🥺 ဖေးမကာကွယ်တားဆီးကြရမည့် မိမိကိုယ်မိမိ အဆုံးစီရင်မှုများ 💛
ရခဲလှတဲ့လူ့ဘဝကို အချိန်မတိုင်ခင် လူတွေ အဆုံးစီရင်ပစ်လိုက်ကြတယ်ဆိုတာ ကိုယ့်ဘဝကြီးက မျှော်လင့်စရာ ဘာမှ မရှိတော့ဘူးဆိုတဲ့ ခံစားချက်က လွှမ်းမိုးသွားတာကြောင့်လို့ ပညာရှင်တွေက ပြောပါတယ်။
ဆိုလိုတာက အဲဒီလို ကိုယ့်ဘဝကို အဆုံးစီရင်ပစ်လိုက်ကြတဲ့လူတွေဟာ ကြုံတွေ့ခံစားနေရတဲ့ ပြဿနာအရပ်ရပ်ကို ပြေလည်အောင်ဖြေရှင်းနိုင်ဖို့ ဘာလမ်းစမှ မရှိတော့ဘူးလို့ ခံစားရှုမြင်သွားကြတာဖြစ်ပြီး ဒုက္ခတွေနဲ့ပြည့်နေတဲ့ ဘဝကြီးထဲမှာ ဘာကြောင့်ဆက်ပြီး ရုန်းကန်ရှင်သန်ရမှာလည်းဆိုပြီး တွေးမြင်သွားကြလို့လည်း ဖြစ်ပါတယ်။
နောက်တစ်ချက်အနေနဲ့က ကိုယ်ချစ်ခင်ရတဲ့သူတွေ ကိုယ့်ကြောင့် ဝန်ထုပ်ဝန်ပိုးဖြစ်စေမှာကို စိုးရိမ်တဲ့စိတ်ကြောင့် အဆုံးစီရင်မှုပြုသွားတတ်ကြတာကိုလည်း တွေ့ရပါတယ်။
မိသားစုဝင်တစ်ယောက်ယောက်က သေကြောင်းကြံစည်ခဲ့ဖူးမယ်၊ အရင်က မိမိကိုယ်မိမိ အဆုံးစီရင်ဖို့ ကြိုးစားခဲ့ဖူးမယ်၊ ပြီးတော့အရက်နဲ့ မူးယစ်ဆေးဝါးစွဲလမ်းမှုပြဿနာရှိနေမယ်ဆိုရင် ကိုယ့်ကိုယ်ကို အဆုံးစီရင်မှု ပြုလုပ်နိုင်ခြေများပါတယ်။ အဆုံးစီရင်မှု ပြုလုပ်နိုင်ခြေရှိတဲ့သူတွေဆီမှာ အခြားသတိပြုမိစရာ အပြုအမူများလည်း ရှိတတ်ပါသေးတယ်။
🥺 ကူကယ်ရာမဲ့၊ ထွက်ပေါက်မဲ့နေတဲ့ စိတ်ခံစားချက်တွေအကြောင်း ပြောဆိုနေတတ်တယ်။
🥺 နှုတ်ဆက်စာနဲ့ သေတမ်းစာတွေ ရေးထားတတ်သလို၊ ပိုင်ဆိုင်မှုပစ္စည်းတွေကိုလည်း ခွဲဝေပေးတတ်တယ်။
🥺 အိပ်ချိန်များလွန်း (ဒါမှမဟုတ်) နည်းလွန်း နေတတ်တယ်။
🥺 အစားအစာ အလွန်အကျွံစားတာ (ဒါမှမဟုတ်) လုံးဝမစားတာမျိုး ဖြစ်နေတတ်တယ်။
🥺 တစ်ခဏအတွင်း ပြင်းထန်လွန်ကဲတဲ့ စိတ်အခြေအနေ ပြောင်းလဲမှု ဖြစ်ပေါ်နေတတ်တယ်။
🥺 ချစ်ခင်ရသူတွေကိုပါ ရှောင်ဖယ်ပြီး တစ်ကိုယ်တည်း နေထိုင်နေတတ်တယ်။
သတိပြုစရာက သတိထားမိလောက်တဲ့ ဘယ်လိုအပြုအမူမှ မဖော်ပြလိုက်ပါပဲ မိမိကိုယ်မိမိ အဆုံးစီရင်သွားသူတွေလည်း ရှိတတ်တယ်ဆိုတဲ့အချက် ဖြစ်ပါတယ်။
ဘယ်လို အကြောင်းရင်းခံတွေပဲရှိနေပါစေ စောစောစီးစီးသတိပြုမိပြီး ကာယကံရှင်၊ မိသားစု၊ ပတ်ဝန်းကျင် အားလုံးပါဝင်ဖေးမကြရင် မိမိကိုယ်မိမိ အဆုံးစီရင်မှုတွေကို ကာကွယ်တားဆီးလို့ရနိုင်ပါတယ်။ ထိရောက်တဲ့စိတ်ကုထုံးတွေလည်း အများကြီး ရှိနေပြီ ဖြစ်ပါတယ်။
မိမိကိုယ်မိမိအဆုံးစီရင်ကြတာတွေကို တစ်ဦးချင်းအနေနဲ့ ကာကွယ်တားဆီးဖေးမချင်တယ်ဆိုရင်
👉 မိမိကိုယ်မိမိ အဆုံးစီရင်မှုတွေကို အားနည်းပျော့ညံ့မှုလို့ မမြင်ဖို့ လိုပါတယ်။
👉 မိမိကိုယ်မိမိ အဆုံးစီရင်မှုအကြောင်း မေးမြန်းဆွေးနွေးရာမှာလည်း အဆုံးစီရင်မှုနဲ့ပတ်သက်တဲ့ အတွေးနဲ့ ခံစားချက်တွေကို အပျက်သဘောမှတ်ချက်ပြုမေးမြန်းဆွေးနွေးတာကို သတိထား ရှောင်ကြဉ်ရပါမယ်။
👉 အဆုံးစီရင်မှုဟာ ကြုံတွေ့နေရတဲ့ ဖိအားတွေကနေ လွတ်မြောက်ရာဖြစ်တယ်လို့ အဓိပ္ပာယ်ရတဲ့ ပြောဆိုမှုတွေကို ရှောင်ကြဉ်ရပါမယ်။
အဲဒါမှသာ မိမိကိုယ်မိမိအဆုံးစီရင်ဖို့ တွေးမိတာတွေနဲ့ သူတို့ပိတ်လှောင်ခံစားနေရတာတွေကို ထုတ်ဖော်ပြောဆိုဖြစ်ဖို့ အားပေးနိုင်မှာဖြစ်ပါတယ်။ ပြီးတော့
👉 ဘဝမှာ စိတ်ဖိစီးမှုတွေနဲ့ မွန်းကျပ်နေတဲ့သူတွေကိုတွေ့မြင်ရရင် တတ်နိုင်သမျှ ကူညီဖေးမပေးနိုင်အောင် ကြိုးစားပါ။ စာနာနားလည်ဖေးမသူ ရှိပါလားဆိုတဲ့အသိက မျှော်လင့်ခြင်းရောင်ခြည်ကို လင်းလက်လာစေနိုင်ပါတယ်။
👉 ပြီးရင်တော့ စနစ်တကျ ဖေးမကူညီပေးနိုင်တဲ့ အဖွဲ့အစည်း/လူပုဂ္ဂိုလ်တွေနဲ့ ရှာဖွေချိတ်ဆက်ပေးရပါမယ်။
“အဆုံးစီရင်ဖို့ ကြိုးစားသူတွေဟာ အကူအညီတောင်းခံဖို့၊ ရင်ဖွင့်ပြောဆိုဖို့ ခက်ခဲတတ်ကြတာဟာ၊ ဖိစီးမှုဒဏ်ကြောင့် အရှုံးပေးချင်စိတ်ဝင်တာဟာ ရှက်စရာတစ်ခုလို့ မြင်တတ်၊ ပြောတတ်၊ ဝေဖန်တတ်တဲ့ ပတ်ဝန်းကျင်ကြောင့်ဆိုတာကို လေ့လာတွေ့ရှိရပါတယ်။”
ဒါကြောင့် မိမိကိုယ်မိမိ အဆုံးစီရင်မှုတွေကို ဖေးမကာကွယ်တားဆီးနိုင်ဖို့ ဖေးမတတ်တဲ့ ပတ်ဝန်းကျင်ကောင်းတစ်ခုကို မိမိကနေ အစပြု တည်ဆောက်ရပါမယ်။ မိမိပတ်ဝန်းကျင်မှာ သတိပြုဖွယ် အပြုအမူတွေရှိနေသူကို တွေ့ရှိရတယ်ဆိုရင် အချိန်မဆိုင်းဘဲ မေးမြန်းဆွေးနွေးကာ ကူညီဖေးမကြရပါမယ်။
✅ ကြုံတွေ့နေရတဲ့စိတ်ဖိစီးမှုတွေကို ဘယ်လိုရင်ဆိုင်နေသလဲ မေးရပါမယ်။
✅ ကိုယ့်ကိုယ်ကို နာကျင်အောင် လုပ်ဖို့ တွေးတောနေတာမျိုး ရှိသလား မေးရပါမယ်။
✅ ကိုယ့်ကိုယ်ကို သေတော့မယ်လို့ တွေးနေသလား မေးရပါမယ်။
✅ သူဆီမှာ ကြုံနေရတဲ့အခြေအနေတွေကြောင့် အဆုံးစီရင်ချင်တဲ့စိတ်တွေ ဖြစ်နေသလား မေးရပါမယ်။
✅ ဖြစ်တယ်ဆိုရင် ဘယ်လိုမျိုး အဆုံးစီရင်ဖို့များ တွေးနေသလဲဆိုတာကို ပွင့်ပွင့်လင်းလင်း ထပ်မေးရပါတယ်။
✅ ဒီလို အဆုံးစီရင်မှုကို ပြုလုပ်ချင်လာစေတဲ့ အကြောင်းတွေက ဘာတွေလဲ မေးမြန်းဆွေးနွေး ရပါမယ်။
✅ သူတို့ရဲ့ အပြုအမူတွေနဲ့ ဖိစီးခံစားနေရမှုတွေကို သတိထားမိကြောင်း ပြောပြပေးရပါမယ်။
✅ သူတို့ ရင်ဖွင့်ချင်တဲ့အခါ ဝေဖန်ပြစ်တင်မှုမလုပ်ဘဲ နားထောင်ပေးမဲ့အကြောင်း အသိပေးထားရပါမယ်။
ကာယကံရှင်အယောက်စီတိုင်းဟာလည်း မိမိကိုယ်မိမိ အဆုံးစီရင်ပစ်ဖို့ အတွေးတွေရှိနေပြီဆိုတာနဲ့ အကူအညီအမြန်ဆုံး ရယူရပါမယ်။
အဖက်ဖက်က ခက်ခဲနေတဲ့ကာလနဲ့ အပြောင်းအလဲများလွန်းတဲ့ အချိန်အခါမို့ ကိုယ်အပါအဝင်နဲ့ ကိုယ်ချစ်ခင်ရသူတွေမှာ ကူကယ်ရာမဲ့၊ မျှော်လင့်ချက်မဲ့ ခံစားမှုတွေ ဖြစ်ပေါ်ကြုံတွေ့ ခံစားလာရရင် ကျွမ်းကျင်ပညာရှင်တွေနဲ့ စကားပြောဆိုပြီး အကူအညီရယူပါ။
လိုအပ်နေလို့ အကူအညီတောင်းခံတာဟာ ရှက်ရွံ့သိမ်ငယ်စရာကိစ္စ မဟုတ်ပါဘူး။ 💝
ကိုးကား-
၁) https://www.psychologytoday.com/sg/basics/suicide
၂) https://www.psychologytoday.com/sg/basics/suicide/warning-signs-suicide
၃) https://www.psychologytoday.com/sg/basics/suicide#what-is-suicide-contagion
၄) https://www.psychologytoday.com/sg/basics/suicide/how-talk-about-suicidal-thoughts
၅) https://www.apa.org/monitor/2022/06/continuing-education-intervene-suicide
ကျန်းမာရေးဝန်ကြီးဌာန၊
အမျိုးသားညီညွတ်ရေးအစိုးရ
International Society of Myanmar Scholars and Professionals
စိတ်ကျန်းမာရေးပြဿနာများနှင့် စိတ်ပိုင်းဆိုင်ရာအခက်အခဲများကို အခမဲ့ (အခမဲ့) (အခမဲ့) တိုင်ပင်ဆွေးနွေးနိုင်ရန်-
🎗 တယ်လီကျန်းမာ အခမဲ့ အွန်လိုင်းဆေးခန်း
https://facebook.com/telehealthmm
🎗 တိုင်ပင်ဖော် ဝန်ဆောင်မှု
https://facebook.com/taingpinphaw
🎗 Mind Healers -စိတ်ခွန်အားပေးသူများ
https://facebook.com/MindHealersMM





ထုတ်ဝေသည့်နေ့စွဲ -- ၁၁ စက်တင်ဘာ ၂၀၂၂
နောက်ဆုံးမွမ်းမံသည့်နေ့စွဲ --- ၁၁ စက်တင်ဘာ ၂၀၂၂