“Stress Incontinence” (September 2023)

တစ်ခါတလေ အားရပါးရ ရယ်လိုက်တဲ့အချိန်တွေမှာ ဆီးမထိန်းနိုင်ဘဲ ထွက်ကျဖူးတာမျိုး ဖြစ်ဖူးကြလား။ ဒါကိုတော့ stress incontinence လို့ ခေါ်ပါတယ်။

Stress incontinence က ဘယ်အချိန်တွေမှာ ဖြစ်တတ်သလဲဆိုရင် ကိုယ်လက်လှုပ်ရှားမှုတစ်ခုခု လုပ်တဲ့အခါ (ဥပမာ – ချောင်းဆိုးတာ၊ ရယ်တာ၊ နှာချေတာ၊ အလေးအပင်မတဲ့အခါမျိုးတွေမှာ) ကိုယ့်ရဲ့ဆီးအိမ်ပေါ်ကို ဖိအားသက်ရောက်သွားတဲ့အတွက်ကြောင့် ဆီးထွက်ကျသွားတာ ဖြစ်ပါတယ်။

ဒီ stress incontinence ကတော့ ဆီးပေါက်ချင်စိတ်ဖြစ်တာနဲ့တပြိုင်နက် ဆီးထွက်ကျတာမျိုး (urge incontinence) နဲ့တော့ မတူပါဘူး။ Urge incontinence မှာတော့ ဆီးအိမ်ကြွက်သားတွေ ညှစ်လိုက်တဲ့အတွက်ကြောင့် သန့်စင်ခန်းထဲ‌‌ရောက်အောင်အထိတောင် အချိန်မမီလိုက်တော့ဘဲ ဆီးထွက်ကျတာမျိုး ဖြစ်ပါတယ်။

Stress incontinence ကတော့ အမျိုးသမီးတွေမှာ ပိုအဖြစ်များတတ်ပါတယ်။

..

..

◽Stress incontinence ဖြစ်တဲ့သူတွေအနေနဲ့

– ချောင်းဆိုးတဲ့အခါ၊ နှာချေတဲ့အခါ

– အားရပါးရ ရယ်တဲ့အခါ

– ခန္ဓာကိုယ်ကို ငုံ့ကိုင်းလိုက်တဲ့အခါ

– အလေးအပင် မတဲ့အခါ

– အားကစားလုပ်တဲ့အခါ

– လိင်ဆက်ဆံမှု ပြုတဲ့အခါမျိုးတွေမှာ ဆီးထွက်ကျတတ်ပါတယ်။

ဒီလိုအချိန်တွေတိုင်းမှာ အမြဲထွက်ကျနေတာမျိုးတော့ မဖြစ်တတ်ပေမယ့် ကိုယ့်ရဲ့ဆီးအိမ်ထဲမှာလည်း ဆီးတွေ ပြည့်နေတဲ့အချိန်မှာဆိုရင်တော့ ပိုဖြစ်တတ်ပါတယ်။

..

..

◽ဘာကြောင့် Stress incontinence ဖြစ်ရသလဲ

တင်ပါးဆုံကွင်း ကြွက်သားတွေနဲ့ ဆီးပေါက်တာကို ထိန်းချုပ်ပေးနိုင်တဲ့ ဆီးထိန်းကြွက်သားတွေ အားနည်းတဲ့အတွက်ကြောင့် stress incontinence ဖြစ်ရတာပါ။

ပုံမှန်ဆိုရင် ဆီးအိမ်ထဲမှာ ဆီးတွေပြည့်လာတဲ့အချိန်ဆိုရင် ဆီးအိမ်က ဖောင်းတင်းလာပါတယ်။ အဲဒီလိုအချိန်မှာ ဆီးမထွက်ကျသွားအောင်လို့ ကြွက်သားတွေက ထိန်းပေးထားတာ ဖြစ်ပါတယ်။

ဒါပေမယ့် အဲဒီကြွက်သားတွေ အားနည်းနေတဲ့အခါမှာတော့ ချောင်းဆိုး၊ နှာချေတဲ့အချိန်တွေမှာ ဆီးအိမ်ပေါ်ကို ဖိအားသက်ရောက်သွားတာကြောင့် ဆီးမထိန်းနိုင်ဘဲ ထွက်ကျတာ ဖြစ်ပါတယ်။

..

..

◽ဘယ်လိုအချက်တွေကြောင့် တင်ပါးဆုံကွင်း ကြွက်သားတွေ အားနည်းတတ်လဲ

အမျိုးသမီးတွေမှာ ကလေးမွေးဖွားတဲ့အခါ တစ်သျူးတွေ၊ အာရုံကြောတွေ ထိခိုက်တာကြောင့် ကြွက်သားတွေ အားနည်းတတ်ပါတယ်။ ဒါကြောင့် ကလေးမွေးဖွားပြီး သိပ်မကြာခင်မှာ ဆီးမထိန်းနိုင်ဘဲ ထွက်ကျတာမျိုး ဖြစ်တတ်ပါတယ်။

အမျိုးသားတွေမှာ ဆီးကျိတ်ရောဂါကြောင့် ဆီးကျိတ်ကို ခွဲစိတ်ဖြတ်ထုတ်ထားတဲ့အခါမျိုးတွေမှာ ဖြစ်တတ်ပါတယ်။

– နာတာရှည်ချောင်းဆိုးရောဂါ ဖြစ်နေတဲ့သူတွေ

– အဝလွန်တဲ့သူတွေ

– ဆေးလိပ်သောက်သူတွေနဲ့

– ပြေးတာ၊ ခုန်တာ အစရှိတဲ့ အားကစားတွေကြောင့် stress incontinence ပိုဆိုးတတ်ပါတယ်။

..

..

◽ဘယ်သူတွေမှာ stress incontinence ဖြစ်ဖို့ အခွင့်ပိုများလဲ

– အသက်အရွယ်ကြီးလာတာနဲ့အမျှ ကြွက်သားတွေ အားနည်းလာတဲ့အတွက်ကြောင့် ဆီးမထိန်းနိုင်ဘဲ ထွက်ကျတာ ဖြစ်တတ်ပါတယ်။

– ခွဲမွေးတာထက် ရိုးရိုးမွေးတဲ့ အမျိုးသမီးတွေမှာလည်း ဖြစ်လေ့ရှိပါတယ်။

– အဝလွန်တဲ့သူတွေ၊ သားအိမ်ခွဲစိတ်ထားတဲ့ အမျိုးသမီးတွေနဲ့ ဆီးကျိတ်ခွဲစိတ်မှု ခံယူထားတဲ့ အမျိုးသားတွေမှာလည်း stress incontinence ဖြစ်နိုင်ဖို့ အခွင့်အရေးများပါတယ်။

ဒီလိုမျိုး ဆီးမကြာခဏ ထွက်ကျတတ်တာကြောင့်…

– ကာယကံရှင်က ရှက်တာကြောင့် နေ့စဥ်လုပ်ငန်းဆောင်တာတွေ လုပ်ရတာ အခက်တွေ့လာတာ၊ လူတွေနဲ့ ပြောဆိုဆက်ဆံဖို့ ရှက်ရွံ့လာတာတွေ ဖြစ်နိုင်ပါတယ်။

– Stress incontinence ရရာကနေ urge incontinence အထိပါ ရောပြီး ဖြစ်တတ်ပါတယ်။

– ဆီးခဏခဏ ထွက်ကျနေတဲ့အတွက်ကြောင့် အရေပြားလောင်တာ၊ အကွက်ထတာတွေ ဖြစ်နိုင်ပါတယ်။

..

..

◽stress incontinence ကို ဘယ်လို ကုသနိုင်လဲ

– တင်ပါးဆုံကွင်းကြွက်သားလေ့ကျင့်ခန်းတွေ ပြုလုပ်ပေးလို့ ရပါတယ်။ ဒီလို လေ့ကျင့်ခန်း ပြုလုပ်ပေးခြင်းကြောင့် အားနည်းနေတဲ့ တင်ပါးဆုံကွင်းကြွက်သားတွေနဲ့ ဆီးထိန်းကြွက်သားတွေကို သန်မာလာစေနိုင်လို့ ဖြစ်ပါတယ်။

– ကော်ဖီ၊ အရက်၊ ကဖင်းပါတဲ့ အရည်တွေ ရှောင်နိုင်ရင် ပိုကောင်းပါတယ်။ ဒီလိုအရည်တွေ များများသောက်သုံးတာကြောင့် ဆီးအိမ်ရဲ့လုပ်ငန်းဆောင်တာတွေကို ထိခိုက်နိုင်တဲ့အတွက်ကြောင့် ဖြစ်ပါတယ်။

– အမျှင်ဓာတ်ပါတဲ့ အစားအစာတွေများများ စားပေးပါ။

– ဆေးလိပ်ဖြတ်ပါ။ လေ့ကျင့်ခန်း ပုံမှန်လုပ်ပြီး ကိုယ်အလေးချိန်ကို ထိန်းထားပါ။ နာတာရှည်ချောင်းဆိုးရောဂါရှိနေရင် ကုသပါ။

– အချိန်သတ်မှတ်ပြီး ဆီးပေါက်တတ်တဲ့ အကျင့် ပြုလုပ်ပေးပါ။ မကြာခဏ ဆီးပေါက်တာကြောင့် ဆီးမထိန်းနိုင်ဘဲ ဆီးထွက်ကျတဲ့ အကြိမ်ရေ တဖြည်းဖြည်း နည်းသွားနိုင်တာကြောင့် ဖြစ်ပါတယ်။

.

‼️ အပေါ်က နည်းလမ်းတွေနဲ့ ကုသမရနိုင်ဘူးဆိုရင်တော့ သောက်ဆေးသောက်တာ၊ ဆီးပြွန် ဆီးလမ်းကြောင်းထဲ ဆီးမထွက်ကျအောင် ထိန်းပေးဖို့ ကိရိယာထည့်တာ အစရှိတဲ့ နည်းလမ်းတွေနဲ့ ကုသလို့ ရပေမယ့် ဆရာဝန်နဲ့တိုင်ပင်ပြသပြီးမှ ဆရာဝန်ညွှန်ကြားချက်အတိုင်း လိုက်နာပေးစေလိုပါတယ်။

📑Reference – https:// www. mayoclinic. org /diseases-conditions/stress-incontinence/symptoms-causes/syc-20355727

https:// www. mayoclinic. org /diseases-conditions/stress-incontinence/diagnosis-treatment/drc-20355732

❤️ NUG, MOH တယ်လီကျန်းမာ ၊ လူတိုင်းအတွက်ပါ ❤️

👉 တယ်လီကျန်းမာတွင် ဆရာဝန်များနှင့် အွန်လိုင်းမှ အခမဲ့တိုင်ပင်ဆွေးနွေးနိုင်ပါသည်

* ပိတ်ရက်မရှိပါ *

ကြိုတင်ဘိုကင်ယူရန်အတွက် တယ်လီကျန်းမာ messenger ကို ဆက်သွယ်ပါ

(နေ့စဥ် မနက် ၈ နာရီမှ ည ၁၀ နာရီအထိ)

#nugmoh#telehealth#telemedicine

#teleconsultation#တယ်လီကျန်းမာ#stress_incontinence

ကျန်းမာရေးဝန်ကြီးဌာန၊
အမျိုးသားညီညွတ်ရေးအစိုးရ

Published on: September 12, 2023
Last updated: September 12, 2023