NUG MOH တယ်လီကျန်းမာအွန်လိုင်းဆေးခန်းတွင် တယ်လီကျန်းမာ Messenger Bot ထည့်သွင်းခြင်း

NUG MOH တယ်လီကျန်းမာအွန်လိုင်းဆေးခန်းတွင် တယ်လီကျန်းမာ Messenger Bot ထည့်သွင်းခြင်း။

အမျိုးသားညီညွတ်ရေးအစိုးရ (NUG)၊ ကျန်းမာရေးဝန်ကြီးဌာန (MOH) ၏ တယ်လီကျန်းမာအွန်လိုင်းဆေးခန်း တွင် လူနာများအခမဲ့ ကုသမှုခံယူရာ၌ ပိုမိုလွယ်ကူအဆင်ပြေစေရန် တယ်လီကျန်းမာ Messenger Bot ကို ယနေ့ (၂၄-၉-၂၀၂၁) ရက်နေ့မှစတင်၍ အသုံးပြုနိုင်ပြီဖြစ်ပါသည်။

အခမဲ့ကုသမှုခံယူမည့် လူနာများသည် တယ်လီကျန်းမာအွန်လိုင်းဆေးခန်း Facebook Page ၏ Messenger/Chat Box မှတစ်ဆင့်လည်းကောင်း

(https://facebook.com/telehealthmm)

သို့မဟုတ် တယ်လီကျန်းမာ Messenger Bot ၏ တိုက်ရိုက်လိပ်စာ မှတစ်ဆင့်လည်းကောင်း ကုသမှုခံယူနိုင်ပြီဖြစ်ပါသည်။

Messenger Bot >> (m.me/telehealthmm)

အထွေထွေရောဂါလူနာများနှင့် COVID-19 ရောဂါလူနာများသည် တယ်လီကျန်းမာ Messenger Bot မှတစ်ဆင့် နေ့စဉ် ပိတ်ရက်မရှိ၊ နံနက် (၈) နာရီမှ ညနေ (၆) နာရီအတွင်း အခမဲ့ တိုင်ပင်ကုသနိုင်မည်ဖြစ်ပါသည်။


ယခင်ကြော်ငြာထားခဲ့သော တယ်လီကျန်းမာဆေးခန်း အင်တာနက်လိပ်စာများ (Doxy.me, COVID-19 Telegram Channel များ) ကို ပိတ်သိမ်းလိုက်ပြီဖြစ်၍

ဆက်လက်အသုံးမပြုကြပါရန်နှင့် တယ်လီကျန်းမာ Messenger Bot မှတစ်ဆင့်သာ အခမဲ့ကုသမှုခံယူကြပါရန် မေတ္တာရပ်ခံအပ်ပါသည်။

အရေးပေါ်လူနာများ ကုသမှု ခံယူရန် မသင့်လျော်ပါ။

(တယ်လီကျန်းမာ Messenger Bot အသုံးပြုနည်းလမ်းညွှန် ရုပ်သံဗီဒီယိုများ၊ ပို့စ်များကို ဆက်လက်တင်ပြပေးပါမည်)

အထူးကုဆရာဝန်ကြီးများနှင့် ဆက်လက်ပြသရန် လိုအပ်သော လူနာများကိုလည်း အထူးကုရောဂါအမျိုးအစား (၁၄) မျိုးအထိ ဆက်လက်တိုင်ပင်ကုသနိုင်ရန် စီစဉ်ထားပါသည်။

အထူးကုရောဂါအမျိုးအစား (၁၄) မျိုးအတွက် တယ်လီကျန်းမာ အထူးကုဆရာဝန်ကြီးများ ၊ သမားတော်များ ၊ ခွဲစိတ်အထူးကုများ ၊ ကလေးအထူးကုများ ၊ သားဖွားနှင့်မီးယပ်အထူးကုများ ၊ အရိုးအထူးကုများ ၊ ကျောက်ကပ်အထူးကုများ ၊ ဟော်မုန်းရောဂါအထူးကုများ ၊ နှလုံးရောဂါအထူးကုများ ၊ အဆုတ်ရောဂါအထူးကုများ ၊ မျက်စိအထူးကုများ ၊ အကြောအဆစ်အထူးကုများ ၊ ကင်ဆာအထူးကုများ ၊ စိတ်ကျန်းမာရေးအထူးကုများ ၊ နား၊ နာခေါင်း၊ လည်ချောင်းအထူးကုများ (အထက်ပါအထူးကုဆရာဝန်ကြီးများနှင့် ပြသရန်လိုအပ်သော လူနာများအတွက် တယ်လီကျန်းမာ အထွေထွေရောဂါကုဆရာဝန်တစ်ဦးက ကနဦး ဆေးစစ်ကုသမှုပေး၍ လိုအပ်သလို ဆက်လက် လွှဲပို့မည်ဖြစ်ပါသည်)

ယခင်က တယ်လီကျန်းမာ၏ messenger တွင် လာရောက်စကားပြောဖူးသူများအနေဖြင့် Messenger ရှိ စာရိုက်သည့်နေရာ ဘေးအကွက်ထဲမှ Menu ပုံစံ မျဥ်းသုံးကြောင်းပုံလေးအား နှိပ်ပြီးနောက် ပေါ်လာသော "အစမှ ပြန်လည်လုပ်ဆောင်မည်" ခလုတ်ကို နှိပ်ပါ။

ကျန်းမာရေးဝန်ကြီးဌာန၊

အမျိုးသားညီညွတ်ရေးအစိုးရ

ထုတ်ဝေသည့်နေ့စွဲ -- ၂၄ စက်တင်ဘာ ၂၀၂၁
နောက်ဆုံးမွမ်းမံသည့်နေ့စွဲ --- ၂၄ စက်တင်ဘာ ၂၀၂၁