မြန်မာပြည်က ပြည်သူ့ကျန်းမာရေးဝန်ထမ်းတွေဟာ မိမိတို့ တာဝန်ကို ရတဲ့နေရာမှာ ရတဲ့နည်းနဲ့ ကျေပွန်စွာ ထမ်းဆောင်နေကြရင်း တော်လှန်ရေးကာလ တစ်လျှောက်လုံးမှာ အာဏာသိမ်းစစ်ကောင်စီရဲ့ အကြမ်းဖက်သတ်ဖြတ်မှု၊ ဖမ်းဆီးအကျဉ်းချမှုနဲ့ ညှဉ်းပန်းနှိပ်စက်မှုတွေကို ရင်ဆိုင်နေရပါတယ်။
ဇွန်လနောက်ပိုင်း COVID-19 ကပ်ရောဂါ ဆိုးရွားလာချိန်မှာလည်း ကျန်းမာရေးဝန်ထမ်းတွေဟာ ကူကယ်ရာမဲ့နေတဲ့ မြန်မာပြည်သူလူထုအတွက် ပရဟိတဆေးကုသခြင်းလုပ်ငန်းတွေကို မြေပြင်မှာရော၊ အွန်လိုင်းမှာပါ ကိုယ်ထူကိုယ်ထစနစ်နဲ့ အချိန်ပြည့် စောင့်ရှောက်ကုသပေးနေပါတယ်။
COVID-19 တတိယလှိုင်းကာလအတွင်းမှာပဲ COVID-19 ကပ်ရောဂါကို လက်နက်သဖွယ်အသုံးချပြီး နိုင်ငံရေးအမြတ်ထုတ်နေတဲ့ အကြမ်းဖက်စစ်ကောင်စီဟာ ပရဟိတ ကျန်းမာရေးဝန်ထမ်းတွေကို အကွက်ချလိုက်လံဖမ်းဆီးနေတာ၊ လူသားမဆန်စွာ ရက်စက်ယုတ်မာနေတာတွေကို ဆက်တိုက်လုပ်ဆောင်လာနေပါတယ်။ ပိုပြီးဆိုးတာက COVID-19 ပထမလှိုင်းနဲ့ ဒုတိယလှိုင်းကာလတွေမှာ ရှေ့တန်းကနေ အထူးကြိုးပမ်းဆောင်ရွက်ခဲ့တဲ့ ကျန်းမာရေးဝန်ထမ်းတွေကို ဖမ်းဆီးထားရုံသာမက အကျဉ်းထောင်ထဲမှာ COVID-19 ရောဂါပိုး ကူးစက်စေပြီး အနုနည်းနဲ့ သတ်ဖြတ်ဖို့ ကြံစည်လာတာပဲ ဖြစ်ပါတယ်။
ဒါကြောင့်မို့ အကြမ်းဖက်စစ်ကောင်စီရဲ့ မတရားဖမ်းဆီးခြင်းခံထားရတဲ့ ကျန်းမာရေးဝန်ထမ်းတွေနဲ့ ပြည်သူတွေကို ခြွင်းချက်မရှိ ပြန်လွှတ်ပေးဖို့၊ ပြည်သူများကို လွတ်လပ်စွာ အသက်ရှူခွင့်၊ လွတ်လပ်စွာဆေးကုသခွင့် ပေးဖို့နဲ့ ကျန်းမာရေးဝန်ထမ်းတွေအပေါ် မတရားဖိနှိပ်ဖမ်းဆီးနေခြင်းကို ချက်ခြင်းရပ်တန့်ဖို့ မြန်မာပြည်သူလူထုနှင့်တကွ အားလုံးက အတူတကွ ဝိုင်းဝန်းတောင်းဆိုကြပါစို့။
Poster download လုပ်ရန် link https://www.mediafire.com/folder/3vgsnrpbzowzj/StopArrest
ကျန်းမာရေးဝန်ကြီးဌာန၊
အမျိုးသားညီညွတ်ရေးအစိုးရ
ထုတ်ဝေသည့်နေ့စွဲ -- ၂၉ ဂျုလိုင် ၂၀၂၁
နောက်ဆုံးမွမ်းမံသည့်နေ့စွဲ --- ၂၉ ဂျုလိုင်၂၀၂၁