Schistosomiasis (ရေချိုခရုမှတစ်ဆင့်ကူးစက်တတ်သော သံပြားကောင်ရောဂါ ) (September, 2022)

ရေချိုခရုမှတစ်ဆင့်ကူးစက်တတ်သော သံပြားကောင်ရောဂါ (Schistosomiasis or snail fever or bilharzia or Katayama fever)

ရေချိုခရုမှတစ်ဆင့်ကူးစက်တတ်သော သံပြားကောင်ရောဂါသည် Schistosoma မျိုးစိတ် သံပြားကောင် ကူးစက်ခြင်းကြောင့် ဖြစ်ပွားသောရောဂါတစ်မျိုးဖြစ်ပါသည်။

အထူးသဖြင့် မိုးရာသီကာလအတွင်း လယ်ယာစိုက်ပျိုးမှုများသော ဒေသများ၊ ရေချိုကန်များ၊ စမ်းချောင်းများ၊ ရေလှောင်ကန်များ၊ ရေလှောင်တမံများနှင့် ဆည်ရေတမံများရှိသော ဒေသများတွင် ပိုမိုဖြစ်ပွားတတ်ပါသည်။

🪱 ရောဂါကူးစက်ပြန့်ပွားပုံ

ရောဂါရှိသူ၏ မစင်နှင့်အတူ Schistosoma ကပ်ပါးဥများသည် မြေပြင်နှင့် ရေထဲသို့ ရောက်ရှိသွားပြီး ရေချိုခရု၏ ခန္ဓာကိုယ်အတွင်း၌ သားလောင်းများအဖြစ် ပြောင်းလဲသွားပါသည်။ ထိုသားလောင်းများသည် ပြင်ပရှိ ရေထဲသို့ ရောက်ရှိသွားပြီး အကာအကွယ်မရှိဘဲ ရေထဲတွင် အလုပ်လုပ်နေသော လူ၏ အရေပြား (ဥပမာ – ခြေထောက်အရေပြား) မှတစ်ဆင့် လူ့ခန္ဓာကိုယ်အတွင်း ထိုးဖောက်ဝင်ရောက်တတ်ပါသည်။

🪱 ရောဂါလက္ခဏာများ

🤒 အရေပြား ယားယံခြင်း
🤒 ဗိုက်အောင့်ခြင်း
🤒 ဝမ်းပျက်ဝမ်းလျှောခြင်း
🤒 ကြွက်သား နာကျင်ကိုက်ခဲခြင်း
🤒 ဖျားနာခြင်း
🤒 ဆီးတွင် သွေးပါခြင်း
🤒 ဆီးအိမ်ရောင်ခြင်း
🤒 ရေဖျဉ်းစွဲခြင်း
🤒 သွေးအန်ခြင်းနှင့်
🤒 ဆီးအိမ်ကင်ဆာ ဖြစ်ပွားခြင်း

🪱 ရောဂါကာကွယ်ရေးနည်းလမ်းများ

✅ ယင်လုံအိမ်သာ အသုံးပြုပါ။
✅ ပတ်ဝန်းကျင်သန့်ရှင်းရေးကို ဂရုပြုဆောင်ရွက်ပါ။
✅ မသန့်ရှင်းသော ရေနှင့် ထိတွေ့မှုကို ရှောင်ကြဉ်ပါ။
✅ စမ်းချောင်း၊ မြစ်ချောင်း၊ အင်းအိုင်များမှ ရေကို သောက်သုံးရမည်ဆိုပါက ကျိုချက်ပြီးမှ သောက်သုံးပါ။
✅ ရောဂါဖြစ်ပွားမှုများသော ဒေသများ၌ လယ်ကွင်းများနှင့် ရေအိုင်များအတွင်းသို့ ဆင်းခြင်းနှင့် ရေကူးခြင်းတို့ကို တတ်နိုင်သမျှ ရှောင်ကြဉ်ပါ။
✅ လယ်ယာစိုက်ပျိုးရေးလုပ်ငန်းများ ဆောင်ရွက်စဉ် အကာအကွယ်ဖြင့် ဆောင်ရွက်ပါ (ဥပမာ – လယ်ယာလုပ်ငန်းသုံး လည်ရှည်ဖိနပ်ဝတ်ခြင်း)

ကျန်းမာရေးဝန်ကြီးဌာန၊

အမျိုးသားညီညွတ်ရေးအစိုးရ

ထုတ်ဝေသည့်နေ့စွဲ -- ၂၁ စက်တင်ဘာ ၂၀၂၂
နောက်ဆုံးမွမ်းမံသည့်နေ့စွဲ --- ၂၁ စက်တင်ဘာ ၂၀၂၂