ရှားပါးသော်ငြား မေ့မထားသင့်တဲ့ တံတွေးဂလင်းအကျိတ်ရောဂါ (Salivary gland tumour)
တံတွေးဂလင်းဆိုတာကို ရှေးဦးစွာ ရှင်းပြပါရစေ…
တံတွေးဂလင်း (salivary gland)ဆိုတာ အာခေါင်ခံတွင်းအတွင်း တံတွေးထုတ်ပေးတဲ့ အရည်အိတ်လေးတွေပါ။ အစာစားရာမှာ အထောက်အကူဖြစ်သလို မိမိတို့ပါးစပ်ကို ခြောက်သွေ့မနေစေဖို့နဲ့ သွားတွေ ကျန်းမာဖို့အတွက်လည်း အထောက်အကူဖြစ်စေပါတယ်။
တံတွေးဂလင်းတွေ အများကြီးရှိတဲ့ထဲက အရေးကြီးတဲ့ တံတွေးဂလင်းကတော့ (၃)ခုလောက်ရှိပါတယ်။ အဲတာတွေကတော့ ပါးကျိတ်တံတွေးဂလင်း(Parotid gland)၊ လျှာအောက်က တံတွေးဂလင်း (Sublingual gland) နဲ့ မေးရိုးအောက်က တံတွေးဂလင်း (Submandibular gland) တို့ပဲ ဖြစ်ပါတယ်။ ကျန်တဲ့အသေးလေးတွေလည်း ပါးစောင်၊ ပါးစပ်၊ လည်ချောင်းထဲမှာ အများကြီးရှိပါသေးတယ်။
ဒါဆို တံတွေးဂလင်းအကျိတ်ဆိုတာ …
တံတွေးဂလင်းအကျိတ်ဆိုတာ အဆိုပါ တံတွေးဂလင်းတွေမှာအကျိတ်ဖြစ်တာကို ဆိုလိုပါတယ်။ ရှားပါတယ်။ အဖြစ်အများဆုံးနေရာက ပါးကျိတ်တံတွေးဂလင်းပါ။
အများစုကလည်း ရိုးရိုးအကျိတ်ပါ။ ပိုး၀င်လို့၊ ကျောက်နဲ့ပိတ်လို့ ကြီးတာလည်း ဖြစ်နိုင်ပါတယ်။ ကင်ဆာကျိတ် မဟုတ်ပါဘူး။ မျက်နှာနဲ့ လည်ပင်းမှာ ဖြစ်နိုင်တဲ့ ကင်ဆာတွေရဲ့ ၁% ကသာလျှင် တံတွေးဂလင်း ကင်ဆာဖြစ်ပါတယ်။
ခံစားရတတ်တဲ့ လက္ခဏာတွေကတော့
– မေးရိုး၊ လည်ပင်းနဲ့ပါးစပ်နားမှာ အလုံးအကျိတ်စမ်းမိတတ်တယ်
– မျက်နှာအစိတ်အပိုင်းတချို့ ထုံတတ်တယ်
– မျက်နှာတစ်ခြမ်း ကြွက်သားအားနည်းသွားတတ်တယ်
– အကျိတ်နေရာက နာတတ်တယ်
– အစာမျိုရခက်တတ်တယ်
– ပါးစပ် ကျယ်ကျယ် ဟရခက်တတ်တယ်။
( နဂို ရှိပြီးသားအကျိတ် ရုတ်တရက်ကြီးလာရင်တော့ ဂရုစိုက်ပါ )
ဖြစ်စေတဲ့အကြောင်းရင်းတွေကသေချာတိတိပပ မရှိပေးမယ့်
– အသက်ကြီးရင် (၅၅ နှစ်နှင့်အထက်)
– ဆေးလိပ် သို့ အရက် မကြာခဏသောက်ရင်
– ဦးခေါင်းနဲ့ လည်ပင်းကို ဓါတ်ကင်ဖူးရင်
– ရာဘာလုပ်ငန်း၊ မီးခံကျောက်ဂွမ်းလုပ်ငန်း၊ ရေပိုက်လိုင်းလုပ်ငန်း လုပ်ကိုင်တဲ့သူတွေမှာလည်း လုပ်ငန်းခွင် အန္တရာယ်အနေနဲ့ ဖြစ်တတ်ပါတယ်
ဒါဆိုကာကွယ်ဖို့က
ဆေးလိပ်၊အရက်ရှောင်ကြဉ်ရပါမယ်။
ဆရာ၀န်နဲ့သွားဆွေးနွေးဖို့က အပေါ်မှာပြောထားတဲ့ လက္ခဏာတွေပြရင် ဆွေးနွေးသင့်ပါတယ်။
ဖြစ်ခဲ့ရင်
ဖြစ်ခဲ့ရင်တော့ ခွဲထုတ်ရမှာပါ။ အသားစအဖြေက ကင်ဆာဆိုရင်တော့ ထပ်ပြီး အခြားသော ကုသမှုတွေခံယူဖို့လိုနိုင်ပါတယ်။
Reference
https://www.mayoclinic.org/…/symptoms-causes/syc-20354151
https://my.clevelandclinic.org/…/17965-salivary-gland…
NUG, MOH တယ်လီကျန်းမာ ၊ လူတိုင်းအတွက်ပါ
တယ်လီကျန်းမာတွင် ဆရာဝန်များနှင့် အွန်လိုင်းမှ အခမဲ့တိုင်ပင်ဆွေးနွေးနိုင်ပါသည်
*** ပိတ်ရက်မရှိပါ ***
ကြိုတင်ဘိုကင်ယူရန်အတွက်( https://m.me/telehealthmm )ကို နှိပ်ပါ
( နေ့စဥ် မနက် ၈နာရီမှ ည၁၀နာရီအထိ )
ကျန်းမာရေးဝန်ကြီးဌာန၊
အမျိုးသားညီညွတ်ရေးအစိုးရ

Published on: 5 October 2022
Last Updated: 5 October 2022