ရာသီတုပ်ကွေးရောဂါ (Seasonal Influenza) (မေလ၊ ၂၀၂၂ ခုနှစ်)
ရာသီတုပ်ကွေးရောဂါ (Seasonal Influenza) သည် နှာခေါင်း၊ လည်ချောင်းနှင့် အဆုတ်တို့ကို ကူးစက်စေတတ်သော တုပ်ကွေးရောဂါဗိုင်းရပ်စ်ပိုးများ (Influenza viruses) ကြောင့် ဖြစ်ပွားသော အသက်ရှူလမ်းကြောင်းဆိုင်ရာ လတ်တလော ကူးစက်ရောဂါ ဖြစ်ပါသည်။ A၊ B၊ C နှင့် D ဟူ၍ ရာသီတုပ်ကွေးရောဂါ ဗိုင်းရပ်စ်ပိုးအမျိုးအစား (၄) မျိုးရှိသည့်အနက် လူတို့တွင် ကူးစက်ပြန့်ပွားလေ့ရှိသော ဗိုင်းရပ်စ်ပိုးအမျိုးအစား A နှင့် B တို့သည် ရာသီတုပ်ကွေးရောဂါ ကပ်အသွင်ဖြစ်ပွားမှုများ၏ တရားခံလည်းဖြစ်ပါသည်။
🦠 ရောဂါလက္ခဏာများ
🤒 ဖျားခြင်း၊ ချမ်းတုန်ခြင်း
🤒 ချောင်းဆိုးခြင်း
🤒 လည်ချောင်းနာခြင်း
🤒 နှာရည်ယိုခြင်း၊ နှာချေခြင်း
🤒 ကိုယ်၊ လက် ကိုက်ခဲခြင်း
🤒 ခေါင်းကိုက်ခြင်း
🤒 မောပန်းနွမ်းနယ်ခြင်းနှင့်
🤒 ကလေးငယ်များတွင် အန်ခြင်း၊ ဝမ်းပျက်ဝမ်းလျှောခြင်းတို့ ဖြစ်နိုင်ပါသည်။
ရောဂါကူးစက်ခံရသူအများစုသည် ရက်အနည်းငယ်မှ (၂) ပတ်အတွင်း သက်သာကောင်းမွန်လာနိုင်ပါသည်။ သို့သော်လည်း အချို့သူများတွင် အဆုတ်ရောင်ခြင်းကဲ့သို့ နောက်ဆက်တွဲကျန်းမာရေးပြဿနာများ ခံစားရနိုင်ပြီး အသက်ဆုံးရှုံးသည်အထိ ဖြစ်ပွားနိုင်ပါသည်။
အထူးသဖြင့် အသက် (၆၅) နှစ်အထက်ရှိသူများ၊ အသက်အရွယ်မရွေး နာတာရှည်ရောဂါအခံရှိသူများ (ပန်းနာရင်ကျပ်၊ ဆီးချိုသွေးချို၊ နှလုံးရောဂါ)၊ ကိုယ်ဝန်ဆောင်မိခင်များ၊ ခုခံအားကျဆင်းနေသူများနှင့် အသက် (၅) နှစ်အောက် ကလေးငယ်များတွင် ကူးစက်ဖြစ်ပွားပါက နောက်ဆက်တွဲကျန်းမာရေးပြဿနာများကို ပြင်းထန်စွာ ခံစားရနိုင်ပါသည်။
🦠 ရောဂါကူးစက်နိုင်သည့် နည်းလမ်းများ
ရာသီတုပ်ကွေးရောဂါသည် ရောဂါကူးစက်ခံထားရသူတစ်ဦး နှာချေ၊ ချောင်းဆိုး၊ စကားပြောရာမှ ထွက်လာသော ရောဂါပိုးပါသည့် အစက်အမှုန်များကို ရှူသွင်းမိရာမှသော်လည်းကောင်း၊ ရောဂါပိုးပါသည့် အစက်အမှုန်များ ကပ်တင်ကျန်ရှိနေသော အရာဝတ္ထုမျက်နှာပြင်များနှင့် အသုံးအဆောင်ပစ္စည်းများကို ကိုင်တွယ်ထိတွေ့မိပြီး မိမိ၏ ပါးစပ်၊ နှာခေါင်းနှင့် မျက်စိတို့ကို ပြန်လည်ထိတွေ့မိခြင်းမှသော်လည်းကောင်း ကူးစက်နိုင်ပါသည်။
🦠 ရောဂါကူးစက်ပြန့်ပွားခြင်းမှ ကာကွယ်နိုင်သည့် နည်းလမ်းများ
➡️ နှစ်စဉ် ရာသီတုပ်ကွေးကာကွယ်ဆေး ထိုးနှံပါ။
➡️ ဖျားနာနေသူများနှင့် နီးကပ်စွာနေထိုင်ထိတွေ့ခြင်းမှ ရှောင်ကြဉ်ပါ။
➡️ သင် ဖျားနာနေပါကလည်း အခြားသူများနှင့် နီးကပ်စွာနေထိုင်ထိတွေ့ခြင်းမှ ရှောင်ကြဉ်ပါ။ ကျန်းမာရေးစောင့်ရှောက်မှုခံယူရန် သို့မဟုတ် မဖြစ်မနေကိစ္စအတွက် အပြင်ထွက်ရသည်ကလွဲ၍ အဖျားပျောက်ကင်းပြီး အနည်းဆုံး (၂၄) နာရီကြာသည်အထိ မိမိအိမ်မှာသာ နေထိုင်ပါ။ မဖြစ်မနေ အပြင်ထွက်ရပါက နှာခေါင်းစည်း (Mask) တပ်ပါ။
➡️ နှာချေ၊ ချောင်းဆိုးတိုင်း ပါးစပ်နှင့် နှာခေါင်းကို တစ်သျှူး (သို့မဟုတ်) တံတောင်ဆစ်ကွေးဖြင့် လုံခြုံစွာ ဖုံးအုပ်ပါ (တစ်သျှူးအသုံးပြုပါက အဖုံးပါသော အမှိုက်ပုံးအတွင်းသို့ စနစ်တကျ စွန့်ပစ်ပါ)။
➡️ လက်ကို ရေ၊ ဆပ်ပြာတို့ဖြင့် မကြာခဏ ဆေးကြောပါ (ရေနှင့်ဆပ်ပြာ မရရှိနိုင်ပါက အယ်လ်ကိုဟောပါဝင်သော လက်သန့်စင်ဆေးရည်ကို အသုံးပြုပါ)။
➡️ မျက်စိ၊ နှာခေါင်းနှင့် ပါးစပ်တို့ကို လက်ဖြင့် ကိုင်တွယ်ထိတွေ့ခြင်း မပြုလုပ်ရ။
➡️ ရောဂါပိုးပါသည့် အစက်အမှုန်များ ကပ်တင်ကျန်ရှိတတ်သော အရာဝတ္ထုမျက်နှာပြင်များနှင့် အသုံးအဆောင်ပစ္စည်းများကို ပိုးသတ်သန့်စင်ပါ။
➡️ ကောင်းစွာ အိပ်စက်အနားယူပါ။
➡️ အာဟာရပြည့်ဝသည့် အစားအစာများကို စားသုံးပါ။
➡️ လေဝင်လေထွက်ကောင်းသော နေရာများတွင် နေထိုင်ပါ။ နေအိမ် ပြတင်းပေါက်များကို ဖွင့်ထားပါ။
➡️ လူထူထပ်သောနေရာများနှင့် ပွဲလမ်းသဘင်များကို သွားရောက်ခြင်းမှ ရှောင်ကြဉ်ပါ။
📖 ကိုးကား
1) https://who.int/news-room/fact-sheets/detail/influenza-(seasonal)
2) https://cdc.gov/flu/about/index.html
COVID-19 ရောဂါနှင့် ရာသီတုပ်ကွေးရောဂါအကြား တူညီကွဲလွဲမှုများ
https://moh.nugmyanmar.org/my/covid-19-and-seasonal-influenza/
တယ်လီကျန်းမာ အခမဲ့အွန်လိုင်းဆေးခန်း (နေ့စဉ် နံနက် ၈ နာရီမှ ညနေ ၆ နာရီအထိ)
https://facebook.com/telehealthmm
ဝန်ကြီးဌာနသို့ လှူဒါန်းရန်-
https://moh.nugmyanmar.org/donate/
ကျန်းမာရေးဝန်ကြီးဌာန၊
အမျိုးသားညီညွတ်ရေးအစိုးရ

ထုတ်ဝေသည့်နေ့စွဲ -- ၄ မေ ၂၀၂၂
နောက်ဆုံးမွမ်းမံသည့်နေ့စွဲ --- ၄ မေ ၂၀၂၂