊ ကြောင်၊ လင်းနို့နှင့် တောရိုင်းတိရစ္ဆာန်များတွင် ဖြစ်ပွားလေ့ရှိပြီး ရောဂါဖြစ်ပွားနေသည့် တိရစ္ဆာန်၏တံတွေးတွင် ခွေးရူးရောဂါဗိုင်းရပ်စ်ပိုး ပါရှိသည်။ ၎င်းတိရစ္ဆာန် အကိုက်ခံရခြင်းဖြင့် ရောဂါကူးစက်တတ်သည်။

.

◾️ခွေး၌ဖြစ်တတ်သော လက္ခဏာများ

ခွေးများတွင် ခွေးရူးရောဂါဖြစ်ကြောင်းကို ၇ ရက်မှ ၁၀ ရက်အတွင်းတွင် သိသာလာနိုင်သည်။ ရောဂါဖြစ်စတွင် ခွေး၏အမူအကျင့် အလေ့အထများသည် ပြောင်းလဲလာ၏။ ပြုလုပ်နေကျအပြုအမူများ မပြုတော့ဘဲ ထိုင်းမှိုင်းလာတတ်ပြီး ခပ်ဝေးဝေး ရှောင်ခွာ၍ သီးသန့်နေတတ်သည်။ သံနှင့်ကျောက်ခဲ စသည့် အေးသောအရာပစ္စည်းများကို လျက်ခြင်း၊ အခြားတိရစ္ဆာန်များကို လျက်ခြင်းတို့ လုပ်တတ်သည်။ ထိုအချိန်မျိုး၌ ခွေးသည် ကိုက်လိုစိတ် မရှိချေ။ ရုတ်တရက်ဟတ်ခြင်း၊ ရိုးရိုးရွရွနှင့် လှုပ်ရှားသွားလာခြင်းတို့ ပြုတတ်သည်။ အစပိုင်းတွင် မိမိသခင်၏အသံကို မှတ်မိသေးသည်။ ထို့နောက် တဖြည်းဖြည်း ရောဂါတိုးလာ၍ တည်ငြိမ်မှုမရှိခြင်းတို့ ဖြစ်ပေါ်လာလေသည်။ နောက်ပိုင်း သခင်ကို မမှတ်မိတော့ချေ။

ခွေးရူးသည် ရေကြောက်သည်ဟု ပြောကြသော်လည်း ရေကိုမြင်လျှင် မကြောက်တတ်ချေ။ ရောဂါစွဲစအချိန်တွင် ရေကိုအလွန်ငတ်တတ်၍ ရေတိုက်လျှင် လောဘကြီးစွာ သောက်တတ်သည်။ တဖြည်းဖြည်း အာရုံကြောများထိခိုက်လာပြီး လည်ချောင်းကျုံ့လာကာ စားသောက်ရာတွင် ခက်လာ၏။ အစာကို စားနေကျအတိုင်း မစားနိုင်တော့ပေ။ အသံသည် ပင်ကိုအသံမျိုး မဟုတ်တော့ဘဲ အက်ကွဲခြောက်ကပ်သောအသံဖြင့် ဟောင်တတ်၏။ ပါးစပ်ကိုဖွင့်၍ ကျယ်လောင်စွာ အူတတ်သည်။

ရောဂါတိုးလာသည့်နှင့်အမျှ တွေ့သမျှကို ရန်မူတတ်သည်။ ကိုက်ဖြတ်လိုလျှင် အသံမပြုဘဲတိတ်ဆိတ်စွာ ကိုက်တတ်သည်။ အချို့ခွေးများသည် ဦးတည့်ရာသို့ပြေး၍ တွေ့သမျှကို ကိုက်တတ်သည်။ အချို့ကမူ တွေ့သမျှကို သွားများကျိုးသည်အထိ ပြင်းထန်စွာကိုက်တတ်သည်။ ၎င်းကိုယ်တိုင် ဒဏ်ရာရ၍ နာကျင်သော်လည်း မအော်ချေ။ လိမ္မာသော ခွေးတစ်ကောင်ဖြစ်လျှင်မူ ခက်ထန်ကြမ်းကြုတ်ခြင်း နည်းပါးသည်။ တဖြည်းဖြည်းနှင့် သွက်ချာပါဒမိသော လက္ခဏာများ ပေါ်လာတတ်သည်။ လမ်းကောင်းစွာမလျှောက်နိုင်တော့ဘဲ နောက်ခြေများကို တရွတ်တိုက်ဆွဲရသည်။ အမြီးထောင်၍ မထားနိုင်သဖြင့် အောက်သို့ကျနေ၏။ ဦးခေါင်းသည် ရှေ့သို့ငိုက်ကျလာတတ်ပြီး ပါးစပ်ပွင့်လျက် လျှာသည် အပြင်သို့ ထွက်နေတတ်သည်။

.

◾️ကူးစက်ပုံ

ခွေးရူး၏ သွားရည်သည် အကိုက်ခံရသူ၏ အရေပြားပွန်းပဲ့သောနေရာမှတဆင့် ကူးစက်ပြန့်ပွားနိုင်၏။ ခွေးရူးရောဂါစွဲကပ်သော လူနာများကို စစ်ဆေးသောအခါ ၉ဝ ရာခိုင်နှုန်းသည် ခွေးရူးကိုက်ခံရသောကြောင့်သာ ဖြစ်ပေါ်နိုင်သည်မဟုတ် ခွေးရူးရောဂါစွဲကပ်နေသော ကြောင်၊ ဝံပုလွေ၊ မြေခွေး၊ ခွေးအ စသော အခြားတိရစ္ဆာန်များမှတဆင့်လည်း လူသို့ ကူးစက်နိုင်၏။

ရောဂါပိုးဝင်ရောက်သည့်နေ့မှစ၍ ရောဂါသိသာဖြစ်ပေါ်လာသည့်အချိန်အထိ ရောဂါပျိုးရက်သည် တစ်ဦးနှင့် တစ်ဦးမတူချေ။ အနည်းဆုံး သီတင်း ၂ ပတ်မှ အချို့တွင် လပေါင်းများစွာ သို့မဟုတ် နှစ်ပေါင်းများစွာပင်လျှင် ကြာတတ်၏။ သို့သော် ပျမ်းမျှခြင်းအားဖြင့် သီတင်းပတ် ၆ ပတ်မှ ၃ လအထိ ကြာတတ်၏။ ခွေးရူးကိုက်ခံရသော ကိုယ်အင်္ဂါအစိတ်အပိုင်းကိုလိုက်၍ ကွာတတ်သည်။ ဦးခေါင်း၊ မျက်နှာ၊ ခေါင်းစသည်တို့တွင် အကိုက်ခံရသူများနှင့် ကလေးများတွင် ပို၍တိုတောင်းသည်ကို တွေ့ရသည်။

.

◾️ခွေးရူးကိုက်ခံရပြီး လူ၌ခံစားရသော လက္ခဏာများ

ခွေးရူးကိုက်ခံရသော အနာသည် လျင်မြန်စွာ ကျက်သွားတတ်ပြီး ရောဂါထလာလျှင် အနာနေရာသည် ရောင်ရမ်းယားယံ နာကျင်လာတတ်သည်။ အနာတစ်ဝိုက်တွင် ထုံလာတတ်သည်။ ရောဂါဖြစ်စလူနာတွင် စိတ်ညိုးငယ်ခြင်း၊ တည်ငြိမ်မှုမရှိခြင်း၊ အလွန်ကြောက်ရွံ့ခြင်း စသောလက္ခဏာများကို တွေ့ရပေမည်။ လူနာစကားပြောပုံ ပြောင်းလဲလာတတ်ပြီး တိုတောင်းလျင်မြန်စွာ ပြောတတ်၏။ ဖျားခြင်း၊ စားသောက်ချင်စိတ်မရှိခြင်း၊ အိပ်မပျော်ခြင်း၊ ခေါင်းကိုက်ခြင်း၊ စိတ်မတည်ငြိမ်ခြင်း၊ အသက်ရှူမြန်ခြင်းများ ဖြစ်တတ်သည်။

တဖြည်းဖြည်း စိတ်ပြင်းထန်စွာ တုန်လှုပ်ချောက်ချားလာပြီး အသက်ရှူကျပ်လာတတ်သည်။ ထိုအချိန်တွင် အရည်ကို မျိုချနိုင်ရန် ကြိုးစားရသည်။ ရေအလွန်ငတ်တတ်သည်။ အသက်ရှူကျပ်၍ မွန်းနေတတ်သည်။ ဤသို့ဖြစ်ရခြင်းမှာ ကြွက်သားများ အလိုအလျောက် လှုပ်ရှားနေခြင်းကြောင့် ဖြစ်သည်။ မွန်းရာမှ သတိရလာသောအခါ ထိတ်လန့်၍ ခန္ဓာကိုယ်နွမ်းနယ်နေတတ်သည်။ တောက်ပြောင်သောအလင်း၊ ကျယ်လောင်သောအသံ၊ တိုက်ခတ်သောလေအေး စသည်တို့ကို သိလွယ်လာသည်။ ရောဂါတိုးလာ သည်နှင့်အမျှ ရောဂါလက္ခဏာများသည် ထပ်ခါထပ်ခါ ပေါ်လာတတ်သည်။ အသက်ရှူရာတွင် အသံမြည်လာတတ်သည်။ တံတွေး မမျိုချနိုင်သဖြင့်အစဉ်ထွေးလျက်ရှိတတ်ပြီး ပစ္စည်းတစ်ခုခုကို ဟပ်သကဲ့သို့ ပါးရိုးကိုလှုပ်ပေးတတ်၏။ အဖျားကျသွားတတ်သည်။ ဝမ်းချုပ်ခြင်း၊ ဆီးနည်းခြင်း ဖြစ်တတ်၏။ ဖော်ပြသည့်အတိုင်း လူနာသည် ၂ ရက် သို့မဟုတ် ၃ ရက်မျှ ဝေဒနာကိုခံစားပြီးနောက် သေဆုံးသွားတတ်၏။

.

◾️ခွေးရူးပြန်ရောဂါကာကွယ်ခြင်း

ခွေးရူးပြန်ရောဂါကို ကမ္ဘာ့နိုင်ငံအသီးသီးတွင် ကာကွယ်ထိန်းချုပ်ရန် ကြိုးစားလျက်ရှိသည်။

အရှေ့တောင်အာရှတွင် ခွေးရူးရောဂါ ထိန်းချုပ်ရေးနှင့်ပတ်သက်၍ အမျိုးသားအဆင့် ခွေးရူးရောဂါကာကွယ်ရေးနှင့် ထိန်းချုပ်ရေးစီမံကိန်းများကို မလေးရှားနိုင်ငံ၊ စင်္ကာပူနိုင်ငံ၊ ဖိလစ်ပိုင်နိုင်ငံနှင့် ထိုင်းနိုင်ငံတို့တွင် ရေးဆွဲအကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိသည်။ နှစ်စဉ် စက်တင်ဘာလ (၂၈) ရက်ကို ကမ္ဘာ့ခွေးရူးပြန်ရောဂါနေ့ (World Rabies Day) အဖြစ် သတ်မှတ်ထားသည်။ ၂၀၂၃ ပြည့်နှစ်၏ ဆောင်ပုဒ်မှာ “ခွေးရူးရောဂါအဆုံးသတ်ရေး ကာကွယ်ဆေးထိုးကာ ပူးပေါင်းပေး” (End Rabies: Collaborate,Vaccinate) ဖြစ်သည်။

၂၀၁၉ နှစ်က မွေးမြူရေးနှင့် ကုသရေးဦးစီးဌာန၏ တွက်ချက်မှုအရ မြန်မာနိုင်ငံတစ်ဝန်း ခွေးအကောင်ရေ (၃.၈) သန်းရှိကာ (၇၀) ရာခိုင်နှုန်းသည် ခွေးလေခွေးလွင့်များ ဖြစ်သည်။ ထို့ပြင် ၂၀၁၆ ခုနှစ်က ရန်ကုန်မြို့တွင်ပြုလုပ်သော စစ်တမ်းတစ်ခုအရ ခွေးနှစ်ကောင်လျှင် တစ်ကောင်သည် ခွေးရူးရောဂါရှိနိုင်သည်ဟု သိရသည်။

ခွေးရူးပြန်ရောဂါကာကွယ်ရန်မှာ ခွေးကိုက်မခံရအောင်နေထိုင်နိုင်လျှင် အကောင်းဆုံးဖြစ်သော်လည်း မဖြစ်နိုင်ပေ။ ထို့ကြောင့် အိမ်မွေးတိရစ္ဆာန်များအား ကြိုတင်ကာကွယ်ဆေးထိုးထားရန်လိုသည်။ ခွေးလေခွေးလွင့်များအားလည်း ကာကွယ်ဆေးထိုးရန်နှင့် ထိန်းချုပ်ရေးအား စီမံချက်အနေဖြင့် လုပ်သင့်သည်။

ခွေးရူးပြန်ရောဂါကာကွယ်ဆေးကိုလည်း တိရစ္ဆာန်များနှင့် ထိတွေ့မှုများသောသူများဖြစ်သော တိရစ္ဆာန်ကျန်းမာရေးစောင့်ရှောက်သူများ၊ တောရိုင်းတိရစ္ဆာန် စောင့်ရှောက်ပေးနေသူများ၊ ဓာတ်ခွဲဝန်ထမ်းများ၊ မွေးမြူရေးဌာနတွင် အလုပ်လုပ်သူများ၊ လမ်းပေါ်တွင် လှုပ်ရှားသွားလာနေသူများ၊ အိမ်တွင် ခွေး၊ ကြောင်မွေးထားသူများ၊ ခွေးရူးပြန်ရောဂါဝေဒနာရှင်များအား စောင့်ရှောက်ပေးနေသူများအား ထိုးပေးထားပါသည်။

.

◾️ခွေးကိုက်ခံရပြီးနောက် ကာကွယ်ခြင်း

ခွေးကိုက်ခံရပြီးပါက ခွေးရူး/မရူး စောင့်မကြည့်ဘဲ ခွေးရူးရောဂါကာကွယ်ဆေးကို ချက်ချင်းထိုးသင့်သည်။

ခွေးကိုက်ခံရပြီးပါက ကာကွယ်ဆေးတစ်မျိုးတည်း (Active immunization) သာမက ပဋိပစ္စည်း (Immunoglobulin) ပါဝင်သော ကာကွယ်ဆေးကို ထိုးရမည်ဖြစ်သည်။ ကုန်ကျစရိတ်လည်း အလွန်များသည်။

ခွေးရူးရောဂါကာကွယ်ရေးတွင် ပြည်သူလူထုအသိပညာပေးခြင်း၊ အိမ်မွေးခွေး၊ ကြောင်များအား ကာကွယ်ဆေးထိုးခြင်း၊ ခွေးလေခွေးလွင့် ပေါက်ပွားမှု ထိန်းချုပ်ခြင်းနှင့် ပိုင်ရှင်မဲ့ခွေးလေခွေးလွင့်များအား ကာကွယ်ဆေးထိုးပေးခြင်းတို့သည် အထူးအရေးပါသည်။

.

——————–xxxxxxxx——————–

.

ကာကွယ်ဆေးကို တစ်ချိန်က နိုင်ငံတော်က တာဝန်ယူထိုးပေးသော ချက်ပတ်လည် အရေပြားအောက် ၁၄ လုံးထိုးရသည်။ ဆေးထိုးရမည်ကို ကြောက်ကြသည်။ ခေတ်မီကာကွယ်ဆေးများလည်း ဆေးရုံတွေမှာ ထိုးပေးခဲ့ဖူးကြသည်။ လိုအပ်သည့်သူရော မလိုအပ်သည့်သူများရော ထိုးကြသည်။ လောက်လောက်ငင မဖြစ်ခဲ့။ ခွေးရူးရောဂါ မည်မျှကာကွယ်နိုင်ပြီလဲမသိ။ လူကိုရောဂါမရောက်ခင် ခွေးမှာတင် ဇာတ်သိမ်းကောင်းအောင် ဆောင်ရွက်သင့်သည်ဟုထင်သည်။ တိရစ္ဆာန် ကာကွယ်စောင့်ရှောက်သူများ၊ တိချစ်သူများနှင့် ညှိနှိုင်းဆောင်ရွက်သင့်သည်။

မြန်မာနိုင်ငံတွင်လည်း ခွေးရူးကဲ့သို့သော ငရူးတစ်ကောင်လွတ်နေသည်။ ညာသံပေး၍ လိုက်လံနှိမ်နှင်းသူများရှိသလို ပလ္လင်ပေါ်တင် ကိုးကွယ်ချင်သူများလည်းရှိသည်။ အရူးကူးစက်ခံရသူများကလည်း ဆက်ရူးနေ​ကြသေးသည်။ ဒဏ်ရာအနာတရ ရသူများလည်း ခံစားနေကြသေးသည်။ မဖြစ်ခင် ကာကွယ်၍ရသော်လည်း အချိန်မီ မတားဆီးနိုင်ခဲ့ကြပေမယ့် အကိုက်ခံရပြီး အချိန်မီပါက ရောဂါတန့်နိုင်သေးသည်။ ခွေးရူးမှန်းမသိလို့ ပေါ့ဆခဲ့မှုတွေ၊ ခွေးရူးမှန်းသိသိကြီးနဲ့ ဆေးမြီတိုနှင့် ကုသသူတွေဟာ ခွေးရူးပြန်ပြီဆိုတာသိချိန်မှာ အချိန်မီနိုင်မည်မဟုတ်ချေ။ သိသူများက ဘယ်လောက်ပြောပြော အရူးဘုံမြှောက် လုပ်နေသူများ ရှိနေသေးသည်။ ဘယ်လိုအပြတ်ရှင်းကြမလဲ ဉာဏ်ရှိသူ ဦးနှောက်ရှိသူတိုင်း သိနေကြပြီ။ ပင်မရောဂါဖြန့်သူကို နှိမ်နှင်းနိုင်မှ၊ အမြစ်ကို လှန်နိုင်မှသာ အပြီးတိုင်အနိုင်ယူနိုင်မည် ဖြစ်ပါသည်…..။

.

ထူးသထက်ထူးတဲ့…

ပြည်သူ့ကျန်းမာရေးဆရာဝန်တစ်ဦး

တယ်လီကျန်းမာ အခမဲ့အွန်လိုင်းဆေးခန်း

ကျန်းမာရေးဝန်ကြီးဌာန

အမျိုးသားညီညွတ်ရေးအစိုးရ

Published on: May 10, 2024

Last updated: May 12, 2024